<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:21</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:21</urn><passage>ဒါဝိဒ် ၏ သားတော် ၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး ၏ စကားဟူမူကား ၊ အနတ္တသက်သက် ၊ အနတ္တသက်သက် ၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ ၏ ။ လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့ ၌ အဘယ်အကျိုးရှိသနည်း ။ လူတဆက်လွန်သွား ၏ ။ တဆက်ပေါ်လာ ၏ ။ မြေကြီးမူကား အစဉ်အမြဲတည် ၏ ။ နေလည်းထွက်လျက် ဝင်လျက် ၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက် ၊ တောင်လမ်းသို့လိုက် ၍ ၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ် ၏ ။ လေသည်လည်း အစဉ်လည်သွား ၍ ၊ လည်ပြီး သောအရပ်သို့ တဖန်ပြန် ၍ လည်ပြန်တတ် ၏ ။ ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ ၏ ။ သို့သော်လည်း ၊ ပင်လယ်သည် မပြည့် တတ် ။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ် ၏ ။ ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ ၏ ။ မျက်စိသည် မြင် ၍ မကုန်တတ် ။ နားသည်လည်း ကြား ၍ မဝတတ် ။ ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ ၏ ။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ ။ ကြည့်ပါ ။ အသစ်ဖြစ် ၏ ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော ။ ထိုအမှုအရာသည် ငါတို့အရင် ၊ ရှေးကာလ ၌ ဖြစ်ဘူးပြီ ။ ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ် ၏ ။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း ၊ ထိုအမှုအရာနောက် ၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည် ။ ငါဓမ္မဒေသနာဆရာသည် ၊ ယေရုရှလင်မြို့ ၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင် ၊ မိုဃ်းကောင်းကင်အောက် ၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့် ၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား ၏ ။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ ။ နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ ။ အလုံးစုံတို့သည် အနတ္တအမှု ၊ လေကို ကျက်စားသော အမှုဖြစ်ကြ ၏ ။ ကောက်သောအရာကို မဖြောင့်စေနိုင် ။ ချို့တဲ့ သောအရာကို မရေတွက်ရာ ။ ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား ၊ ငါသည်ငါ့အရင် ၊ ယေရုရှလင်မြို့ ၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့် ၍ ပညာရှိ ၏ ။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက် ၏ ။ ပညာတရားကို ၎ င်း ၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို ၎ င်း ပိုင်းခြား ၍ သိအံ့သောငှါ ငါသည်နှလုံး ထား ၏ ။ ထိုအမှုသည်လည်း ၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ ၏ ။ အကြောင်းမူကား ၊ ပညာများလျှင် ၊ ငြိုငြင်စရာ အကြောင်းများ ၏ ။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ် ၏ ။ တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား ၊ လာပါ ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည် ။ သို့ဖြစ် ၍ ၊ ကာမဂုဏ် ၌ ပျော်မွေ့လော့ဟု ဆိုရာတွင် ၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။ ရယ်မောခြင်းကို သင်သည် အရူးဖြစ် ၏ ဟူ ၍ ၎ င်း ၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ ၍ ၎ င်း ငါဆိုရ ၏ ။ တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက် ၌ ၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ ၊ ပညာတရားကို လေ့ကျက်လျက်နှင့် ၊ စပျစ်ရည် အလိုသို့လိုက် ၍ ၊ မိုက်သောအကျင့်စလေ့ ၌ ကျင်လည်ခြင်း ငှါ ၊ ငါကြံစည် ၏ ။ ကြီးကျယ်သောအလုပ်ကို စီရင် ၍ အိမ်တို့ကို ဆောက် ၏ ။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက် ၏ ။ ဥယျာဉ်အမျိုးမျိုးကို ပြုစု ၍ ၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက် ၏ ။ သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ် ၏ ။ ကျွန်ယောက်ျား ၊ ကျွန်မိန်းမတို့ကိုသိမ်းယူ ၍ ၊ ကျွန်သားပေါက်များလည်းရှိကြ ၏ ။ ငါ့အရင် ၊ ယေရုရှလင် မြို့ ၌ ဖြစ်ဘူးသော သူအပေါင်းတို့ထက် ၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ် ၏ ။ ရွှေငွေကို ၎ င်း ၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ ၊ ကျေးရွာတို့ ၌ ခွဲသောအခွန်ကို ၎ င်း ငါဆည်းပူး ၏ ။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို ၎ င်း ၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို ၎ င်း ငါသိမ်းယူ ၏ ။ ထိုသို့ငါ့အရင် ၊ ယေရုရှလင်မြို့ ၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ၊ ငါသည် တိုးပွါး ၍ ကြီးမြင့်ခြင်းသို့ ရောက် ၏ ။ ငါပညာလည်း တည်လျက်ရှိ ၏ ။ ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း ၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ် ။ ငါကြိုးစားသမျှတို့ ၌ ဝမ်းမြောက်လျက်ရှိ ၍ ၊ ကြိုးစားခြင်း အကျိုးကိုခံရ ၏ ။ ထိုအခါငါစီရင်ပြုပြင်သမျှ ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု ၍ ၊ အလုံးစုံတို့သည် အနတ္တအမှု ၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ ။ တဖန်ငါလှည့် ၍ ပညာတရားကို ၎ င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို ၎ င်း ဆင်ခြင် ၏ ။ ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း ။ ပြုဘူးသည်အတိုင်းသာ ပြုနိုင် ၏ ။ သို့ရာတွင် ၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့ ၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင် ၏ ။ ပညာရှိသောသူ ၏ မျက်စိတို့သည် သူ ၏ ဦးခေါင်း ၌ ရှိ ၏ ။ မိုက်သောသူမူကား ၊ မှောင်မိုက် ၌ ကျင်လည်တတ် ၏ ။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏ ။ သို့ဖြစ် ၍ ၊ မိုက်သောသူတွေ့ကြုံသကဲ့သို့ ၊ ငါသည် တွေ့ကြုံလျှင် ၊ အဘယ်ကြောင့်သူ့ထက်သာ ၍ ပညာ ရှိသနည်းဟူ ၍ ၎ င်း ၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ ၎ င်း ငါအောက်မေ့ ၏ ။ ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ ၌ မေ့လျော့လိမ့်မည်ဖြစ် ၍ ၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့ ၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ် ။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား ။ ထိုကြောင့် ၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့ ၏ ။ နေအောက်မှာ ပြုသောအမှုသည် ငါ ၌ ခက်ခဲ ၏ ။ အလုံးစုံ တို့သည် အနတ္တအမှု ၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏ ။ ထိုမှတပါး ၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား ၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည် ။ ထိုသူသည် ပညာရှိမည်လော ၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း ။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည် ၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ် ၏ ။ ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့ ၌ မြော်လင့်စရာမရှိ ။ စိတ်ပျက်အောင်တဖန် ငါကြံစည် ၏ ။ အကြောင်းမူကား ၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက် ၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း ၊ မကြိုးစား ၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည် ။ ထိုအမှုအရာသည် လည်း အနတ္တအမှု ၊ အလွန်ဆိုးသောအမှုဖြစ် ၏ ။ လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု ၊ အလုံစုံတို့ ၌ အဘယ် အကျိုးရှိသနည်း ။ သူ ၏ နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း ၊ သူ ၏ အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ် ၏ ။ ညဉ့်အခါ ၌ ပင် သူ ၏ စိတ်နှလုံး မငြိမ်ရ ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။ စားသောက်ခြင်းငှါ ၎ င်း ၊ ကြိုးစားအားထုတ်ရာ ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ ၎ င်း ၊ လူ ၌ ကောင်းသောအခွင့် မရှိ ။ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင် ၏ ။ ဘုရားသခင် ၏ အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း ။ အဘယ်သူ ခံစားရသနည်း ။ ရှေ့တော် ၌ ကောင်းသောသူအား ဥာဏ်ပညာ ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ ၏ ။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို ၎ င်း ၊ ဘုရားသခင် ၏ ရှေ့တော် ၌ ကောင်းသော သူ အားပေးစရာဘို့ ၊ ဆည်ဖူးသိုထားရသောအခွင့်ကို ၎ င်း ပေးတော်မူ ၏ ။ ထိုအမှုအရာသည်လည်း အနတ္တအမှု ၊ လေကိုကျက်စားသော အမှုဖြစ် ၏ ။ ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ ၏ ။ မိုဃ်းကောင်းကင်အောက် ၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ ၏ ။ ဘွားချိန်နှင့်သေချိန်လည်းရှိ ၏ ။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရသေအချိန် လည်း ရှိ ၏ ။ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ ၏ ။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ ၏ ။ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ ၏ ။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ ၏ ။ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ ၏ ။ ဘက်ယမ်းရသောအချိန်နှင့် ၊ မဘက်ယမ်းဘဲ ခွဲခွါ ၍ နေရသောအချိန်လည်း ရှိ ၏ ။ ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ ၏ ။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ ၏ ။ အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ ၏ ။ တိတ်ဆိတ်စွာနေသောအချိန်နှင့် ၊ စကားပြောရသော အချိန်လည်းရှိ ၏ ။ ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ ၏ ။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်း ရှိ ၏ ။ လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာ တွင် ၊ အဘယ်ကျေးဇူးရှိသနည်း ။ လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ ။ ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ ။ လူစိတ်နုလုံးကို လည်း အနန္တကာလ ၌ စွဲလန်းစေတော်မူပြီ ။ သို့ရာတွင် ၊ ဘုရားသခင်စီရင်တော်မူသောအမှုကို ၊ အစမှအဆုံး တိုင်အောင် ၊ လူသည် စစ် ၍ မကုန်နိုင် ။ ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့ ၌ ၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ ၏ ။ လူတိုင်းစားသောက်ခြင်းငှါ ၎ င်း ၊ မိမိကြိုးစား အားထုတ်သမျှသောအမှု ၌ ပျော်မွေ့ခြင်းငှါ ၎ င်း ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ ၏ ။ ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ ၏ ။ ထပ် ၍ မပြုနိုင်ရာ ။ နှုတ် ၍ မယူနိုင်ရာ ။ လူတို့သည် ရှေ့တော် ၌ ကြောက်ရွံ့မည် အကြောင်း ၊ ဘုရားသခင်ပြုတော်မူ ၏ ။ ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ ၏ ။ ဖြစ်လတံ့သောအရာသည်လည်း ၊ ဖြစ်ဘူးသော အရာနှင့်တူ ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ ၏ ။ ထိုမှတပါး ၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို ၎ င်း ၊ ဖြောင့်မတ်ရာအရပ် ၌ ဒုစရိုက် ရှိသည်ကို ၎ င်း ငါမြင်ပြီ ။ ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ ၏ အမှု နှင့် ၊ မတရားသောသူတို့ ၏ အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့ ၏ ။ အကြောင်းမူကား ၊ ခပ်သိမ်း သောအကြံ ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ ၏ ။ လူသားတို့နေရာကို ရည်မှတ် ၍ ငါအောက်မေ့ သည်ကား ၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့် ၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း ၊ နေရာကျသတည်း ၊ လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ် ၏ ။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက် ၊ တဦးသေသကဲ့သို့ တဦးသေတတ် ၏ ။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ ၏ ။ သို့ဖြစ် ၍ ၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ ၏ ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ ၏ ။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ ၏ ။ သို့ရာတွင် ၊ အထက်သို့တက်သော လူသား ၏ ဝိညာဉ်ကို ၎ င်း ၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန် ၏ ဝိညာဉ်ကို ၎ င်း ၊ အဘယ်သူသည် ပိုင်းခြား ၍ သိသနည်း ။ လူသည်မိမိပြုမူရာ ၌ ပျော်မွေ့ခြင်းအမှုထက် သာ ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင် ၏ ။ ထိုအမှုသည်သူ ၏ အဘို့ဖြစ် ၏ ။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း ၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း ။ တဖန်တုံ ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ် ၍ ဆင်ခြင် ၏ ။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း ၊ ချမ်းသာပေးနိုင်သော သူမရှိ ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ ။ သို့ဖြစ် ၍ ၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ ၏ ။ သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ ၍ မင်္ဂလာရှိ ၏ ။ တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့် ၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို ၎ င်း ၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို ၎ င်း ငါဆင်ခြင် ၏ ။ ထိုအမှုအရာသည် အနတ္တအမှု ၊ လေကို ကျက်စား သောအမှုဖြစ် ၏ ။ မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား ၍ ၊ မိမိ အသားကို စားတတ် ၏ ။ ငြိမ်သက်ခြင်းနှင့် ယှဉ်လျက် ၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း ၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက် ၊ လက်နှစ်ဘက် ၌ ပြည့်သော ဥစ္စာထက်သာ ၍ ကောင်း ၏ ။ တဖန်ငါထပ် ၍ ၊ နေအောက်မှာအနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား ၊ လူသည်အဘော်အဘက် ၊ သားသမီး ၊ ညီအစ်ကို မရှိ ၊ တယောက်တည်းဖြစ်သော်လည်း ၊ ကြိုးစားအားထုတ် ၍ မကုန်နိုင် ။ မိမိစည်းစိမ်ကိုမြင် ၍ မရောင့်ရဲနိုင် ။ ငါသည် ကိုယ်ကိုညှဉ်းဆဲ ၍ ၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ် ။ ဤအမှုအရာသည် လည်း အနတ္တအမှု ၊ အလွန်ပင်ပန်းစေသောအမှုဖြစ် ၏ ။ လူသည်တယောက်တည်းထက် နှစ်ယောက် သာ ၍ ကောင်း ၏ ။ ကြိုးစားအားထုတ်လျှင် ၊ ကောင်းသော အကျိုးကို ရတတ် ၏ ။ တယောက်လဲလျှင် တယောက်ထူလိမ့်မည် ။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ ။ ထူသော သူမရှိ ။ လူသည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ် ၏ ။ တယောက်တည်းသောသူမူကား ၊ အဘယ်သို့ နွေးနိုင် သနည်း ။ လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင် ၏ ။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ် ။ ဆုံးမခြင်းကိုမခံ ၊ အသက်ကြီး ၍ မိုက်သော ရှင် ဘုရင်ထက် ၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ ၍ မြတ် ၏ ။ ထိုသို့သော သူငယ်သည် ထောင်ထဲကထွက် ၍ ၊ နန်းတော်ပေါ်သို့ရောက်တတ် ၏ ။ ထိုသို့သောရှင်ဘုရင် မူကား ၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း ၊ ဆင်းရဲခြင်းသို့ ရောက်တတ် ၏ ။ နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက် ၌ နေတတ်ကြသည်ကို ငါဆင်ခြင် ၏ ။ ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင် ။ နောက်လာသောသူတို့သည်လည်း ၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည် ။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု ၊ လေကို ကျက်စား သောအမှုဖြစ် ၏ ။ ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ ၊ သင့်ခြေတို့ကို စောင့်လော့ ။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက် ၊ တရားနာခြင်းအမှုကိုသာ ၍ ကြိုးစား လော့ ။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ ။ သင် ၏ နှုတ်သည် သတိမလစ်စေနှင့် ။ ဘုရား သခင့်ရှေ့တော် ၌ စကားပြောခြင်းငှါ ၊ သင် ၏ စိတ်နှလုံး မလျင်မမြန်စေနှင့် ။ ဘုရားသခင်သည် ကောင်းကင်ဘုံ ၌ ရှိတော်မူ ၏ ။ သင်သည် မြေကြီးပေါ်မှာရှိ ၏ ။ ထိုကြောင့် သင် ၏ စကားမများစေနှင့် ။ အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့ သို့ ၊ စကားများသောအားဖြင့် မိုက်သော သူ ၏ အသံကို ကြားရ ၏ ။ ဘုရားသခင့်ထံတော် ၌ သစ္စာဂတိပြုမိလျှင် ၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့် ။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ ။ သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့ ။ သစ္စာဂတိပြု ၍ ဝတ်ကိုမဖြေဘဲနေသည်ထက် ၊ သစ္စာဂတိအလျှင်းမဖြေဘဲနေသော် သာ ၍ ကောင်း ၏ ။ သင် ၏ နှုတ်သည် သင် ၏ ကိုယ်ခန္ဓာ ၌ အပြစ် မရောက်စေနှင့် ။ အကျွန်ုပ်မှားပါပြီဟု ၊ တမန်တော်ရှေ့မှာ ပြောရသော အကြောင်းမရှိစေနှင့် ။ ဘုရားသခင်သည် သင် ၏ စကားသံကို အမျက်ထွက် ၍ ၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း ။ အိမ်မက်များရာ ၌ ၎ င်း ၊ စကားများရာ ၌ ၎ င်း ၊ အချည်းနှီးသောအကြောင်း အရာပါတတ် ၏ ။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့ ။ ကျေးရွာ ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း ၊ တရားလမ်းမှလွှဲ ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင် ၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့် ။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့ ၊ အကြီးဆုံး ၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ ၏ ။ မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ် ၏ ။ ရှင်ဘုရင်သော်လည်း ၊ လယ် ၏ ကျေးဇူးကိုခံရ ၏ ။ ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင် ။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင် ။ ထိုအမှုအရာသည် လည်း အနတ္တဖြစ် ၏ ။ ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည် လည်း တိုးပွားများပြားကြ ၏ ။ ဥစ္စာရှင်သည် မျက်စိနှင့် ကြည့်ရှုခြင်း ကျေးဇူးမှတပါး အဘယ်ကျေးဇူးရှိသနည်း ။ အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ ၊ အနည်းငယ်စားသည်ဖြစ်စေ ၊ အအိပ်မြိန်တတ် ၏ ။ ရတတ်သောသူ ၏ စည်းစိမ်မူကား ၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ် ၏ ။ စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင် ၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော ၊ နေ အောက် ၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ ။ ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ် ၏ ။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ ၏ ။ သို့မဟုတ် ၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့ ၊ ထိုနည်းတူပြန်သွား ရမည် ။ ကြိုးစားအားထုတ် ၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ ၍ မသွားရ ။ သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ် ၏ ။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း ။ သူ ၏ နေ့ရက်လာလကို မှောင်မိုက် ၌ လွန်စေ တတ် ၏ ။ များစွာသောနှောင့်ရှက်ခြင်း ၊ ညှိုးငယ်ခြင်း ၊ အမျက်ထွက်ခြင်းကို ခံရ ၏ ။ ငါသိမြင်သောအရာဟူမူကား ၊ စားသောက်ခြင်း အမှု ၊ နေအောက် ၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး ၊ ကြိုးစားအားထုတ် ၍ ရသော အကျိုး ၌ ပျော်မွေ့ခြင်းအမှုကို ပြုကောင်း ၏ ။ လျောက်ပတ် ၏ ။ ထိုအမှုသည် လူ ၏ အဘို့ ဖြစ် ၏ ။ ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ ၍ ဝင်စားခြင်းငှါ ၎ င်း ၊ ကြိုးစားအားထုတ် ၌ ပျော်မွေ့ခြင်းငှါ ၎ င်း ၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ ၏ ။ လွန်သောနေ့ရက်ကာလကို များစွာမအောက် မေ့ရ ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ ၏ ။ လူတို့တွင် အတွေ့များ ၍ ၊ နေအောက် ၌ ငါမြင်ရ သော အမှုဆိုးဟူမူကား ၊ အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း ၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့် ၊ ကိုယ်တိုင် မခံစားရ ။ မဆိုင်သော သူတပါးဝင် ၍ ခံစားရသောအမှု သည် အနတ္တအမှု ၊ ဆိုးသောအမှု ဖြစ် ၏ ။ လူသည် နှစ်ပေါင်းများစွာ အသက်ရှည် ၍ ၊ သားတရာပင် ရှိငြားသော်လည်း ၊ အလိုဆန္ဒမပြည့်စုံဘဲ ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင် ၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ ၍ မြတ် ၏ ။ အကြောင်းမူကား ၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ ၏ ။ မှောင်မိုက်ထဲမှာ ထွက်သွား ၏ ။ သူ့အမည်ကား ၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည် ။ နေကိုလည်းမမြင်ရ ။ အဘယ်အရာကိုမျှမသိရ ။ သို့သော်လည်း ၊ အရင်ဆိုသောသူထက်သာ ၍ ချမ်းသာ ရ ၏ ။ အကယ် ၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း ၊ အကျိုးကျေးဇူးမရှိ ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော ။ လူကြိုးစားအားထုတ်သမျှတို့ ၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း ၊ စားချင်သော