<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:28</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:28</urn><passage>ယုဒရှင်ဘုရင်ဩဇိမင်း ၊ ယောသံမင်း ၊ အာခတ် မင်း ၊ ဟေဇကိမင်း ၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက် ၊ ဗေရိ ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ်တော် အစအဦးဟူမူကား ၊ သင်သွား ၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဘွား မြင်သော သားသမီးတို့ကို သိမ်းပိုက်လော့ ။ အကြောင်း မူကား ၊ ပြည်သားတို့သည် ထာဝရဘုရားကုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူ သည်အတိုင်း ၊ ဟောရှေသည်သွား ၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့် ၊ သူသည် ပဋိသန္ဓေယူ ၍ ဟောရှေ ၌ သားယောက်ျားကို ဘွားမြင်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ထိုသားကို ယေဇရ အမည်ဖြင့် မှည့်လော့ ။ အကြောင်းမူကား ၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကိုသတ်သောအပြစ်ကြောင့် ၊ ယေဟု အမျိုးကို ငါသည် ဒဏ်ပေး ၍ ဣသရေလအမျိုး ၏ နိုင်ငံ ကို ဆုံးစေမည် ။ ဣသရေလလေးကို ယေဇရေလချိုင့် ၌ ငါချိုး သော နေ့ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ ၏ ။ တဖန်ပဋိသန္ဓေယူ ၍ သမီးကိုဘွားမြင်လေ ၏ ။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့ ။ အကြောင်းမူကား ၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည် ။ ယုဒအမျိုးကိုကား သနားစုံမက်ဦးမည် ။ သို့ရာ တွင် လေး ၊ ထား ၊ စစ်တိုက် ၊ လက်နက် ၊ မြင်း ၊ မြင်းစီးသူရဲ အားဖြင့် မကယ်တင် ၊ သူတို့ ၏ ဘုရားသခင် ထာဝရ ဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ ၏ ။ လောရုဟာမာကို နို့ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေယူပြန် ၍ သားယောက်ျားကို ဘွားမြင်လေ ၏ ။ ထိုသားကိုလောအမ္မိအမည်ဖြင့် မှည့်လော့ ။ အကြောင်းမူကား ၊ သင်တို့သည် ငါ ၏ လူမဟုတ် ။ ငါသည် လည်း သင်တို့ ၏ ဘုရားသခင်မဟုတ် ။ သို့ရာတွင် ၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင် ၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည် ။ သင်တို့သည် ငါ ၏ လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာ အရပ် ၌ ပင်လျှင် ၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင် ၏ သားဟု ခေါ် ဝေါ်ခြင်းကို ခံရကြလိမ့်မည် ။ ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလ အမျိုးသားတို့သည် စုဝေးပေါင်းတော် ၍ မင်းတဦး တည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြ လိမ့်မည် ။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ သင်တို့ ညီအစ်ကိုများကို ငါ ၏ လူဟူ ၍ ၎ င်း ၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ ၍ ၎ င်း တဖန်ခေါ်ကြလော့ ။ သင်တို့အမိနှင့် ဆွေးနွှေးကြလော့ ။ သူသည် ငါ့မယားမဟုတ် ၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့ ။ ပြည်တန်ဆာမျက်နှာကို ပယ် ၍ မှားယွင်းခြင်းအမှုကို ရှောင်စေ ။ မရှောင်လျှင် သူ ၏ အဝတ်ရှိသမျှကို ငါချွတ် ၍ ၊ သူဘွားသောနေ့ ၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ ၊ ပြင် ၌ ထုတ်ထားမည် ။ လွင်ပြင်ကဲ့သို့ သုတ်သင်မည် ။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား ၍ သေစေမည် ။ သူ ၏ သားသမီးတို့သည် သူမျောက်မထား ၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည် ။ သူတို့အမိသည် ပြည်တန်ဆာဖြစ် ၏ ။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ ။ သူကလည်း ၊ ငါ့မုန့် ၊ ငါ့ရေ ၊ ငါ့သိုးမွှေး ၊ ငါ့ပိုက်ဆန် ၊ ငါ့ဆီ ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ ။ သို့ဖြစ် ၍ ၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည် ။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည် ၌ ကျောက်ရိုးကို လည်း တည်မည် ။ သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည် ။ ယခုနေရာထက် အရင်နေရာသာ ၍ ကောင်းသည်ဟု ဆိုလိမ့်မည် ။ ဆန်စပါး ၊ စပျစ်ရည် ၊ ဆီတို့ကို ငါပေးသနား သည်ဟူ ၍ ၎ င်း ၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ ၌ ငါများပြားစေသည်ဟူ ၍ ၎ င်း သူသည် မအောက်မေ့ပါတကား ။ သို့ဖြစ် ၍ ၊ စပါးရိတ်ရာကာလ ၌ ငါ့စပါးကို ၎ င်း ၊ စပျစ်ရည်လုပ်ကာ ကာလ ၌ ငါ့စပျစ်ရည်ကို ၎ င်း ၊ သူ ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို ၎ င်း ငါသိမ်း ယူမည် ။ ယခုပင် သူ ၏ ရည်းစားများရှေ့ ၌ သူ့အဝတ်ကို ငါလှစ်လှန် ၍ အရှက်ခွဲမည် ။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ ။ သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း ၊ လဆန်းနေ့ ၊ ဥပုသ်နေ့စောင့်ခြင်း ၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည် ။ ဤသည်ကား ၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ် ၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း ၍ ၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည် ။ ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့ ၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့ ၍ ဗာလဘုရား တို့ လက်ထက် ၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ရာတွင် ၊ သူ့ကို တဖန်ငါဖြားယောင်းမည် ။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း ၊ နှစ်သိမ့်စေသော စကားကိုပြောမည် ။ တောတဘက် ၌ စပျစ်ဥယျာဉ်တို့ကို ၎ င်း ၊ အာ ခေါ်ချိုင့် ၌ မြော်လင့်ရာတံခါးကို ၎ င်း ၊ အာခေါ်ချိုင့် ၌ မြော်လင့်ရာတံခါးကို ၎ င်း ငါပေးမည် ။ သူသည် အသက် ငယ်စဉ်ကာလ ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ ၊ သီချင်းဆိုသကဲ့သို့ ၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ သင်သည်ငါ့ကို သခင်ဟူ ၍ မခေါ်ရ ၊ ခင်ပွန်းဟူ ၍ ခေါ် ရမည် ။ အခြားတပါးသော သခင်တို့ ၏ ဘွဲ့နာမများကို သူ ၏ နှုတ်မှ ငါပယ် ၍ ၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ ။ ထိုကာလ ၌ ငါသည် သူတို့အတွက် ၊ တောသားရဲ ၊ မိုဃ်းကောင်းကင်ငှက် ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့ ၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည် ။ ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည် ။ ဖြောင့်မတ်ခြင်း ၊ တရားသဖြင့် စီရင်ခြင်း ၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည် ။ သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ ၍ ၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ငါသည် နားထောင်မည် ။ မိုဃ်းကောင်းကင်စကားကို နားထောင် ၍ ၊ သူသည် မြေကြီးစကားကို နားထောင်မည် ။ မြေကြီးသည်လည်း ဆန်စပါး ၊ စပျစ်ရည် ၊ ဆီတို့ ၏ စကားကို နားထောင် ၍ ၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည် ။ ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ ၌ ကိုယ်အဘို့ ငါကြဲမည် ။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည် ။ ငါ ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ ၏ လူဖြစ်သည်ဟု ငါဆိုမည် ။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားက ၊ ဣသရေလအမျိုးသား တို့သည် အခြားတပါးသော ဘုရားတို့ကို ဖူးမြော် ၍ ၊ စပျစ် သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရား ချစ်တော်မူ သည်နည်းတူ ၊ မိမိခင်ပွန်း ၏ ချစ်ခြင်းကို ခံလျက် မျောက်မ ထားသော မိန်းမကို သွား ၍ ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း ၊ ထိုမိန်းမကို ငွေတဆယ်ငါးကျပ် ၊ မုယောဆန် တဟောမဲခွဲနှင့် ငါရွေးပြီးမှ ၊ သင်သည်ငါ့အဘို့ နေ့ရက်များစွာ စောင့် ၍ နေရမည် ။ ပြည်တန်ဆာ မလုပ်ရ ။ အခြားသော ယောက်ျားနှင့် မပေါင်းဘော်ရ ။ သို့ပြုလျှင် ၊ သင့်အဘို့ ငါစောင့် ၍ နေမည်ဟု ပြောထား ၏ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့ သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ ၊ မင်းသားမရှိ ၊ ယဇ် ပူဇော်ခြင်းမရှိ ၊ ဆင်းတုမရှိ ၊ သင်တိုင်းမရှိ ၊ တေရပ်ရုပ်တု မရှိဘဲနေရကြလိမ့်မည် ။ ထိုနောက်မှ ဣသရေလ အမျိုးသားတို့သည် ပြန်လာ ၍ ၊ သူတို့ဘုရားသခင် ထာဝရဘုရားကို ၎ င်း ၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို ၎ င်း ရှာ ၍ ၊ နောင်ကာလ ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ ၊ ထာဝရ ဘုရားထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည် ။ အိုဣသရေလအမျိုးသားတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ ၏ ။ အကြောင်းမူကား ၊ သူတို့သည် သစ္စာမရှိ ၊ ကရုဏာမရှိ ၊ ဘုရားသခင်ကို မသိကြ ။ ကျိန်ဆဲခြင်း ၊ မုသာစကားကို ပြောခြင်း ၊ လူ အသက်ကို သတ်ခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ သူ့မယားကို ပြစ်မှားခြင်းတို့ ၌ အဆီးအတားမရှိ ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ ၏ ။ ထိုကြောင့် ၊ ပြည်သည် ငြိုငြင်လိမ့်မည် ။ ပြည် သားအပေါင်းတို့နှင့်တကွ ၊ တောသားရဲ ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည် ။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည် ။ သို့ရာတွင် ၊ အဘယ်သူမျှ မဆီးတားစေနှင့် ။ အဘယ်သူမျှ မဆုံးမစေနှင့် ။ အကြောင်းမူကား ၊ သင် ၏ အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင် ဘက်ပြုသော သူကဲ့သို့ဖြစ်ကြ ၏ ။ ထိုကြောင့် ၊ နေ့အချိန် ၌ သင်သည်လဲရလိမ့်မည် ။ ညဉ့်အချိန် ၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရ လိမ့်မည် ။ သင့်အမိကိုလည်း ငါဖျက်ဆီးမည် ။ ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ ၏ ။ သင်သည် ပညာကိုပယ်သောကြောင့် ၊ ငါ့ယဇ် ပုရောဟိတ် အဖြစ်သို့ မရောက်စေခြင်းငှါ သင့်ကို ငါပယ်မည် ။ သင် ၏ ဘုရားသခင့်တရားကို သင်မေ့လျော့ သောကြောင့် ၊ သင် ၏ သားသမီးတို့ကို ငါ့မေ့လျော့မည် ။ သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကို ပြစ်မှားကြပြီ ။ သို့ဖြစ် ၍ ၊ သူတို့ ၏ ဘုန်းကို ငါအရှက်ကွဲ စေမည် ။ ငါ့လူတို့ ၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင် ၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ ၏ ။ ထိုကြောင့် ၊ လူတို့ ၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ်လိမ့်မည် ။ သူတို့အကျင့်များကို ငါစစ်ကြော ၍ ၊ အသီး အသီးပြုမူသမျှအတိုင်းအကျိုး အပြစ်ကိုပေးမည် ။ သူတို့သည် စား ၍ မဝရကြ ။ မတရားသော မေထုန်ကိုပြု ၍ သားသမီးကို မဘွားမြင်ရကြ ။ အကြောင်းမူကား စိတ်နှလုံးကို ယစ်မူး ၊ စေတတ် သော ကာမဂုဏ် ၌ ပျောမွေ့ခြင်း ၊ စပျစ်ရည်နှင့် သေရည် သေရက်ကို သောက်ခြင်း ၌ မှီဝှဲသောကြောင့် ထာဝရ ဘုရားကို စွန့်ပစ်ကြပြီ ။ ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ ၏ ။ သူတို့ ၏ တောင်ဝေးသည် အကြံပေးတတ် ၏ ။ ကိလေသာ စိတ်အားကြီးသောကြောင့် ၊ သူတို့သည် လမ်းလွှဲ ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ ၊ မှားယွင်းတတ်ကြ ၏ ။ တောင်ထိပ်ပေါ် ကုန်း ပေါ်မှာ ၎ င်း အရိပ်ကောင်းသောသပိတ်ပင်မျိုး ၊ လိဗနော ပင် အောက်မှာ ၎ င်း ၊ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ ၏ ။ ထိုကြောင့် ၊ သင်တို့သမီးတို့သည် ယောက်ျား နှင့် မှားယွင်း ၍ ၊ ချွေးမတို့သည် မျောက်မထားတတ်ကြ ၏ ။ သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း ၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော ၊ အကြောင်းမူကား ၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ် ၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ ၏ ။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တက်ကြ ၏ ။ သို့ဖြစ် ၍ ပညာမရှိသော သူတို့သည် ဆုံးရှုံးကြလိမ့်မည် ။ အိုဣသရေလအမျိုး ၊ ဥင်သည် ပြည်တန်ဆာလုပ်သော်လည်း ၊ ယုဒ အမျိုးကို မမှားယွင်းပါစေနှင့် ။ ဂီလဂါလမြို့သို့ မချဉ်းကပ် ကြနှင့် ။ ဗေသဝင်မြို့သို့ မသွားကြနှင့် ။ ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်းဟူ ၍ မကျိန်ဆိုကြနှင့် ။ ဣသရေလ အမျိုးသည် ရုန်းတတ်သော နွားမပျိုကဲ့သို့ဆန့်ကျင်ဘက်ပြုတတ် ၏ ။ ယခုမှာထာဝရဘုရား သည် ကျယ်သောအရပ် ၌ သိုးသငယ်ကိုထိန်းသကဲ့သို့ ၊ ဣသရေလ အမျိုးကို ပြုတော်မူမည် ။ ဧဖရိမ်သည်ရုပ်တုတို့ ၌ စွဲကပ်လျက်ရှိ ၏ ။ သူ့ကိုတတ်တိုင်းရှိစေလော့ ။ သူတို့စားသောက်ပွဲခံချိန်လွန်ပြီ ။ မင်းလုပ်သောသူတို့သည် အထပ်ထပ်မတရားသော မေထုန်ကိုပြုကြပြီ ။ ရှက်ဘွယ်သောအမှုကိုတပ်မက်ကြပြီ ။ လေသည် မိမိ အတောင်တို့နှင့်တိုက် ၍ ပါသွားမည် ။ သူတို့သည် မိမိတို့ ပူဇော်သောယဇ်များကြောင့် ရှက်ကြလိမ့်မည် ။ အို ယဇ်ပုရောဟိတ် တို့ ၊ ကြားကြလော့ ။ အိုဣသရေလအမျိုးသားတို့ ၊ နားထောင်ကြလော့ ။ အို နန်းတော် သားတို့ ၊ နားထောင်ကြလော့ ။ သင်တို့သည် စစ်ကြော စီရင်ခြင်းကို ခံရကြမည် ။ အကြောင်းမူကား ၊ သင်တိုသည် မိဇပါတောင်ပေါ်မှာကျော့ကွင်း ၊ တာဗော်တောင်ပေါ်မှာထောင်သော ပိုက်ဖြစ်ကြပြီ ။ ယဇ်ကောင် တို့ကိုသတ်သောအားဖြင့် မိမိတို့အပြစ်ကို များပြားစေကြ ၏ ။ ထိုကြောင့် ၊ ငါသည် ထိုသူအပေါင်းတို့ ၌ အပြစ်ဒဏ် ပေးမည် ။ ဧဖရိမ်ကို ငါသိ ၏ ။ ဣသရေလသည်လည်းငါ့ရှေ့မှ ပုန်းရှောင် ၍ မနေနိုင် ။ ယခုပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလသည် ညစ်ညူးခြင်းရှိ ၏ ။ သူတို့သည်ပြုမြဲပြုသောကြောင့် ၊ သူတို့ ၏ ဘုရားသခင့် ထံတော်သို့ပြန် ၍ မလာနိုင်ကြ ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ် ၍ ၊ ထာဝရဘုရားကိုမသိကြ ။ ဣသရေလအမျိုး ၏ မာနသည်သူ့မျက်မှောက် ၌ နှိမ့်ချခြင်းသို့ရောက်သဖြင့် ၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့ အပြစ် ၌ လဲ ၍ ၊ သူတို့နှင့် အတူယုဒ အမျိုးသည်လည်းလဲလိမ့်မည် ။ သိုးစု နွားစု ပါလျက် ၊ ထာဝရဘုရားကိုရှာခြင်းငှါ သွားကြသော်လည်း မတွေ့ရကြ ။ သူတို့နှင့် ကွာတော်မူပြီ ။ သူတို့သည်ထာဝရဘုရားထံတော် ၌ ခံသောသစ္စာကို ဖျက်ကြပြီ ။ အကြောင်းမူကား ၊ တပါးအမျိုးသား တို့ကို ဘွားမြင်ကြပြီ ။ လဆန်းနေ့ရောက်မှ သူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည် ။ ဂိဗာမြို့ ၌ နှဲခရာကို ၎ င်း ၊ ရာမမြို့ ၌ တံပိုးကို ၎ င်း မှုတ်ကြလော့ ။ ဗေသဝင်မြို့ ၌ ကြွေးကြော်ကြလော့ ။ အိုဗင်္ယာမိန်အမျိုး ၊ နောက်သို့ ကြည့်ကြလော့ ။ ဣသရေလ အမျိုးအနွယ်တို့ကို ဆုံးမသတိပေး သော နေ့ ၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည် ။ ဆက်ဆက် ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏ ။ ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သော သူကဲ့သို့ ဖြစ်ကြ ၏ ။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည် ။ ဧဖရိမ်သည် ညှဉ်းဆဲခြင်းကို ခံရ ၏ ။ တရား စီရင်ခြင်းနှင့်တွေ့ ၍ ဆုံးရှုံးရ ၏ ။ အကြောင်းမူကား ၊ အမိန့်တော်အတိုင်း ကျင့်လေပြီ ။ ထိုကြောင့် ၊ ငါသည် ဧဖရိမ် ၌ ကိုက်တတ်သော ပိုးကောင် ၊ ယုဒအမျိုး ၌ စားတတ်သော အနာကဲ့သို့ ဖြစ်မည် ။ ဧဖရိမ်သည် မိမိအပေါက်တို့ကို ၎ င်း ၊ ယုဒသည် မိမိအနာကို ၎ င်း မြင်သောအခါ ၊ ဧဖရိမ်သည် အာရှု ရှိမင်းထံသို့ သွား ၍ ၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း ၊ ထိုမင်းတို့သည် သင်တို့အပေါ်ကို မဖါနိုင် ၊ အနာကိုလည်း မပျောက်စေနိုင်ကြ ။ အကြောင်းမူကား ၊ ငါသည် ဧဖရိမ် ၌ ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ယုဒအမျိုး ၌ ခြင်္သေ့ပျိုကဲ့သို့ ၎ င်း ဖြစ်မည် ။ ငါသည် ကိုယ်တိုင်ကိုက်ဖြတ် ၍ သွားမည် ။ ချီသွား ၍ အဘယ်သူမျှ မနှုတ်ရ ။ သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ ။ ငါ့မျက်နှာ ကို မရှာမှီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား ၍ နေမည် ။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား ၍ ရှာကြလိမ့်မည် ။ လာကြ ။ ထာဝရဘုရားထံတော်သို့ ပြန်ကြ ကုန်အံ့ ။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည် ။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည် ။ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ ၍ ၊ သုံးရက်မြောက်သောနေ့ ၌ ထမြောက်စေတော်မူသဖြင့် ၊ အထံတော် ၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည် ။ ပညာကိုလည်း ရကြလိမ့်မည် ။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည် ။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည် ။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည် ။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည် ။ အိုဧဖရိမ် ၊ သင် ၌ အဘယ်သို့ ငါပြုရမည်နည်း ။ အိုယုဒ ၊ သင် ၌ အဘယ်သို့ ငါပြုရမည်နည်း ။ သင်တို့ ကြည်ညိုသော စိတ်သည် နံနက်မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ စောစောပျောက်တတ်သော နှင်းကဲ့သို့ ၎ င်းဖြစ် ၏ ။ ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်း သော အလင်းကဲ့သို့ ဖြစ်ကြပြီ ။ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ၎ င်း ၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို ၎ င်း ငါနှစ်သက် ၏ ။ သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူး ကြပြီ ။ နေရင်းအရပ် ၌ ငါ့သစ္စာကို ဖျက်ကြပြီ ။ ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ် ၍ ၊ လူအသွေးနှင့် စွန်းသော ခြေရာများ ၏ ။ ထားပြအလုံးအရင်းသည် ခရီးသွားသော သူကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင်မြို့သို့သွားသော လမ်း ၌ ပင် အသက် ကို သတ်တတ်ကြ ၏ ။ အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ ၏ ။ ကြောက်မက်ဘွယ်သောအမှုကို ဣသ ရေလအမျိုး ၌ ငါမြင်ပြီ ။ ထိုအမျိုး ၌ ဧဖရိမ်သည် မှားယွင်း တတ် ၏ ။ ဣသရေလသည် ညစ်ညူးခြင်းရှိ ၏ ။ ထိုမှ တပါး အိုယုဒအမျိုး ၊ သိမ်းသွားသော ငါ ၏ လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ ၏ ။ ဣသရေလ ၏ အနာကို ပျောက်စေခြင်းငှါ ငါပြု သောအခါ ၊ ဧဖရိမ် ၏ အပြစ်နှင့် ရှာမာရိပြုသော အဓမ္မ အမှုသည် ထင်ရှားပြန် ၏ ။ သူတို့သည် သစ္စာပျက်ကြပြီ ။ အထဲသို့ သူခိုးဝင်တတ် ၏ ။ ပြင် ၌ လည်း ထားပြအလုံး အရင်းတို့သည် တိုက်တတ်ကြ ၏ ။ သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည် ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ ။ ယခုပင်ထို အမှုတို့သည် သူတို့ကို ဝိုင်းကြပြီ ။ ငါ့မျက်မှောက်တွင် ရှိကြ ၏ ။ ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကို ၎ င်း ၊ မုသာစကားအားဖြင့် မင်းများကို ၎ င်း ဝမ်းမြောက်စေ ကြ ၏ ။ ထိုသူအပေါင်းတို့သည် မတရားသော မေထုန် ဖြင့် မှားယွင်းသော သူဖြစ် ၍ ၊ မီးထည့်သော မုန့်သည် ၏ မီးဖိုနှင့်တူကြ ၏ ။ မုန့်စိမ်းကိုနယ်ပြီးမှ မဖေါင်းကြွမှီတိုင် အောင် ၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ ၏ ။ ငါတို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသော သူတို့ကို လက်ခံတတ် ၏ ။ အကယ်စင်စစ် သူတို့သည် ချောင်း ၍ ကြည့် လျက် ၊ နေကြစဉ် မိမိတို့နှလုံးကိုမီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ ။ သူတို့မုန့်သည် တညဉ့်လုံးအိပ်သော်လည်း နံနက်အချိန် ၌ တောက်သော မီးကဲ့သို့ လောင်လျက်ရှိ ၏ ။ ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ ၏ ။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ ။ ဧဖရိမ်သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ ၏ ။ တမျက်နှာသာဖုတ် ၍ မလှန်သော မုန့်ပြား ဖြစ် ၏ ။ သူမသိမမှတ်ဘဲ တကျွန်းတနိုင်ငံသားတို့သည် သူ ၏ ခွန်အားကို စားကြပြီ ။ ကိုယ်မသိမမှတ်ဘဲ ခေါင်း ပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ ။ ဣသရေလအမျိုး ၏ မာနသည် သူ့မျက်မှောက် ၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ ။ ဧဖရိမ်သည် ဥာဏ်မရှိ ၊ မိုက်သော ချိုးနှင့်တူ ၏ ။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ် ၏ ။ အာရှုရိပြည်သို့ ပြေး တတ် ၏ ။ သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည် ။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည် ။ သူတို့စည်းဝေးရာ ၌ ကြားသည်အတိုင်းငါဆုံးမမည် ။ သူတို့သည် ငါ့ထံမှ ထွက် ၍ လည်သောကြောင့် အမင်္ဂလာရှိကြ ၏ ။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ ၏ ။ သူတို့ကို ငါရွေးနှုတ်သော်လည်း ၊ ငါ့တဘက် ၌ မုသာစကားကို ပြောကြ ၏ ။ သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း ၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ ။ ဆန်စပါး ၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး ၍ ငါ့ကိုပုန်ကန်ကြ ၏ ။ ငါသည် ဆုံးမသော် ၎ င်း ၊ သူတို့ကို ခိုင်ခံ့စေသော် ၎ င်း ၊ ငါ့တဘက် ၌ မကောင်းသော အကြံကိုကြံစည်ကြ ၏ ။ အကျိုးနည်းရှိကြ ၏ ။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ ၏ ။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ ၍ အဲကုတ္တုပြည်သားတို့ ၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည် ။ တံပိုးမှုတ်လော့ ။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား ၏ အိမ်တော်သို့ လာလိမ့်မည် ။ အကြောင်း မူကား ၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက် ၍ ငါ့တရားကို လွန်ကျူးကြပြီ ။ သို့ရာတွင် သူတို့က ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ် ၍ ကိုယ်တော်ကို သိကြပါ ၏ ဟု ငါ့အား ကြွေးကြော်ကြသည်တကား ။ ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့် ၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည် ။ သူတို့သည် ငါ ၏ အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ ။ ကိုယ်အကျိုးနည်းစေခြင်းငှါ ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ ။ အိုရှမာရိ ၊ သင် ၏ နွားသငယ်ကို စွန့်ပစ်လော့ ။ ကိုးကွယ်သော သူများကို ငါအမျက်ထွက် ၏ ။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း ။ ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ် ၏ ။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ် ။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည် ။ လေမျိုးစေ့ကို ကြဲ ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည် ။ စပါးပင် မရှိရ ။ အနှံထဲက မုန့်ညက်မထွက်ရ ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည် ။ ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ ။ အဘယ် သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့ တွင် ရှိရလိမ့်မည် ။ အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား ။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်း ရိုင်းကဲ့သို့ဖြစ် ၍ ၊ ရည်းစားတို့အား ဆုချလေပြီ ။ တပါးအမျိုးသားတို့အား ဆုချသော်လည်း ၊ ချက် ခြင်းလူများကို ငါစုဝေးစေမည် ။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည် ။ ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့် ၊ ယဇ်ပလ္လင်တို့ကို သူ ၏ အပြစ်ဟူ ၍ မှတ်ရလိမ့်မည် ။ ငါ့တရား ၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ ။ သို့သော်လည်း ၊ ရိုင်းသော အရာဟူ ၍ သူသည် မှတ်လေပြီတကား ။ ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော် ၍ ကိုယ်တိုင်စားကြ ၏ ။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့ ၍ စစ်ကြောတော်မူသော အားဖြင့် ၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည် ။ ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့ ၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏ ။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ် ၏ ။ သို့ရာတွင် ၊ ငါသည် ထိုမြို့များတို့ကို မီးရှို့ ၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည် ။ အိုဣသရေလအမျိုး ၊ တပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသော စိတ်ရှိ ၍ မခုန်နှင့် ။ ကိုယ်ဘုရား သခင် ၌ မဆည်းကပ် ၊ အခြားသော ဘုရားနှင့် မှားယွင်း ပြီ ။ ကောက်နယ်တလင်းရှိသမျှတို့ ၌ မှားယွင်းခကို နှစ် သက်တတ် ၏ ။ ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ ။ စပျစ်ရည်သစ်လည်း သူတို့ မြော်လင့်သည်အတိုင်း မထွက် ရ ။ ဧဖရိမ်အမျိုးတို့သည် ထာဝရဘုရား ၏ မြေ တော် ၌ မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား ၍ ၊ အာရှုရိ ပြည် ၌ မစင်ကြယ်သောအစာကို စားရကြမည် ။ စပျစ်ရည်သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား မပြုရကြ ။ ပူဇော်သော ယဇ်တို့ကို နှစ်သက်တော်မမူရ ။ ထိုယဇ်အသားသည် မသာလိုက် ၍ ငိုကြွေးမြည်တမ်းသော သူတို့ ၏ အစာကဲ့သို့ဖြစ် ၍ ၊ စား သောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့် မည် ။ သူတို့အစာကို ကိုယ်တိုင်စားကြစေ ။ ထာဝရဘုရား ၏ အိမ်တော်ထဲသို့ မသွင်းစေနှင့် ။ ဓမ္မပွဲနေ့ ၊ ထာဝရဘုရားအဘို့ဆောင်သော ပွဲနေ့ တို့ ၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း ။ ပျက်စီးရာထဲက သူတို့သည် ထွက်သွားကြပြီ ။ အဲဂုတ္တုပြည် ၌ စု ၍ မင်ဖိမြို့ ၌ သင်္ဂြိုဟ်ကြလိမ့်မည် ။ ငွေ တန်ဆာဆင်သော နေရာဘုံဗိမာန်များကို ဆူးအမျိုးမျိုး တို့သည် လွှမ်းမိုးကြလိမ့်မည် ။ စစ်ကြောရသော အချိန်ရောက်လေပြီ ။ အပြစ် ပေးရသောအချိန်ရောက်လေပြီ ။ ဣသရေလအမျိုး သိရလိမ့်မည် ။ ပရောဖက်သည် အမိုက်ဖြစ် ၏ ။ ဝိညာဉ်ဆု ကျေးဇူးကို ခံသောသူသည် အရူးဖြစ် ၏ ။ သင် ၌ အပြစ် ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ ၏ ။ ဧဖရိမ်ကင်းစောင့်သည် မိမိဘုရား ဘက်မှာ နေ ၏ ။ ပရောဖက်သည် ပြုလေသမျှတို့ ၌ မုဆိုးကျော့ကွင်း ဖြစ် ၏ ။ သူ ၏ ဘုရားအိမ်တွင် ဘေးပြုသော သူဖြစ် ၏ ။ ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ ။ သူတို့အပြစ်ကို အောက်မေ့ ၍ ဒုစရိုက်များကို စစ်ကြောတော်မူမည် ။ တော ၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါ တွေ့ ၏ ။ သီးစသော သင်္ဘောသဖန်းပင် ၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင် ၏ ။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့ သွား ၍ ၊ ထိုရှက်ဘွယ်သောအရာအဘို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြုကြ ၏ ။ ဧဖရိမ် ၏ ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည် ။ သားဘွားခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်း ၊ ပဋိသန္ဓေယူခြင်း မရှိရ ။ သားသမီးတို့ကို ကျွေးမွေးသော်လည်း ၊ တယောက်ကိုမျှ မကျန်စေခြင်းငှါ ငါလုယူမည် ။ အကယ် ၍ သူတို့ကို ငါစွန့်ပစ်သောအခါ အမင်္ဂလာရှိကြလိမ့်မည် ။ ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ် ၌ တည်ဟန်ရှိသော်လည်း ၊ မိမိသားသမီးတို့ကို လူသတ်လက် သို့ အပ်ရလိမ့်မည် ။ အိုထာဝရဘုရား ၊ ပေးသနားတော်မူပါ ။ အဘယ် သို့ ပေးတော်မူရမည်နည်း ။ ကိုယ်ဝန်မဆောင်သော ဝမ်း ၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ ။ ဂိလဂါလမြို့ ၌ သူတို့ပြုသမျှသော ဒုစရိုက်ရှိ ၍ ၊ ထိုအရပ် ၌ သူတို့ကို ငါမုန်း ၏ ။ သူတို့ ဒုစရိုက်အပြစ် ကြောင့် ငါ့အိမ်မှ ငါနှင်ထုတ်မည် ။ နောက်တဖန် သူတို့ကို မချစ် ။ သူတို့ မင်းအပေါင်းတို့သည် ပုန်ကန်တတ်သော သူဖြစ်ကြ ၏ ။ ဧဖရိမ်သည် အထိအခိုက်ခံရသောကြောင့် ၊ အမြစ်သွေ့ခြောက်လျက်ရှိ ၍ အသီးကို မသီးနိုင်ရာ ။ သားဘွားသော်လည်း ၊ အချစ်ဆုံးသော သားတို့ကို ငါသတ်မည် ။ ငါ့ဘုရားသခင် ၏ စကားတော်ကို နားမထောင် သောကြောင့် စွန့်ပစ်တော်မူ ၍ ၊ သူတို့သည် တပါးအမျိုး သားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည် ။ ဣသရေလသည် အသီးများစွာ သီးသော စပျစ် နွယ်ပင်ဖြစ် ၏ ။ ကိုယ်အလိုအလျောက် သီးတတ် ၏ ။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြားစေကြ ၏ ။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသော ရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား ။ သူတို့ ၌ စိတ်နှစ်ခွရှိ ၏ ။ ချက်ခြင်းအပြစ်ဒဏ်ကို ခံရကြမည် ။ သူတို့ ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင် ဖြိုချ ၍ ၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည် ။ ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သော ကြောင့် ရှင်ဘုရင်မရှိ ။ ရှင်ဘုရင်ရှိသော်လည်း ၊ ငါတို့အဘို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ခြင်း ဆိုရကြမည် ။ သူတို့ ကျိန်ဆိုသော စကားသည် စကားသက် သက်ဖြစ် ၍ ၊ မိဿဟာယဖွဲ့သောအခါ မုသာစကားကို သာ ပြောတတ်ကြ ၏ ။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့် မည် ။ ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ် အဘို့ ကြောက်ကြလိမ့်မည် ။ ထိုနွားသငယ် ၏ ဘုန်းအ တွက် သူ ၏ တကာတို့သည် ငိုကြွေးမြည်တမ်း ၍ ၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည် ။ အကြောင်းမူ ကား ၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ ၍ ၊ နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီး လျှင် ၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည် ။ ဧဖရိမ်သည် အသရေပျက် ၍ ဣသရေလသည် မိမိအကြံ အစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည် ။ ရှမာရိသည် ပျက်ရ ၏ ။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ် ၏ ။ ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ ၍ ၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည် ။ မြို့သားတို့ကလည်း ၊ အိုတောင်များ တို့ ၊ ငါတို့ကို ဖုံးအုပ်ကြပါ ။ အိုကုန်းများတို့ ၊ ငါတို့အပေါ် ၌ ကျကြပါဟု ခေါ်ကြလိမ့်မည် ။ ဂိဗာမြို့လက်ထက် ၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ ၍ ကြီး ၏ ။ ထိုမြို့ ၌ ရပ်နေ ကြ ၏ ။ ဂိဗာမြို့ ၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ ။ ငါသည် ကိုယ်အလိုအလျောက် သူတို့ကို ဆုံးမ မည် ။ သူတို့ အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသော အခါ ၊ သူတို့တဘက် ၌ လူများစည်းဝေးရကြလိမ့်မည် ။ ဧဖရိမ်သည် ယဉ် ၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း ၊ ငါသည် ထမ်းဘိုးကို ထမ်းစေ သဖြင့် ၊ ဧဖရိမ်သည် ကခြင်းကို ခံ ၍ ၊ ယုဒသည် ထွန်လျက် ၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက်ရှိရလိမ့်မည် ။ ကိုယ်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ ၍ ၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့ ။ မလုပ်သေး သော လယ်ကို ထွန်ကြလော့ ။ ထာဝရဘုရားသည် ကြွလာ ၍ ၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုဃ်းကို ရွာစေ တော်မမူမှီတိုင်အောင် ၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ ။ သင်တို့သည် ဒုစရိုက်မျိုးစေ့ကို ကြဲလို ၍ လယ် ထွန်သောကြောင့် ၊ အပြစ်စပါးကို ရိတ်ရကြ ၏ ။ မုသာ အသီးအနှံကို စားရကြ ၏ ။ အကြောင်းမူကား ၊ ကိုယ်ကြံ စည်ပြုမူခြင်းကို ၎ င်း ၊ ကိုယ် ၌ များစွာသော သူရဲတို့ကို ၎ င်း ကိုးစားတတ် ၏ ။ ထိုကြောင့် ၊ သင် ၏ လူတို့သည် ရုန်းရင်းခတ်ကြ လိမ့်မည် ။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ် တိုက်သောအခါ ဖျက်ဆီးသကဲ့သို့ ၊ သင် ၏ ရဲတိုက်ရှိသမျှ တို့သည် ပျက်စီးရကြလိမ့်မည် ။ အမိသည် သားတို့နှင့် အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည် ။ ထိုသို့ ဗေသလသည် သင်တို့ ဒုစရိုက်အပြစ်များ ကြောင့် သင်တို့ ၌ ပြုလိမ့်မည် ။ နံနက်အချိန်သည် လွန်တတ်သကဲ့သို့ ၊ ဣသရေလရှင်ဘုရင်သည် ရှင်းရှင်း ကွယ်ပျောက်ရလိမ့်မည် ။ ဣသရေလသည် အသက်ငယ်သောအခါ ငါ သည် ချစ် ၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ ။ သူတို့ကို ခေါ်သော သူတို့ထံမှ ထွက်သွားကြ ၏ ။ ဗာလဘုရားတို့အား ယဇ်ပူဇော် ၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ ၏ ။ ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ် အား လက်ဆွဲ ၍ သွန်သင် ၏ ။ သို့သော်လည်း ၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မသိဘဲ နေ ၏ ။ လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာ ကြိုးနှင့် ငါဆွဲငင် ၏ ။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့ ၍ ဖြည်းညှင်းစွာ ကျွေး ၏ ။ အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တုပြည်သို့ ပြန် ၍ မသွားရ ။ အာရှုရိ မင်းသည် သူတို့ကို အုပ်စိုးရလိမ့်မည် ။ ထားဘေးသည် သူ့နေရာမြို့တို့ အပေါ်သို့ ရောက် ၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည် ။ သူတို့ ကြံစည်ခြင်း အားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည် ။ ငါ ၏ လူတို့သည် ငါ့ထံမှ လွှဲမြဲလွှဲကြ ၏ ။ အမြင့် ဆုံးသော ဘုရားထံသို့ ခေါ်သော်လည်း ၊ ထိုဘုရားကို အဘယ်သူမျှ မချီးမြှောက်လို ။ အိုဧဖရိမ် ၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင် မည်နည်း ။ အိုဣသရေလ ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင် မည်နည်း ။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ ဖြစ်စေ နိုင်မည်နည်း ။ ဇေဘိုင်မြို့အရာ ၌ အဘယ်သို့ ခန့်ထားနိုင် မည်နည်း ။ ငါသည် နှလုံးပြောင်းလဲ ၍ အလွန် ကြင်နာ သော စိတ်ရှိ ၏ ။ ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို ။ ဧဖရိမ်ကို အထပ်ထပ်မဖျက်ဆီးလို ။ ငါသည် လူမဟုတ် ၊ ဘုရားသခင်ဖြစ် ၏ ။ မြို့ထဲမှာနေသော မြို့သားမဟုတ် သော်လည်း ၊ သင်တို့တွင်နေ ၍ သန့်ရှင်းသော ဘုရား ဖြစ် ၏ ။ သူတို့သည် ထာဝရဘုရား ၏ နောက်တော်သို့ လိုက်ကြလိမ့်မည် ။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည် ။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက် မျက်နှာမှအလျင်အမြန် ပြေးကြလိမ့်မည် ။ စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှ ၎ င်း ၊ ချိုးကဲ့သို့ အာရှု ရိပြည်မှ ၎ င်း အလျင်အမြန်ပြေးကြ ၍ ၊ သူတို့ကို နေရင်း အရပ် ၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ဧဖရိမ်သည် မုသာစကားနှင့် ၎ င်း ၊ ဣသရေလ သည် လှည့်စားခြင်းနှင့် ၎ င်း ငါ့ကို နှောင့်ရှက်တတ် ၏ ။ ယုဒသည်လည်း ဘုရားသခင့်ထံ ၊ သန့်ရှင်း ၍ သစ္စာစောင့် တော်မူသော ဘုရားသခင့်ထံမှ လွှဲ ၍ လှည့်လည်တတ် ၏ ။ ဧဖရိမ်သည် လေကို ကျက်စားတတ် ၏ ။ အရှေ့ လေကို လိုက်တတ် ၏ ။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ် ၏ ။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင် ၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ် ၏ ။ ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ ၏ ။ ယာကုပ် ၏ အကျင့်တို့ကို စစ်ကြော ၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည် ။ ယာကုပ်သည် အမိဝမ်း ၌ အစ်ကို ၏ ဖနှောင့်ကို ကိုင် ၏ ။ ခွန်အားကြီး ၍ ဘုရားသခင်နှင့် ပြိုင်လေ ၏ ။ ကောင်းကင်တမန်နှင့်ပြိုင် ၍ နိုင်လေ ၏ ။ ငို ၍ တောင်းပန်နှင့်ပြီ ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့ ၍ ၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ ၏ ။ ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင် ၏ ဘွဲ့နာမတော်ဖြစ် ၏ ။ သို့ဖြစ် ၍ ၊ သင် ၏ ဘုရားသခင့်ထံတော်သို့ ပြန်လာလော့ ။ ကရုဏာတရား ၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက် ၍ ၊ သင် ၏ ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့ ။ သူသည် ကုန်သည်ဖြစ် ၏ ။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ် ၏ ။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ ၏ ။ သို့ရာတွင် ၊ ဧဖရိမ်က ၊ ငါသည် ရတတ် ၏ ။ ဘဏ္ဍာကို သိုထားပြီ ။ ကြိုးစားသမျှတို့ ၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ ၍ မတွေ့ရာဟု ဆိုလိမ့်မည် ။ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင် ၏ ဘုရားသခင်ဖြစ် ၏ ။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့ ၌ နေစေမည် ။ ငါသည် ပရောဖက်တို့ ၌ ဗျာဒိတ်ပေးပြီ ။ များစွာ သော ရူပါရုံတို့ကို ပြပြီ ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ ။ ဂိလဒ်ပြည် ၌ အပြစ်ရှိ ၏ ။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ ။ ဂိလဂါလမြို့ ၌ နွားတို့ကို ယဇ် ပူဇော် ၍ ၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ ၏ ။ ယာကုပ်သည် ရှုရိပြည်သို့ ပြေး ၏ ။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ ၍ သိုးစုကို ထိန်း ရလေ ၏ ။ ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ် ၍ ၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ ၏ ။ ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ ။ ထိုကြောင့် ၊ လူအသက်ကို သတ်သော အပြစ် သည် သူ ၌ ရောက်လိမ့်မည် ။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ ၏ သခင်သည် ပြန်ပေးလိမ့်မည် ။ ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတပါး ကြောက်လန့်တတ် ၏ ။ သူသည် ဣသရေလအမျိုး ၌ မြင့် မြတ် ၏ ။ နောက်တဖန် ဗာလဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏ ။ ယခုမှာ အထပ်ထပ်ပြစ်မှား ၍ ကိုယ်ဥာဏ်ပညာ အားဖြင့် အရည်သွန်းသော