<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:17</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:17</urn><passage>အိန္ဒိယပြည်မှစ ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည် ၊ ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင် ၍ နန်းစံသုံးနှစ်တွင် ၊ ပေရသိဗိုလ် ၊ မေဒိဗိုလ်များ ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ် ၍ ၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ ၏ ။ ထိုအခါနိုင်ငံတော်စည်းစိမ် ၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ ၏ ။ ထိုကာလလွန်ပြီးမှ ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော် ၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ ၏ ။ ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့ ၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့် ၎ င်း ၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့် ၎ င်း ဥယျာဉ်တော်သည် ပြည့်စုံ ၏ ။ ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ ၏ ။ စပျစ်ရည် သောက်ခြင်းအမှုသည် တရား အတိုင်း ဖြစ် ၏ ။ အဘယ်သူကိုမျှ အနိုင်မသောက်စေ ၊ လူအပေါင်းတို့သည် ကိုယ်အလို အလျောက်ပြုကြမည် အကြောင်း ၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ ၏ ။ မိဖုရားဝါရှတိသည်လည်း ၊ ရှင်ဘုရင် အာရွှေရု နန်းတော်သား မိန်းမတို့အဘို့ ပွဲလုပ်လေ ၏ ။ မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့် ၊ ခုနစ်ရက်မြောက်သော နေ့ ၌ ရှင်ဘုရင်သည် စပျစ်ရည် သောက် ၍ ရွှင်လန်းသော စိတ်ရှိသောအခါ ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ ၍ ၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း ၊ မဟုမန် ၊ ဗိဇသ ၊ ဟာဗောန ၊ ဗိဂသ ၊ အဗာဂသ ၊ ဇေသာ ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ ၏ ။ သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို ၊ မိဖုရားသည် ငြင်းဆန် ၍ မလာဘဲနေ ၏ ။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက် ၍ ၊ ဒေါသမီးလောင်လျက် နေတော်မူ ၏ ။ ထိုအခါကာရှေန ၊ ရှေသာ ၊ အာဒမာသ ၊ တာရှိရှ ၊ မေရက် ၊ မာသေန ၊ မမုကန်တည်းဟူသော ရှင်ဘုရင် ၏ မျက်နှာတော်ကို အစဉ်ဖူးမြင် ၍ ၊ နိုင်ငံတော် တွင် အမြတ်ဆုံးသော ပေရသိ ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော် ၌ ထိုင်လျက်ရှိ ၍ ၊ တရားစီရင် ရာလမ်းကို လေ့ကျက်သောသူအပေါင်းတို့နှင့် ရှင်ဘုရင် တိုင်ပင်သော ထုံးစံရှိသည်အတိုင်း ၊ အကျိုးအကြောင်းကို နားလည်သောထိုပညာရှိတို့ကိုခေါ် ၍ ၊ မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့်တော်ကို ၊ မိဖုရားဝါရှတိသည် နားမထောင်သော ကြောင့် ၊ ဓမ္မသတ်အတိုင်းသူ ၌ အဘယ်သို့ စီရင်ရမည် နည်းဟု မေးတော်မူလျှင် ၊ မမုကန်က ၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မဟုတ်ပါ ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ် ၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ ။ ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ် ၍ ၊ မိဖုရားမလာဟု အနှံ့အပြားပြောကြသဖြင့် ၊ မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည် ကြား ၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင်ပြုကြပါလိမ့်မည် ။ မိဖုရားပြုသော ဤအမှုကို ပေရသိ ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင် ၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့် ၊ အားမနာ တတ်သောစိတ် ၊ ဒေါသစိတ် တိုးပွားစရာအကြောင်းရှိပါ လိမ့်မည် ။ ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ ၊ မေဒိဓမ္မသတ် ၌ သွင်း ၍ ရေးစေ တော်မူပါ ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ ၌ ချီးမြှောက်တော်မူပါ ။ သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား ၏ ။ ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက် ၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင် ပြုလျက် ၊ လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း ၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း ၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက် တော်မူ ၏ ။ တဖန်ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေ သောအခါ ၊ ဝါရှိတိကို ၎ င်း ၊ သူပြုသောအမှုနှင့် သူ့တဘက် ၌ စီရင်သော အမှုကို ၎ င်း အောက်မေ့တော်မူ ၏ ။ အထံတော် ၌ ခစားသော ကျွန်တော်တို့ကလည်း ၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဘို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ ။ အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ ။ နှစ်သက်တော်မူသော သမီးကညာကို မိဖုရား ဝါရှတိအရာ ၌ ခန့်ထားတော်မူပါဟု လျှောက်သော စကားကို ရှင်ဘုရင်နှစ်သက် ၍ ထိုသို့ စီရင်တော်မူ ၏ ။ ထိုကာလတွင် ရှုရှန်မြို့တော် ၌ ၊ ဗင်္ယာမိန်အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ ၏ ။ ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ ၍ ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရသောလူစု ၌ ပါသတည်း ။ ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ ၏ ။ ထိုသတို့သမီးသည် မိဘမရှိ ၊ ပုံပြင်ယဉ်ကျေး ၍ အသွေးအဆင်းလည်း လှ ၏ ။ မိဘ သေသောအခါ ၊ မော်ဒကဲသည် ယူ ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း ။ ရှင်ဘုရင် အမိန့်တော်ကိုထုတ် ၍ ကျော်သော အခါ ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ ၍ ၊ မိန်းမစိုး ဟေဂဲ ၌ အပ်ရာတွင် ၊ ဧသတာကိုလည်း နန်း တော်သို့ ခေါ်ဆောင် ၍ ဟေဂဲ ၌ အပ်ကြ ၏ ။ ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့ ၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ်စေသော ဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး ၏ ။ နန်းတော် ၌ ရွေးကောက်သော ကျွန်မခုနစ်ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာနှင့် သူ ၏ ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ ၌ ချီးမြှောက် လေ ၏ ။ ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာ တကာကို မဘော်မပြမည်အကြောင်း ၊ မော်ဒကဲ သတိပေး သည်အတိုင်း မဘော်မပြဘဲ နေ ၏ ။ ဧသတာသည် အဘယ်သို့ရှိသည်ကို ၎ င်း ၊ သူ ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို ၎ င်း ၊ မော်ဒကဲသည် သိခြင်း ငှါ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ ၏ ။ ထိုအပျိုတော်တို့ ထုံးစံအတိုင်း ၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း ၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ ၏ ။ ခြောက်လ ပတ်လုံးမုရန်ဆီ ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး ၍ ၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ ၏ ။ ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ ၊ အလိုရှိသမျှတို့ကို တောင်း ၍ ၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ ၏ ။ ညဦးအချိန် ၌ ဝင် ၍ နံနက်အချိန် ၌ နန်းတော် မိန်းမစိုး ၊ မောင်းမမိဿံအုပ် ၊ ရှာရဂါဇစောင့် ဒုတိယ မိန်းမနန်းသို့ပြန်ရ ၏ ။ ရှင်ဘုရင်ချစ် ၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့မဝင်ရ ။ မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့် ၍ ၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း ၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ ၏ ။ ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံ ခုနစ်နှစ် ၊ တေဗက်အမည်ရှိသော ဒသမလတွင် ၊ ဧသတာကို နန်းတော် ၌ သိမ်းတော်မူပြီးလျှင် ၊ အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ ၍ ၊ အထံတော် ၌ မျက်နှာရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ ၍ ချစ်သော ကြောင့် ၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင် ၍ မိဖုရား ဝါရှတိအရာ ၌ ချီးမြှောက်တော်မူ ၏ ။ ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ ၍ ကြီး သောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့် ၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ ၏ ။ သမီးကညာတို့သည် ဒုတိယအချိန် ၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော် ၌ တံခါးမှူးဖြစ် ၏ ။ ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ ၍ နေစဉ်အခါ ၊ သူ ၏ စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ် ၍ ၊ မော်ဒကဲသတိပေးသည်အတိုင်း ၊ မိမိအမျိုး ၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း ။ ထိုကာလတွင် ၊ မော်ဒကဲသည် နန်းတော် ၌ တံခါးမှူးဖြစ်စဉ် ၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး ၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ ၏ ။ ထိုအမှုကို မော်ဒကဲသိ ၍ မိဖုရားဧသတာအား ဘော်ပြ ၏ ။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ ၏ ။ ထိုအမှုကို စစ်ကြော ၍ အမှန်သိသောအခါ ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲချပြီးမှ ၊ ရှင်ဘုရင်ရှေ့ ၊ နန်းတော်မှတ်စာ ၌ ရေးမှတ်သတည်း ။ ထိုနောက်မှ ရှင်ဘုရင်သည် အာရွှေရုသည် အာဂတ်အမျိုး ၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက် ၍ ၊ အထံတော် ၌ ရှိသော မှူးမတ်အပေါင်းတို့ထက် သာ ၍ မြင့်မြတ်သော နေရာကို ပေးတော်မူ ၏ ။ နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင် ၏ ကျွန်အပေါင်းတို့သည် ၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချရှိခိုးကြ ၏ ။ မော်ဒကဲမူကား ဦးမချ ၊ ရှိမခိုး ။ နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင် ၏ ကျွန်တို့က ၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ် ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း ၊ မော်ဒကဲက ၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန် ပြော ၍ ၊ သူတို့ စကားကို နားမထောင်သောကြောင့် ၊ သူတို့ သည် မော်ဒကဲစကား တည်မည် မတည်မည်ကို သိလို သောငှါ ၊ ဟာမန်အား ကြားပြောကြ ၏ ။ ထိုသို့ မော်ဒကဲသည် ဦးမချ ၊ ရှိမခိုးဘဲ နေ ကြောင်းကို ဟာမန် သိမြင်သောအခါ ၊ အလွန်အမျက် ထွက် ၍ ၊ သူတို့သည် မော်ဒကဲအမျိုးကို ဘော်ပြသော ကြောင့် ၊ မော်ဒကဲတယောက်တည်းကို ကွပ်မျက်လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက် ၊ မော်ဒကဲအမျိုးသားချင်းတည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ရှာကြံလေ ၏ ။ ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ် ၊ နိသန် အမည်ရှိသော ပဌမလတွင် ၊ နေ့ရက်အစဉ် ၊ လအစဉ် အတိုင်းလိုက် ၍ ၊ အာဒါအမည် ရှိသော ဒွါဒသမလ တိုင်အောင် ၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ ၏ ။ တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော် သို့ဝင် ၍ ၊ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာ ထုံးတမ်းမတူ ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင် ၊ နိုင်ငံတော်အတွင်း ၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး တမျိုးရှိပါ ၏ ။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ ၌ ကျေးဇူး တော်မရှိပါ ။ ကိုယ်တော် သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ ။ ထိုအမှုကို ဆောင်ရွက် သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက် တသိန်းကို သွင်းစေခြင်းငှါ ၊ ကျွန်တော်အပ်ပေးပါ မည်ဟု လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ထိုငွေကို သင့်အားငါပေး ၏ ။ ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသော အခွင့်ရှိစေခြင်းငှါ ၊ သင် ၌ ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ် ၍ ယုဒအမျိုး ၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အားပေးတော်မူ ၏ ။ ထိုအခါ ပဌမလတဆယ်သုံးရက်နေ့တွင် ၊ စာရေးတော်ကြီးတို့ကို ခေါ် ၍ ကိုယ်စားတော်မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန် ၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း ၊ လူအမျိုးမျိုး ပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်ကို စာရေး ၍ ၊ ရှင်ဘုရင် ၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ ၏ ။ အာဒါအမည်ရှိသော ဒွါဒသမလတဆယ် သုံးရက် တနေ့ခြင်းတွင် ၊ ယုဒလူအကြီးအငယ်မိန်းမ ကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း ၍ ၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးစေခြင်းငှါ ၊ အမိန့်တော် စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော်အပြည်ပြည်သို့ ပေးလိုက် လေ ၏ ။ ဤရွေ့ကား ၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှါ ၊ အတိုင်းတိုင်းအပြည်ပြည် ၌ ကြော်ငြာရ သော အမိန့်တော် စာချက်ဖြစ်သတည်း ။ ရှုရှန်နန်းတော် ၌ ထိုအမိန့်တော်စာကို ကြော်ငြာ ပြီးမှ ၊ ရှင်ဘုရင် စီရင်သည်အတိုင်း ၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ ၏ ။ ရှင်ဘုရင်နှင့် ဟာမန် သည် စပျစ်ရည် သောက်ပွဲ ၌ ထိုင် ၍ ၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း ။ ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ ၊ မိမိ အဝတ်ကိုဆုတ် ၍ ပြာနှင့်လူးလျက် ၊ လျှော်တေအဝတ်ကို ဝတ်လျက် ၊ မြို့အလယ်သို့သွား ၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ ၏ ။ လျှော်တေအဝတ်ကိုဝတ်လျက် နန်းတော်တံခါး ထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့် ၊ နန်းတော်တံခါး ရှေ့မှာ ရပ်နေ ၏ ။ ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်တို့ ၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း ၊ အစာရှောင်ခြင်း ၊ ငိုကြွေးမြည်တမ်းခြင်းကိုပြု ၍ ၊ လူများ တို့သည် ပြာနှင့်လျှော်တေအဝတ် ၌ အိပ်ကြ ၏ ။ မော်ဒကဲအမှုကို ဧသတာ ၏ ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက် ၊ မော်ဒကဲဝတ်သော လျှော်တေကို ပယ် ၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှါ ပေးလိုက် သော်လည်း ၊ မော်ဒကဲသည် မခံမယူဘဲနေ ၏ ။ တဖန် ဧသတာသည် ရှင်ဘုရင် အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ် ၍ ၊ အဘယ်အမှုရှိ သနည်း ။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေးစေခြင်းငှါ စေလွှတ်သည်အတိုင်း ၊ ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါး ရှေ့ ၊ မြို့တော်လမ်းသို့သွား ၍ ၊ မော်ဒကဲသည် မိမိ ၌ ရောက်သော အမှုရှိသမျှကို ၎ င်း ၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ဂတိ ထားကြောင်းကို ၎ င်း ကြားပြောလျက် ၊ ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ ၊ ရှုရှန်နန်းတော် ၌ ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဘို့ ပေး ၍ ၊ ဧသတာသည် မိမိလူမျိုး အဘို့တောင်းလျှောက် ခြင်းငှါ ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက် လေ ၏ ။ ဟာတက်သည်လည်းလာ ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော ၏ ။ တဖန်ဧသတာသည် ဟာတက်အားဖြင့် ၊ မော်ဒကဲကို မှာလိုက်သည်ကား ၊ ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း ၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း ၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင် ၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို ၊ ရှင်ဘုရင် ၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ ၏ ။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး ၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု ၊ ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသော အခါ ၊ မော်ဒကဲက ၊ အခြားသော ယုဒလူ အသက်မလွတ် လျှင် ၊ နန်းတော် ၌ နေသော်လည်း သင့်အသက်လွတ် မည်ဟု မထင်နှင့် ။ ယခုကာလသင်သည် တိတ်ဆိတ်စွာနေလျှင် ၊ သင်နှင့်သင် ၏ အဆွေအမျိုးသည် ပျက်စီး ၍ ၊ ယုဒလူတို့ အသက်ရှင်ခြင်း ၊ ကယ်တင်ခြင်း အကြောင်းတစုံတခု ပေါ်လိမ့်မည် ။ ယခုအမှုကိုဆောင်ဘို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက် ၏ ။ ဧသတာကလည်း ၊ ရှုရှန်မြို့ ၌ ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ ၍ ၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည် ။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း ၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည် ။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း ၊ မော်ဒကဲသည် သွား ၍ ပြုလေ ၏ ။ သုံးရက်မြောက်သောနေ့ ၌ ၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော် အဆောင်မှတဘက်တချက် ၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ ၏ ။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက် ၊ နန်းတော်ထဲ ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ ၏ ။ မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင် ၊ နူးညွတ်သောစိတ်ရှိ ၍ လက်တော် ၌ ပါသော ရွှေရာဇလှံတံကို ၊ ဧသတာသို့ ကမ်း တော်မူသဖြင့် ၊ ဧသတာသည် ချဉ်းကပ် ၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ မိဖုရားဧသတာ ၊ သင်သည် အဘယ်အလိုရှိသနည်း ။ အဘယ်ဆုကို တောင်းချင် သနည်း ။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင် ၊ ဧသတာက ၊ အရှင်မင်းကြီး အလိုတော်ရှိလျှင် ၊ အရှင်မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါဟု လျှောက်သော် ၊ ရှင်ဘုရင်က ၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှါ ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့် ၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့် တကွ ရှင်ဘုရင်ကြွတော်မူ ၏ ။ တဖန်စပျစ်ရည်သောက်ပွဲခံစဉ် ၊ ရှင်ဘုရင်က ၊ သင်သည် အဘယ်သို့ အလိုရှိသနည်း ။ အလိုရှိသည် အတိုင်း ငါပေးမည် ။ အဘယ်ဆိုကို တောင်းချင်သနည်း ။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင် ၊ ဧသတာက ၊ ကျွန်တော်မအလိုရှိ ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား ၊ ကျွန်တော်မကို အရှင်မင်းကြီး ၏ စိတ်နှင့် တွေ့ တော်မူလျှင် ၎ င်း ၊ ကျွန်တော်မအလိုရှိ ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင် ၎ င်း ၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့ ၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ ၏ ။ ထိုနေ့ ၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ ၏ ။ သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား ၍ ၊ မိမိအိမ်သို့ရောက်သောအခါ ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင် ၊ မိမိဘုန်းစည်းစိမ်ကြီးကြောင်း ၊ သားသမီးများ ကြောင်း ၊ ရှင်ဘုရင် အလွန်ချီးမြှောက် ၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက် ၊ မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူမဝင်စေ ။ နက်ဖြန်နေ့ ၌ လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကို ဘိတ်ပြန် ၏ ။ သို့ရာတွင် ၊ ယုဒလူမော်ဒကဲသည် နန်းတော် တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလ ပတ်လုံး ၊ ယခုဘော်ပြသမျှတို့သည် ငါ ၌ ကျေးဇူးမရှိဟု ဆို ၏ ။ ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့က ၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချစေ မည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့ ။ ထိုနောက် မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက် ၍ ၊ လည်ဆွဲ ချတိုင်ကို လုပ်စေ ၏ ။ ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ် ၍ မပျော်နိုင်သောကြောင့် ၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ ၍ ရှေ့တော် ၌ ဘတ်ရကြ ၏ ။ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး ၊ တံခါးစောင့်နှစ်ယောက် ၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင် ၊ ရှင်ဘုရင်က ၊ ထိုအကြံကို ဘော်ပြသောကြောင့် ၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော် ၊ အထံတော် ၌ ခစားသော ကျွန်တော်တို့ က ၊ အဘယ်ဆုကို ၏ မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ တန်တိုင်းတွင်း ၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင် ၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင် ၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း ၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ် ၍ ၊ ရှင်ဘုရင် ၏ ကျွန်တို့က ၊ ဟာမန်သည် တန်တိုင်း တော်တွင်း ၌ ရှိပါ ၏ ဟု လျှောက်ကြသော် ၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ ၏ ။ ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က ၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင် ၊ ဟာမန်က ငါမှတပါး ၊ ရှင်ဘုရင်သာ ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက် ၊ ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့ ၊ ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော် ၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့ ၍ ၊ ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး ၌ အပ်ပြီးမှ ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ ၍ ၊ မြင်းတော်ကို စီးစေပြီး လျှင် ၊ မြို့တော်လမ်းမ ၌ ဆောင်သွားလျက် ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ ၏ ။ ထိုအခါ ရှင်ဘုရင်က ၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား ၍ ၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင် ၊ ယုဒအမျိုးသား ၊ နန်းတော်တံခါးမှူး မော်ဒကဲ ၌ ပြုလော့ ။ သင်ပြောသမျှတွင် ၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ ၏ ။ ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ ၍ ၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင် ၊ မြင်းတော်ကိုစီးစေသဖြင့် ၊ မြို့တော်လမ်းမ ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော် ၏ ။ သို့ပြီးမှ ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ ၏ ။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက် ၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင် ၊ မိမိ ၌ ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ ၏ ။ မယားဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိတို့ကလည်း ၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည် ၊ ယုဒအမျိုးမှန်လျှင် ၊ ကိုယ် တော်သည် သူ့ကိုမနိုင် ။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ ၏ ။ ထိုသို့ပြောဆိုစဉ်တွင် ၊ နန်းတော်မိန်းမစိုးတို့သည် လာ ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ ၏ ။ တဖန်ရှင်ဘုရင်နှင့် ဟာမန်သည် ၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှါ သွားကြ ၏ ။ ဒုတိယနေ့ရက် ၌ စပျစ်ရည်သောက်ပွဲခံစဉ် ၊ ရှင်ဘုရင်က မိဖုရားဧသတာ ၊ သင်သည် အဘယ်အလို ရှိသနည်း ။ အလိုရှိသည်အတိုင်း ငါပေးမည် ။ အဘယ်ဆု ကို တောင်းချင်သနည်း ။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင် ၊ မိဖုရား ဧသတာက ၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့တော်မူလျှင် ၎ င်း ၊ အလိုတော်ရှိလျှင် ၎ င်း ၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ ။ ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်း တို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှါ ရောင်းလျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း ၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ ၏ ။ ရှင်ဘုရင်အာရွှေရုကလည်း ၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း ။ အဘယ်မှာရှိသနည်း ဟု မိဖုရားဧသတာအား မေးတော်မူလျှင် ၊ ဧသတာက ၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ ၏ ဟု လျှောက်သော် ၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်း သို့ ရောက်လေ ၏ ။ ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲမှထ ၍ ဥယျာဉ်တော်သို့ သွားတော် မူ ၏ ။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့ မှာ တောင်းပန်ခြင်းငှါထ ၏ ။ ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင် ၊ ဤသူသည် နန်းတော် ၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင် ၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာကိုဖုံးကြ ၏ ။ မိန်းမစိုးဟာဗောနကလည်း ၊ အရှင်မင်းကြီး ၏ အကျိုးတော်ကို စောင့် ၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ် ၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည် ၊ ဟာမန်အိမ် ၌ စိုက်ထားလျက် ရှိပါ ၏ ဟု နားတော်လျှောက်သော် ၊ ထိုတိုင် ၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ ၏ ။ ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင် ၌ ဟာမန်ကို ဆွဲချကြ ၏ ။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ ၏ ။ ထိုနေ့ခြင်းတွင် ၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး ၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ ၏ ။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့် ၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ ၏ ။ ရှင်ဘုရင်သည်လည်း ၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ် ၍ မော်ဒကဲအား ပေးတော် မူ ၏ ။ ဧသတာလည်း ၊ ဟာမန်အိမ်ကို မော်ဒကဲ ၌ အပ် လေ ၏ ။ တဖန်ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း ၌ ပြပ်ဝပ် ၍ ၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ် ၊ ယုဒ အမျိုးတဘက် ၌ ကြံစည်သော အကြံအစည်ကို ပယ်တော် မူမည်အကြောင်း ၊ မျက်ရည်ကျလျက် တောင်းပန်လေ ၏ ။ ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့် ၊ ဧသတာသည် ထ ၍ ရှင်ဘုရင် ရှေ့တော် ၌ ရပ်လျက် ၊ အရှင်မင်းကြီးအလိုတော်ရှိ ၍ ၊ ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင် ၎ င်း ၊ ကျွန်တော်မအမှုသည် ရှေ့တော် ၌ လျောက်ပတ် ၍ ကိုယ်တော်သည် ကျွန်တော်မ ကိုလည်း ချစ်တော်မူလျှင် ၎ င်း ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့ ၌ ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း ၊ ထပ် ၍ စာရေးစေတော်မူပါ ။ ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို ၎ င်း ၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို ၎ င်း ၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို ၏ ။ ရှင်ဘုရင် အာရွှေရုကလည်း ၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့် ၊ သူ ၏ အိမ်ကို ဖိဖုရား ဧသတာအားငါပေးပြီ ။ ထိုသူကိုလည်း လည်ဆွဲချတိုင် ၌ ကွပ်မျက်စေပြီ ။ သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ် ၍ ၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး ၍ ၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ ၏ ။ ထိုအခါ ဝိဝန်အမည်ရှိသော တတိယလနှစ် ဆယ်သုံးရက်နေ့တွင် ၊ စာရေးတော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့ ၌ ရှိသော ယုဒလူ ၊ ကိုယ်စားတော် မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန် ၊ မြို့သူကြီးတို့ကို