စိတ်မပြေ နိုင် ။ ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း ။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း ။ ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ ၍ ကြီး ၏ ။ ထိုအမှုအရာ သည် အနတ္တအမှု ၊ လေကိုကျက်စားသောအမှုဖြစ် ၏ ။ ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ ။ လူ ၏ အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ ၏ ။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ ။ အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ် ၍ ၊ လူသည် အဘယ်ကျေးဇူးရှိသနည်း ။ အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး ၊ လူ ၌ ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း ။ နေအောက် ၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း ၊ အဘယ်သူပြော နိုင်သနည်း ။ ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း ၏ ။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း ၏ ။ မသာအိမ်သို့ သွားခြင်းသည် ၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ ၍ ကောင်း ၏ ။ အကြောင်းမူကား ၊ လူခပ်သိမ်းတို့သည် မသာအိမ် ၌ လမ်းဆုံးရကြ ၏ ။ အသက်ရှင်လျက်ရှိသောသူတို့လည်း ၊ အသင့်နှလုံး သွင်းမိကြလိမ့်မည် ။ ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ ၍ ကောင်း ၏ ။ အကြောင်းမူကား ၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ ၍ ကောင်းတတ် ၏ ။ ပညာရှိသောသူတို့ ၏ နှလုံးသည် မသာအိမ် ၌ ရှိ ၏ ။ မိုက်သောသူတို့ ၏ နှလုံးမူကား ၊ ပျော်မွေ့ခြင်းပြုရာ အိမ် ၌ ရှိ ၏ ။ လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ ၍ ကောင်း ၏ ။ အကြောင်းမူကား ၊ မိုက်သောသူ ၏ ရယ်ခြင်း သည် အိုးအောက် ၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ ၏ ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။ အကယ်စင်စစ် ၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ် ၏ ။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ် ၏ ။ အမှု ၏ အဆုံးသည် အစထက်သာ ၍ ကောင်း ၏ ။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ ၍ ကောင်း ၏ ။ အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့် ။ အမျက်သည် မိုက်သောသူ ၏ စိတ်နှလုံး ၌ နေရာကျတတ် ၏ ။ ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ ၍ ကောင်းသနည်းဟုမမေးနှင့် ။ ထိုသို့မေး လျှင် ၊ ပညာတရားအတိုင်းမေးသည်မဟုတ် ။ ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း ၍ ၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ် ၏ ။ အကြောင်းမူကား ၊ ပညာသည် ကွယ်ကာတတ် ၏ ။ ငွေသည်လည်း ကွယ်ကာတတ် ၏ ။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား ၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ် ၏ ။ ဘုရားသခင် ၏ အမှုတော်ကိုဆင်ခြင်လော့ ။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း ။ ကောင်းစားသည်ကာလ ၌ ဝမ်းမြောက်လော့ ။ ဆင်းရဲခံရသည်ကာလ ၌ ဆင်ခြင်လော့ ။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း ၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ ၏ ။ ငါသည် အချည်းနှီးနေသော ကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း ၌ ဆုံးရှုံးကြောင်းကို ၎ င်း ၊ အဓမ္မလူ သည် မိမိအဓမ္မအမှု ၌ အသက်ရှည်ကြောင်းကို ၎ င်း ငါမြင် ၏ ။ လွန်ကျူးစွာ မဖြောင့်မတ်နှင့် ။ လွန်ကျူးစွာ ပညာမရှိနှင့် ။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း ။ လွန်ကျူးစွာမဆိုးညစ်နှင့် ။ မမိုက်နှင့် ။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း ။ ဤစကားကိုစွဲလန်းကောင်း ၏ ။ လက်မလွှတ်နှင့် ။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည် ။ မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ ၍ တန်ခိုး ကြီး ၏ ။ အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ ။ သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့် ။ သို့ပြု လျှင် ၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည် ။ သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို ၊ ကိုယ်စိတ်နှလုံးထဲမှာသိ ၏ ။ ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း ၊ ပညာသည် ငါနှင့်ဝေး ၏ ။ ဝေးသောအရာ ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ ၍ တွေ့နိုင်သနည်း ။ ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိနားလည်ခြင်းငှါ ၎ င်း ၊ မိုက်စွာကျင့်ခြင်း ၏ အပြစ်နှင့် ရူးခြင်း ၏ အပြစ်ကို သိနားလည်ခြင်းငှါ ၎ င်း ၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ ၍ ကြိုးစားလေပြီ ။ ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင် ၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည် ၊ သေခြင်းထက် သာ ၍ ခါးသည်ကို ငါတွေ့ပြီ ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင် ၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည် ။ အပြစ်ပြုတတ်သောသူကိုကား ၊ ဘမ်းမိလိမ့်မည် ။ ဓမ္မဒေသနာဆရာ ဆိုသည်ကား ၊ ငါရှာ ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ ၊ ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့ ။ ငါတွေ့သောအရာ တခုတည်းဟူမူကား ၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း ၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ ။ အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း ။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း ။ ပညာသည် ပညာရှိသောသူ ၏ မျက်နှာကို ထွန်းလင်းစေတတ် ၏ ။ ထိုသူ ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ် ၏ ။ ဘုရားသခင့်ရှေ့တော် ၌ ပြုသောသစ္စာကို ထောက် ၍ ၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့ ။ သမ္မာသတိလစ် ၍ အထံတော်မှမထွက်နှင့် ။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့် ။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည် ။ ရှင်ဘုရင်အမိန့်တော် ၌ တန်ခိုးပါ ၏ ။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း ။ အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည် ။ ပညာရှိသောသူ ၏ စိတ်နှလုံးသည်လည်း ၊ ကာလအချိန်ကို ၎ င်း ၊ စီရင်ရသောအခွင့်ကို ၎ င်း သိမြင် တတ် ၏ ။ လူကြံစည်သမျှအဘို့ ၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ ၏ ။ သို့သော်လည်း ၊ လူသည် အလွန်ဆင်းရဲ ခြင်းကို ခံရ ၏ ။ နောက်ဖြစ်လတံ့သောအရာကိုမသိ ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှမပြောနိုင်ရာ ။ နံဝိညာဉ်ကို အစိုးရ ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ ။ ဒုစရိုက်ကို ပြုသော် လည်း ၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင် ။ ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ ၏ ။ ထိုမှတပါး ၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎ င်း ၊ အဓမ္မပြုဘူးသောမြို့ ၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို ၎ င်း ငါမြင်ပြီ ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။ အဓမ္မအမှုကို အလျင်အမြန်စစ်ကြော ၍ ၊ ဒဏ် မပေးသောကြောင့် ၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ ၊ ခိုင်မာစွာ သဘောထားကြ ၏ ။ အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု ၍ ၊ အသက်တာရှည်သော်လည်း ၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော် ၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ ၏ ။ အဓမ္မလူကား ၊ ဘုရားသခင်ရှေ့တော် ၌ မ ကြောက် မရွံ့သောအကြောင့် ၊ ကောင်းသောအကျိုးကို မခံရ ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ ။ မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား ၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း ၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ ၏ ။ ထိုနည်းတူ ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း ၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ ၏ ။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ ၏ ။ ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း ၏ ။ အကြောင်းမူကား ၊ လူသည်နေအောက်မှာ စားသောက် ခြင်း ၊ ပျော်မွေ့ခြင်းအမှု ထက်သာ ၍ ကောင်းသောအမှု မရှိ ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ ၌ ၊ ကြိုးစားအားထုတ် ၍ ရသောအကျိုး တို့တွင် ၊ ထိုအကျိုးကိုသာ အမြဲခံရ ၏ ။ လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ် ၍ ၊ ပညာတရားကို သိခြင်းငှါ ၎ င်း ၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ ၎ င်း ၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော် ၏ ။ ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ် ၍ မကုန်နိုင် ။ ကြိုးစား ၍ စစ်သော်လည်း ၊ အကုန်အစင်မသိနိုင် ။ ထိုမျှမက ၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း ၊ အကြံမမြောက်နိုင်ရာ ။ အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား ၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ ၊ ဘုရားသခင် ၏ လက်တော် ၌ ရှိကြ ၏ ။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင် ။ ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ ၏ ။ တရားသောသူနှင့် မတရား သောသူ ၊ ကောင်းသောသူနှင့် မကောင်းသောသူ ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏ ။ နေအောက်မှာ ပြုသမျှသောအမှု ၌ ပါသော ဝမ်း နည်းစရာဟူမူကား ၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ ၏ ။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့် ၏ ။ အသက် ရှင်စဉ်အခါ ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း ၍ ၊ နောက်တဖန် သေသွားတတ်ကြ ၏ ။ အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ ၏ ။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ ၍ ကောင်းမြတ် ၏ ။ အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ ၏ ။ သေသောသူမူကား ၊ အဘယ်အရာကိုမျှမသိ ။ အကျိုးအပြစ်ကိုလည်းမခံရ ။ သူ့ကိုလည်း မေ့လျော့တတ် ကြ ၏ ။ သူ ၏ ချစ်ခြင်း ၊ မုန်းခြင်း ၊ ငြူစူခြင်းလည်း ပျောက် ပျက် ၏ ။ နေအောက်မှာ ပြုသမျှသောအမှု ၌ သူတပါးနှင့် ရောနှော ၍ မဆိုင်ရ ။ သွားလော့ ။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့ ။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့ ။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ ၏ ။ သင့်အဝတ်လည်း ၊ အစဉ်ဖြူစင်ပါလေစေ ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့် ။ နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး ၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့ ။ ဤရွေ့ကား ၊ အသက်ရှင် ၍ နေအောက်မှာကြိုးစားအားထုတ်ရာ ၌ သင်ခံရသော အကျိုးပေတည်း ။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ် ၍ ဆောင်ရွက်လော့ ။ အကြောင်းမူကား ၊ သင်ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ ။ ကြံစည်ခြင်းမရှိ ။ သိပ္ပံအတတ် မရှိ ။ ပညာမရှိပါတကား ။ တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန် ၍ ကြည့်ရှုသောအခါ ၊ လျင်မြန်သောသူသည် ပြိုင် ၍ ပြေးသော်လည်း မနိုင်တတ် ။ ခွန်အားကြီးသောသူသည် စစ်တိုက် ၍ မအောင်တတ် ။ ပညာရှိသောသူသည် ဝစွာ မစားတတ် ။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ် ။ လိမ္မာသောသူသည် သူတပါးရှေ့ ၌ မျက်နှာ မရတတ် ။ ခပ်သိမ်းသောသူတို့ ၌ ကာလအချိန်စေခြင်း ၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏ ။ လူသည် မိမိကာလအချိန်ကိုမသိတတ် ။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့ ၎ င်း ၊ ကျော့ကွင်း ၌ ကျော့မိသော ငှက်ကဲ့သို့ ၎ င်း ၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက် ၍ ကျော့မိတတ်ကြ ၏ ။ နေအောက်မှာ ငါတွေ့မြင် ၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား ၊ မြို့သားနည်းသောမြို့ငယ်တမြို့ရှိ ၏ ။ ကြီးသော ရှင်ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည် ၍ ဝိုင်းထား ၏ ။ ထိုမြို့ ၌ နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင် ၏ ။ သို့သော် လည်း ၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့ ။ ထိုအခါ ငါဆိုသည်ကား ၊ ပညာသည် ခွန်အားထက် သာ ၍ ကောင်းမြတ် ၏ ။ သို့သော်လည်း ၊ ဆင်းရဲသောသူ ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ ၏ ။ သူ ၏ စကားကို နား မထောင်တတ်ကြ ။ အုပ်စိုးသောသူသည် မိုက်သောသူတို့တွင် ကြွေး ကြော်သောအသံကို နားထောင်ကြသည်ထက် ၊ ငြိမ်ဝပ် ရာ ၌ ပညာရှိပြောသောစကားကို သာ ၍ နားထောင်တတ် ကြ ၏ ။ ပညာသည် စစ်လက်နက်ထက်သာ ၍ ကောင်း မြတ် ၏ ။ ဒုစရိုက်ကိုပြုသောသူသည်လည်း ၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ် ၏ ။ အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့ ၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ် ၏ ။ ပညာရှိသောသူ ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ ၏ ။ မိုက်သောသူ ၏ နှလုံးမူကား ၊ မိမိလက်ဝဲလက် ၌ ရှိ ၏ ။ မိုက်သောသူသည် လမ်း ၌ သွားစဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက်ဖြစ် ၏ ဟု ခပ်သိမ်းသောသူတို့အား ပြောတတ် ၏ ။ မင်းသည် သင့်ကိုစိတ်ဆိုးလျှင် ၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့် ။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ် ၏ ။ မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော ၊ နေအောက် ၌ ငါမြင်ရသောအမှုဆိုးဟူမူကား ၊ မိုက်သောသူတို့သည် မြင့်သောအရပ် ၊ သူဌေးတို့ သည် နိမ့်သောအရပ် ၌ ထိုင်ရသောအမှု ၊ ကျွန်တို့သည် မြင်းကိုစီး ၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ ။ တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည် ။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည် ။ ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည် ။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည် ။ ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ ၍ အားထုတ်ရမည် ။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး ၍ ကျေးဇူးကြီး ၏ ။ မြွေသည် ပြုစားခြင်းကိုမခံ ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ ။ ပညာရှိသောသူ ၏ စကားသည် လျောက်ပတ် ၏ ။ မိုက်သောသူ ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ် ၏ ။ သူ ၏ စကားအစသည် မိုက်ခြင်း ၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ် ၏ ။ မိုက်သောသူသည် စကားများတတ် ၏ ။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ ။ လူနောက် ၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း ။ မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း ၊ သူတပါးတို့ကို ပင်ပန်းစေတတ် ၏ ။ ငယ်သားအစိုးရ ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ ၏ ။ မင်းသားအစိုးရ ၍ ၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ ၏ ။ အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ် ၏ ။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ် ၏ ။ ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ် ၏ ။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ် ၏ ။ ငွေမူကား ၊ အရာရာ ၌ နိုင်တတ် ၏ ။ ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့် ။ လူကြီး