ငွေရုပ်တု ၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကြ ၏ ။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ ၏ ။ ထိုကြောင့် ၊ သူတို့သည် နံနက်မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့ ၎ င်း ၊ ကောက်နယ်တလင်းမှ လေဘွေတိုက်သွားသော ဖွဲကဲ့သို့ ၎ င်း ၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့ ၎ င်း ဖြစ်ရကြလိမ့် မည် ။ သို့ရာတွင် ၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင် ၏ ဘုရားသခင် ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားသခင်ကို သင်မသိ ပြီ ။ ငါမှတပါး ကယ်တင်နိုင်သော သခင်မရှိ ။ အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော ၌ ပင် သင့်ကို ငါသိပြီ ။ ကျက်စားရာအရပ် ၌ ဝပြော စွာ စားရကြ ၏ ။ ဝသောအခါ ဝါကြွားသော စိတ်ရှိ ၍ ငါ့ကို မေ့ လျော့ကြ ၏ ။ ထိုကြောင့် ၊ သူတို့ ၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ် မည် ။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည် ။ သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍ ၊ သူတို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည် ။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ် ၌ ပင် ငါကိုက်စားမည် ။ တော သားရဲဖြစ် ၍ အပိုင်းပိုင်းဆွဲဖြတ်မည် ။ အို ဣသရေလ ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ ၏ ။ သင် ၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း ။ သင့်နေရာမြို့ရှိသမျှတို့ ၌ ကယ်တင်ပါစေသော ။ သင် ၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း ။ ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့် ၊ ငါအမျက်ထွက် ၍ ရှင်ဘုရင်ကို ပေးပြီ ။ တဖန်ပြင်းစွာ အမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ် ရှားပြီ ။ ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား ၍ သူ ၏ အပြစ်ကို သိုမှီးပြီ ။ သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ ။ မိုက်သောအမျိုးသားဖြစ် ၏ ။ သားဘွားရာ ဝမ်းဝ ၌ ကြာမြင့်စွာနေပါသည်တကား ။ သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည် ။ သေမင်းလက်မှလည်း ရွေးမည် ။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည် ။ အိုမရဏာနိုင်ငံ ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည် ။ နောင်တရမည်အကြောင်း ကို ပမာဏမပြု ။ မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ် သော်လည်း ၊ အရှေ့လေလာလိမ့်မည် ။ ထာဝရဘုရား ၏ လေသည် တောမှလာ ၍ သူ ၏ စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည် ။ ဘဏ္ဍာတိုက် ၌ ရှိသ မျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူ လိမ့်မည် ။ ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည် ။ မြို့သားတို့သည် ထားဖြင့် လဲ ၍ သေကြလိမ့်မည် ။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ၎ င်း ၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို ၎ င်း ခံရကြလိမ့်မည် ။ အိုဣသရေလ ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင် ၏ ဘု ရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့ ။ ပဌနာစကားကို ပြင်ဆင် ၍ ထာဝရဘုရားထံတော်သို့ ပြန်လျက် ၊ အကျွန်ုပ်တို့ ၌ ရှိသမျှသောအပြစ်တို့ ကို ပယ်ရှင်းတော်မူပါ ။ ကျေးဇူးပြု ၍ လက်ခံတော်မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသ ငယ်တို့ကို ပူဇော်ပါမည် ။ အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့ ၏ ဘုရားသခင်ဖြစ်ပါ ၏ ဟု နောက်တဖန် မဆိုပါ ။ အ ကြောင်းမူကား ၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ ၏ ဟု လျှောက်ကြလော့ ။ ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက် ပြန်ခြင်းကို ပြုပြင်မည် ။ ကိုယ်အလိုအလျောက် စုံမက် မည် ။ ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည် ။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည် ။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည် ။ အညွှန့်တို့သည် ပြန့်ပွါး ၍ ၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည် ။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည် ။ ထိုအပင် ၏ အရိပ်အောက် ၌ နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ ၍ စပါးကိုပြုစုကြလိမ့်မည် ။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး ၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည် ။ ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည် ။ သူ ၏ စကားကိုလည်း ငါနားထောင် ၍ သူ့ကိုကြည့်ရှုမည် ။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ် ၍ ၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည် ။ အဘယ်သူသည်ပညာရှိသနည်း ။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည် ။ အဘယ်သူသည် ဥာဏ်ကောင်းသနည်း ။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည် ။ အဘယ်သူသည် ဖြောင့်ကြ ၏ ။ ဖြောင့်မတ် သော သူတို့သည် လိုက်ကြလိမ့်မည် ။ အဓမ္မလူတို့မူကား ၊ ထိုလမ်းတို့ ၌ ထိမိ ၍ လဲကြလိမ့်မည် ။ </passage></reply></GetPassage>