မော်ဒကဲမှာထားသမျှအတိုင်း ၊ ယုဒဘာသာစကားမှစ ၍ လူအမျိုးမျိုး ပြောသောစကားအသီး အသီးအားဖြင့် ၊ ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ၍ ရှင်ဘုရင်လက် စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ ၊ မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက် လေ ၏ ။ အမိန့်တော်စာချက်ဟူမူကား ၊ အာဒါအမည် ရှိသော ဒွါဒသမလ တဆယ်သုံးရက် တနေ့ခြင်းတွင် ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်အမြို့မြို့ ၌ ရှိသော ယုဒလူတို့သည် စုဝေး ၍ ၊ မိမိတို့အသက်ကို စောင့်ရသောအခွင့် ၊ တိုက်လာသောပြည်သူ ၊ စစ်သူရ အပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ် သင်ပယ်ရှင်း ၍ ၊ သူတို့ဥစ္စာကို လုယူ သိမ်းရုံးရသောအခွင့် ကို ရှင်ဘုရင်ပေးတော်မူ ၏ ။ ဤရွေ့ကား ၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ ၊ အတိုင်းတိုင်း အပြည် ပြည် ၌ နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော်စာချက်ဖြစ်သတည်း ။ ထိုအမိန့်တော်စာကို ရှုရှန်နန်းတော် ၌ ကြော်ပြီး မှ ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ ၏ ။ မော်ဒကဲသည်လည်း ၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက် ၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက် ၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက် ၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား ၍ ၊ ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ ၏ ။ ယုဒလူတို့သည်လည်း ၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း ၊ အသရေထွန်းလင်းခြင်းသို့ ရောက် ကြ ၏ ။ ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်အမြို့မြို့ ၌ ၊ ယုဒလူတို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း ၊ ပွဲခံခြင်း ၊ မင်္ဂလာနေ့စောင်းခြင်းကို ပြု ၍ ၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ သောကြောင့် ယုဒဘာသာကို ဝင်ကြ ၏ ။ ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး ၍ ၊ ယုဒအမျိုး ၏ ရန်သူတို့က ၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့ ၊ အမှုပြောင်းလဲ ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင် ၊ ရှင်ဘုရင်အာရွှေရု ၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့ ၌ နေသော ယုဒလူတို့သည် ၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ ၏ ။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့် ၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ ၏ ။ အပြည်ပြည်ကို အုပ်စိုးသောမင်း ၊ ကိုယ်စားတော် မင်း ၊ မြို့ဝန်မင်း ၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့် ၊ ယုဒလူတို့ကို မစကြ ၏ ။ အကြောင်းမူကား ၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက် ၊ အတိုင်းတိုင်းအပြည်ပြည် ၌ သိတင်း နှံ့ပြား ၍ ၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း ။ ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး ၍ ၊ မနာလိုသော သူတို့ ၌ ပြုချင်သမျှပြုကြ ၏ ။ ရှုရှန်မြို့တော် ၌ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ ၏ ။ ယုဒအမျိုး ၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန် ၏ သား တကျိပ်တည်းဟူသော ပါရှန္ဒာသ ၊ ဒါလဖုန် ၊ အာသပါသ ၊ ပေါရသ ၊ အာဒလိ ၊ အာရိဒါသ ၊ ပါမရှာတ ၊ အရိသဲ ၊ ဒရိဒဲ ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ ၏ ။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ ၏ ။ ထိုနေ့ ၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ ၏ ။ ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ် ၍ ၊ ယုဒ လူတို့သည် ရှုရှန် မြို့တော် ၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့ ၌ အဘယ်သို့ ပြုကြပြီနည်း ။ သင်သည် အဘယ်အလိုရှိသေးသနည်း ။ အလိုရှိသည် အတိုင်း ငါပြုမည် ။ အဘယ်ဆိုကို တောင်းချင်သေး သနည်း ။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင် ၊ ဧသတာက ၊ အရှင်မင်းကြီးအလိုတော်ရှိလျှင် ၊ ရှုရှန်မြို့ ၌ ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့ ၌ လည်း ပြုရမည်အကြောင်း ၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင် ၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း ၊ ရှင်ဘုရင်မိန့်တော်မူ ၍ ရှုရှန်နန်းတော် ၌ အမိန့် တော်ကို ထုတ်ပြီးမှ ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ ၏ ။ ရှုရှန်မြို့ ၌ ရှိသော ယုဒလူတို့သည်လည်း ၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး ၍ ၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ ၏ ။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ ၏ ။ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် ၌ ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင် ၊ မိမိတို့အသက်ကို စောင့်လျက် ၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း ၊ စုဝေး ၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ ၏ ။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ ၏ ။ ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့ ၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ ၏ ။ ရှုရှန်မြို့ ၌ ရှိသော ယုဒလူများမူကား ၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ ၏ ။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာ နေ့ ၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ ၏ ။ မြို့ရိုးမရှိသောရွာတို့ ၌ နေသော ယုဒလူတို့သည် လည်း ၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့ ၊ မင်္ဂလာနေ့ ၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ ၏ ။ တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား ၏ ။ ယုဒလူတို့သည် ရန်သူလက်မှ လွတ် ၍ ချမ်းသာ ရသောနေ့ ၊ သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက် ၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့် ၍ ပွဲခံရာနေ့ ၊ ပျော်မွေ့ရာနေ့ ၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက် ၍ ၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည် ၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ ၏ ။ ယုဒလူတို့ကလည်း ၊ ပြုစရှိ ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ ၏ ။ ယုဒလူအပေါင်းတို့ ၏ ရန်သူဖြစ်သော အာဂတ် အမျိုး ၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ ၍ ၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့် ၎ င်း ၊ ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင် ၍ ယုဒ လူတို့တဘက် ၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ ၏ ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း ၊ သူနှင့် သူ ၏ သားတို့ကိုလည်း လည်ဆွဲချတိုင် ၌ ဆွဲထားစေမည် အကြောင်း ၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ် ၍ ၎ င်း ၊ ပုရဟူသောစကားကို အစွဲပြုသဖြင့် ၊ ထိုနေ့ကို ပုရနေ့ဟူ ၍ ခေါ်ဝေါ်ကြ ၏ ။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက် ၊ ယုဒလူတို့သည် ကိုယ်တိုင်မှစ ၍ သားမြေး ၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ ၊ မော်ဒကဲမှာစာ ၌ စီရင်ထုံးဖွဲ့သည်အတိုင်း ၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း ၊ ထိုပုရနေ့တို့သည် ယုဒအမျိုး ၌ မပျောက် ၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့ ၊ အပြည်ပြည် အမြို့မြို့ ၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ ၏ ။ ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည် ၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား ၍ မှာစာကို တဖန်ရေးထားကြ ၏ ။ ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား ၍ ၊ ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း ၊ ချိန်းချက်သော အချိန် ၌ အစာရှောင်ခြင်း ၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည် ၌ ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ ၏ ။ ဧသတာစီရင်သောအားဖြင့် ၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည် ၍ ဤစာ ၌ ရေးထား လျက်ရှိသတည်း ။ ရှင်ဘုရင် အာရွှေရုသည်မြေကြီးပေါ် ၌ ၎ င်း ၊ ပင်လယ်တွင်ရှိသောကျွန်းတို့ပေါ် ၌ ၎ င်း ၊ ငွေတော်ခွဲ ကြောင်း အစရှိသော ၊ အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ ၏ ဘုန်းတန်ခိုး ၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ ၊ ပေရသိရာဇဝင်တို့ ၌ ရေးထားလျက် ရှိ ၏ ။ ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက် ၌ အမြတ်ဆုံးသော အရာကိုရ ၍ ယုဒလူ တို့တွင် ဘုန်းကြီး ၏ ။ မိမိအမျိုး ၏ အကျိုးစီးပွားကို ပြုစုလျက် ၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက် ၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း ။ </passage></reply></GetPassage>