ကို အိပ်ခန်းထဲ ၌ မကျိန်ဆဲနှင့် ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည် ။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည် ။ သင် ၏ အစာကို ရေပေါ်မှာပစ်ချလော့ ။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည် ။ လူခုနစ်ယောက်မက ၊ ရှစ်ယောက်တို့အား ဝေမျှ လော့ ။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ ။ မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ် ၏ ။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ ၊ မြောက်လက်သို့လဲသည်ဖြစ်စေ ၊ လဲသောအရပ် ၌ နေရာကျ ၏ ။ လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ ။ နံဝိညာဉ်သွားရာလမ်းကို ၎ င်း ၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း ၌ အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎ င်း မသိနိုင်သကဲ့သို့ ၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် ၏ အမှုတော်တို့ကို မသိနိုင် ။ နံနက်အချိန် ၌ မျိုးစေ့ကိုကြဲလော့ ။ ညဦးအချိန် ၌ လည်း မကြဲဘဲမနေနှင့် ။ အကြောင်းမူကား ၊ အဘယ်အရာ သည် အကျိုးရှိမည်ကို ၎ င်း ၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို ၎ င်း မသိနိုင် ။ အကယ်စင်စစ် အလင်းသည်ချို ၏ ။ နေရောင် ခြည်ကိုမြင် ၍ ပျော်ပါးစရာရှိ ၏ ။ သို့ရာတွင် ၊ လူသည်အသက်တာရှည် ၍ အစဉ် ရွှင်လန်းသော်လည်း ၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ ။ ထိုကာလကြာမြင့်လိမ့်မည် ။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ ၏ ။ အချင်းလူပျို ၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့ ။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့ ။ ကိုယ်အလိုရှိရာလမ်းနှင့် ၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့ ။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော ၍ ၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့ ။ သို့ဖြစ် ၍ ၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့် ၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့ ။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ် ၏ ။ ငါနေ ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး ၊ ဆိုးသောကာလမရောက်မှီ ၊ ယခုအသက်ပျိုစဉ်အခါ ပင် ၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့ ။ နေနှင့်အလင်း ၊ လနှင့်ကြယ်တို့သည် ကွယ် ၍ မိုဃ်းရွာပြီးမှ ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့ ။ ထိုကာလ ၌ အိမ်စောင့်တို့သည် တုန်လှုပ် ၍ ၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည် ။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည် ။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည် ။ ကြိတ်သံလျော့သောအခါ ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည် ။ ငှက်သံကိုကြားသော အခါ ၊ စောစောထလိမ့်မည် ။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည် ။ ထိုကာလ ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည် ။ လမ်း ၌ ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည် ။ ဗာတံပင်ပွင့်လိမ့်မည် ။ ကျိုင်းကောင်သည် မိမိ ၌ မိမိ လေးလိမ့်မည် ။ အလိုဆန္ဒလျော့လိမ့်မည် ။ အကြောင်းမူ ကား ၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ ၍ ၊ ငိုခြင်းသည် တို့သည် လမ်းတို့ ၌ လှည့်လည်ကြ ၏ ။ ငွေကြိုးပြုတ်ခြင်း ၊ ရွှေဖလားကွဲခြင်း ၊ စမ်းရေတွင်း ၌ ရေပုံးပေါက်ခြင်း ၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်း အရာတို့သည် ဖြစ်ကြလိမ့်မည် ။ ထိုကာလ ၌ မြေမှုန့်သည် နေရင်းမြေသို့ ၎ င်း ၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎ င်း ပြန်သွားရလိမ့်မည် ။ အနတ္တသက်သက် ၊ အလုံးစုံတို့သည် အနတ္တဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာဟော ၏ ။ ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း ၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ ၏ ။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ ၍ စီရင် ၏ ။ ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ ၍ ၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား ၊ သမ္မာစကားဖြစ် ၏ ။ ပညာရှိသောသူ ၏ စကားသည် တုတ်ချွန်နှင့် ၎ င်း ၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ ၍ ၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့် ၎ င်း တူ ၏ ။ တဖန်တုံ ၊ ငါ့သား ၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့ ။ စာများကိုစီရင် ၍ မကုန်နိုင် ။ စာကို ကြိုးစား ၍ ကြည့်ရှုခြင်းအမှုသည် ၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ် ၏ ။ အချုပ်အခြာစကားဟူမူကား ၊ ဘုရားသခင်ကို ကြောက်ရွံ့ ၍ ၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့ ။ ဤရွေ့ကား ၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ ၍ ၊ အလုံးစုံသောအမှု ၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော ၍ ၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း ။ </passage></reply></GetPassage>