<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:45</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:45</urn><passage>လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော ၊ သေခြင်းမှထမြောက်တော်မူ ၍ ၊ သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊ တန်ခိုးနှင့်တကွ ဘုရားသခင် ၏ သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု ၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့် ၊ သန့်ရှင်းသော ကျမ်းစာ ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ ၊ ရွေးချယ်ခွဲထား ၍ တမန်တော်အရာ ၌ ခန့်ထားသော ယေရှုခရစ် ၏ ကျွန်ငါပေါလုသည် ၊ ဘုရားသခင်ချစ်တော်မူ ၍ ၊ သန့်ရှင်းသူအရာ ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ သခင်ယေရှုခရစ် ၏ နာမတော်ကို အမှီပြု ၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ ။ ထိုသခင်ထံ ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့ ၌ အပါ အဝင်ဖြစ်ကြ ၏ ။ သင်တို့ ၏ ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး ၌ အနှံ့အပြား ကျော်စောသည်ဖြစ် ၍ ၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့် ၊ ငါ ၏ ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း ၏ ။ ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့ ၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော် ၏ ဧဝံဂေလိတရားကို ဟောလျက် ၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက် ၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ ၏ အသက်သေခံဖြစ်တော်မူ ၏ ။ မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့် ၍ ၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု ၏ ။ သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း ၊ ငါသည် သင်တို့ ၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ ၏ ။ ထိုသို့ဆိုသော် ၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း ။ ညီအစ်ကိုတို့ ၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ ၊ ထိုသို့အကြံရှိသော်လည်း ၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ ၏ ။ ဟေလသလူဖြစ်စေ ၊ လူရိုင်းဖြစ်စေ ၊ ပညာရှိဖြစ်စေ ၊ ပညာမဲ့ဖြစ်စေ ၊ လူအမျိုးမျိုးတို့ ၏ ကြွေးသည် ငါ ၌ တင်လျက်ရှိ ၏ ။ သို့ဖြစ်လျှင် ၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ ၏ ။ ငါသည်ခရစ်တော် ၏ ဧဝံဂေလိတရားကြောင့် ၊ ရှက်ကြောက်ခြင်းမရှိ ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေ့ဦးစွာ ၌ ယုဒလူ ၊ နောက် ၌ ဟေလသလူ ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင် ၏ တန်ခိုးတော်ဖြစ် ၏ ။ အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ ၊ ယုံကြည်ခြင်း ၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားသည် ၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ ၏ ။ သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု ၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက် ၌ ဘုရားသခင် ၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ သိအပ်သော ဘုရားသခင် ၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ ၏ ။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ ။ အဘယ်သို့နည်းဟူမူကား ၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင် ၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ ၍ ထင်ရှားလျက်ရှိကြ ၏ ။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင် ၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ် ၊ အချည်းနှီး တွေးဆခြင်း ၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ ၏ ။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ ၌ တည်ကြသည် ဖြစ် ၍ ၊ မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင် ၏ ဂုဏ်တော်ကိုပယ်လျက် ၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ ၏ ရုပ်တု ၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန် ၏ ရုပ်တုကို ဘုရားသခင်အရာ ၌ ချီးမြှောက် ကြ ၏ ။ ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း ၊ ဘုရား သခင်သည် သူတို့ကိုသူတို့ ၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ ၏ ။ သူတို့သည် မှန်သောဘုရားသခင့်အရာ ၌ အမှားကိုထားလျက် ၊ ဖန်ဆင်းတတ်သော သခင်ကိုပယ် ၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ ၏ ။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ ၏ ။ အာမင် ။ ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့် ၍ ၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ ၏ ။ ထိုအတူ ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့် ၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့် ၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက် ၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ ၏ ။ ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ် ၍ ၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း ၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ ၊ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း ၊ မတရားသော မေထုန်ကိုပြုခြင်း ၊ ဆိုးညစ်ခြင်း ၊ လောဘ လွန်ကျူးခြင်း ၊ မနာလိုခြင်း ၊ ငြူစူခြင်း ၊ လူအသက်ကို သတ်ခြင်း ၊ ရန်တွေ့ခြင်း ၊ လှည့်ဖြားခြင်း ၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ ၊ ချောစားသောသူ ၊ ဆဲရေးသောသူ ၊ ဘုရားသခင်ကိုမုန်းသောသူ ၊ ကြမ်းတမ်းသောသူ ၊ မာနထောင်လွှားသောသူ ၊ ဝါကြွား သောသူ ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ ၊ မိဘစကားကို နားမထောင်သောသူ ၊ သတိမရှိသောသူ ၊ သစ္စာပျက်သောသူ ၊ မိဘသားမယားစသည်တို့ကို မချစ်သောသူ ၊ ရန်ငြိုးထားသောသူ ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ ၏ ။ ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက ၊ ထိုသို့ ကျင့်သောသူတို့ ၌ အားရဝမ်းမြောက်ကြ ၏ ။ သူတပါးကို စစ်ကြောစီရင်တတ်သောသူ ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ ။ အကြောင်းမူကား ၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ် ၍ ၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက် ၏ ။ ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ ၏ ။ ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင် ၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော ။ ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း ၊ သည်းခံတော်မူခြင်း ၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော ။ ထိုသို့ပြုလျှင် စိတ်ခိုင်မာ ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင် ၏ တရားတော်ထင်ရှားသောနေ့ ၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော ။ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့ ၊ ကောင်းသောအကျင့်ကို အမြဲကျင့် ၍ ၊ ဘုန်း အသရေကို ၎ င်း ၊ မဖေါက်ပြန်သောဇာတိကို ၎ င်း ၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့ ၊ ငြင်းဆန်သောသဘောရှိ ၍ ၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား ၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့ ၊ ရှေးဦးစွာ ၌ ယုဒလူ ၊ နောက် ၌ ဟေလသလူ ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့ ၊ ရှေးဦးစွာ ၌ ယုဒလူ ၊ နောက် ၌ ဟေလသလူ ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့ ။ ဘုရားသခင်သည် အဘယ်သူ ၏ မျက်နှာကို မျှမှတ်တော်မမူ ။ ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား ၏ စီရင်ခြင်းကို ခံရကြလိမ့်မည် ။ အကြောင်းမူကား ၊ တရားနာသောသူသည် ဘုရားသခင်ရှေ့ ၌ ဖြောင့်မတ်သည်မဟုတ် ။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည် ။ သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ ၊ ကိုယ်အလိုအလျောက်တရားတော်ကို ကျင့်သောအခါ ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့် ၎ င်း ၊ ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့် ၎ င်း ၊ အချင်းချင်းဆွေးနွေးဆင်ခြင် ၍ အပြစ်တင်လျက် ၊ လွှတ်လျက်နေသဖြင့် ၎ င်း ၊ မိမိတို့စိတ်နှလုံးထဲ ၌ မှတ်သားသော တရား ၏ အကျိုးကို ထင်ရှားစွာ ပြကြ ၏ ။ ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း ၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့ ၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့ ။ သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ ၊ ပညတ်တရားတော်ကို ကိုးစားသောသူ ၊ ဘုရားသခင်ကို အမှီပြု ၍ ဝါကြွားသောသူ ၊ အလိုတော်ကိုသိသောသူ ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားထား တတ်သောသူဖြစ်သည်နှင့် ၊ လူကန်းတို့အား လမ်းပြသောသူ ၊ မှောင်မိုက် ၌ နေသောသူတို့ကို လင်းစေသောသူ ၊ လူမိုက်တို့ကို ဆုံးမတတ်သောသူ ၊ သူငယ်တို့ကို နည်းပေးသောသူ ၊ ပညတ်တရားတော်အားဖြင့် ပညာကို ၎ င်း ၊ သမ္မာတရားကို ၎ င်းရိပ်မိသောသူဖြစ်သည်ဟူ ၍ ၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင် ၊ သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော ။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော ။ သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော ။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက် ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော ။ ပညတ်တရားတော်ကိုအမှီပြု ၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး ၍ ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို ရှုတ်ချသလော ။ အကြောင်းမူကား ၊ ကျမ်းစာ ၌ လာသည်နှင့်အညီ ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက် ၍ ဘုရားသခင် ၏ နာမတော်ကို ကဲ့ရဲ့တတ်ကြ ၏ ။ သင်သည်ပညတ်တရားကို ကျင့်လျှင် ၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ ၏ ။ ပညတ်တရားကို လွန်ကျူးလျှင် ၊ သင် ၏ အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန် ၏ ။ ထိုမှတပါး ၊ အရေဖျားလှီးခြင်းကို မခံသောသူ သည်တရား ၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင် ၊ ထိုသူ ၏ အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော ။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင် ၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့ ၍ အရှုံးခံစေမည် မဟုတ်လော ။ အကြောင်းမူကား ၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ် ။ အပြင်အားဖြင့်သာ ကိုယ်အသား အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန် မဟုတ် ။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန် ၏ ။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင် ၏ ။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင် ၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း ။ ထိုသို့ဖြစ်လျှင် ၊ ယုဒလူသည်အဘယ်သို့သာသနည်း ။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း ။ အထွေထွေသော အကျိုးများစွာရှိ ၏ ။ ထူးမြတ်သော အကျိုးဟူမူကား ၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင် ၏ ဗျာဒိတ်တော်များကို ခံရကြ ၏ ။ သူတို့တွင် အချို့မယုံသော်လည်း ၊ အဘယ်ဆိုဘွယ်ရှိသနည်း ။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင် ၏ သစ္စာတော်ကို ဖျက်နိုင်သလော ။ မဖျက်နိုင်ရာ ။ သို့ဖြစ် ၍ မိန့်တော်မူချက်သည် ဖြောင့်ပါ ၏ ။ တရားစီရင်သောအခါ အောင်မြင်တော်မူ ၏ ဟု ကျမ်းစာ ၌ လာသည်နှင့်အညီ ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း ၊ ဘုရားသခင် ၏ သစ္စာတော်သည် တည်စေသတည်း ။ ငါတို့ ၏ မတရားသောအမှုသည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင် ၊ အဘယ် သို့ဆိုရသနည်း ။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင် ၊ မတရားသောအမှုကို ပြုတော်မူသလော ။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း ။ ထိုသို့မဟုတ်ရာ ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း ။ ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင် ၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင် ၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ ၍ မေးပြန်လျှင် ၊ ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက် ၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော ။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ ၏ ။ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း ။ ငါတို့သည် မြတ်သလောဟု မေးပြန်သော် ။ အလျှင်းမမြတ် ။ အကြောင်းမူကား ၊ ယုဒလူ ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ ။ ကျမ်းစာလာသည်ကား ၊ ဖြောင့်မတ်သောသူမရှိ ၊ တယောက်မျှမရှိ ။ နားလည်သောသူမရှိ ၊ ဘုရားသခင်ကို ရှာသော သူမရှိ ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ ၊ တယောက်မျှမရှိ ။ သူတို့ ၏ လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ် ၏ ။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ ၏ ။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ ၏ ။ သူတို့နှုတ်သည် ကျိန်ဆဲသောစကား ၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ ၏ ။ သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန် ၏ ။ သူတို့သွားရာလမ်း ၌ ပျက်စီးခြင်း ၊ ဒုက္ခ ဆင်းရဲခြင်းရှိ ၏ ။ ချမ်းသာလမ်းကိုသူတို့မသိကြ ။ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း သည် သူတို့မျက်စိ ၌ မထင်ဟုကျမ်းစာလာသတည်း ။ ပညတ်တရား ၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ ၏ ။ ထိုသို့ဖြစ် ၍ ၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော် ၌ အပြစ်တင်သောသူဖြစ်ကြ ၏ ။ ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ၊ ပညတ်တရား ၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော် ၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ ။ ယခုမူကား ၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော ၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ် ၍ ၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင် ၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ ။ ခြားနားခြင်းအလျှင်းမရှိ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု ၍ ဘုရားသခင်ရှေ့တော် ၌ အသရေ ပျက်ကြပြီ ။ ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ ၏ ။ ဘုရားသခင်သည် သည်းခံတော်မူ ၍ ၊ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင် ၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ခြင်းငှါ ၎ င်း ၊ ယခုကာလ ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ၍ ၊ ယေရှုကိုယုံကြည်သော သူတို့ ၏ အပြစ်ကို လွှတ်တော်မူသော်လည်း ၊ တရားသဖြင့် ပြုတော်မူခြင်းငှါ ၎ င်း ၊ ယေရှုခရစ် ၏ အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့် ၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ ။ သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော် ၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီးအဘယ်တရားအားဖြင့် ပယ်သနည်း ။ အကျင့် တရားအားဖြင့် ပယ်သလော ။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ် ။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ ။ ထိုကြောင့်လူမည်သည်ကား ၊ ပညတ်တရား ၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ ၏ ။ ဘုရားသခင်သည် ယုဒလူတို့ ၏ ဘုရားသာ ဖြစ်တော်မူသလော ။ တပါးအမျိုးသားတို့ ၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော ။ ဟုတ်ပေ ၏ ။ တပါးအမျိုးသား တို့ ၏ ဘုရားလည်း ဖြစ်တော်မူ ၏ ။ အကြောင်းမူကား ၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ ၌ တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ ၏ ။ သို့ဖြစ်လျှင် ၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော ။ အလျှင်းမပယ် ၊ သာ ၍ တည်စေကြ ၏ ။ ထိုသို့ဖြစ်လျှင် ၊ ငါတို့အဘအာဗြဟံသည် ဇာတိ ပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း ။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ ၏ ။ ဘုရားသခင့်ရှေ့တော် ၌ ထိုသို့မဟုတ် ။ ကျမ်းစာ ၌ အဘယ်သို့လာသနည်း ။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ။ အကျင့်ရှိသောသူမည်သည်ကား ၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ် ။ ခံထိုက်သော အားဖြင့်ခံရ ၏ ။ အကျင့်မရှိသောသူမည်သည်ကား ၊ မတရားသောသူ ၏ အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင် ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ ၏ ။ ထိုအတူ ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ် ၍ ဆိုသည်ကား ၊ အပြစ်မှလွှတ်ခြင်း ၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ ၏ ။ ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ ၏ ဟု ပြောဆိုသတည်း ။ အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော ။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော ။ အဘယ်ကြောင့်မေးသနည်းဟူမူကား ၊ ယုံကြည်ခြင်းကို အာဗြဟံ ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ ၏ ။ ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း ။ အရေ ဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော ။ မခံမှီမှတ်သလော ။ ခံပြီးမှမှတ်သည်မဟုတ် ။ မခံမှီမှတ်သတည်း ။ အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ ၊ ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့ ၏ အဘဖြစ်အံ့သောငှါ ၎ င်း ၊ အရေဖျားလှီးခြင်းကို ခံသည် သာမက ၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသောယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့ ၏ အဘဖြစ်အံ့သောငှါ ၎ င်း ၊ အာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမှီရှိသော ယုံကြည်ခြင်း ၏ ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျား လှီးခြင်း ၏ လက္ခဏာကို ခံရသတည်း ။ ထိုမှတပါး ၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှစသောသူ ၏ အမျိုးအနွယ်တို့ သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ် ။ ယုံကြည် ခြင်း ၏ ဖြောင့်မတ်ခြင်းအားဖြင့် ရကြ ၏ ။ အကြောင်းမူကား ၊ ပညတ်တရားနှင့်ဆိုင်သော သူတို့သည် အမွေခံဖြစ်သည်မှန်လျှင် ၊ ယုံကြည်ခြင်း တရားကိုပယ်ပြီ ။ ဂတိတော်လည်း အချည်းနှီးဖြစ် ၏ ။ ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင် ၏ ။ ပညတ်တရားမရှိလျှင် ၊ လွန်ကျူးခြင်း အပြစ်မရှိ ။ ထိုကြောင့် ၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့ ၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့ ၌ ပြည့်စုံလျက် ၊ အာဗြဟံ ၏ အမျိုးအနွယ်အပေါင်းတို့ ၌ ပြည့်စုံမည်အကြောင်း ၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင် ၏ ။ ငါသည် သင့်ကို လူမျိုးအများတို့ ၏ အဘ ဖြစ်စေ ၏ ဟု ကျမ်းစာ ၌ လာသည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား ၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော ၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော ၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော် ၌ ခပ်သိမ်းသောငါတို့ ၏ အဘဖြစ်သတည်း ။ သင် ၏ အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည် ဟူသော ဗျာဒိတ်တော်အတိုင်း ၊ မိမိသည် လူမျိုးအများ တို့ ၏ အဘဖြစ်မည်ဟု မြော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည် ၍ မြော်လင့်လေ ၏ ။ ယုံကြည်အားကြီးသည်ဖြစ် ၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့် ၊ မိမိကိုယ်သည်အသေ ကဲ့သို့ ရှိကြောင်းကို ၎ င်း ၊ မိမိခင်ပွန်းစာရာ ၏ ဝမ်းသည် သေကြောင်းကို ၎ င်း မအောက်မေ့ ၊ ယုံမှားသောစိတ်နှင့်ကင်း ၍ ဘုရားသခင် ၏ ဂတိတော်ကို တွေးတောခြင်းမရှိ ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း ၍ ၊ ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ ၏ ။ ထိုကြောင့် ၊ သူ ၏ ယုံကြည်ခြင်းကို သူ ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ။ ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုး အလိုငှါသာ ကျမ်းစာ ၌ ရေးထားသည်မဟုတ် ။ ငါတို့အကျိုးအလိုငှါရေးထားသတည်း ။ ငါတို့ သခင်ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော သူကိုငါတို့သည် ယုံကြည်လျှင် ၊ ထိုယုံကြည်ခြင်းကို ငါတို့ ၏ ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့ ။ ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ ၏ ။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ ၏ ။ ထိုကြောင့် ၊ ငါတို့သည် ယုံကြည်ခြင်းရှိ ၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော် ၌ ငြိမ်သက်ခြင်းကို ခံစားကြ ၏ ။ ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ ၍ ၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ ၏ ။ သို့ဖြစ် ၍ ဘုရားသခင် ၏ ဘုန်းတော်ကို မြော်လင့် ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ ၏ ။ ထိုမျှမက ၊ ဒုက္ခဆင်းရဲခြင်းကိုခံ ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ ၏ ။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ် ၏ ။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ် ၏ ။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ် ၏ ။ ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ် ၏ ။ အဘယ်ကြောင့်နည်းဟူမူ ကား ၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ ၏ ။ ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ ၏ ။ ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံ မည့်သူရှိခဲ ၏ ။ သူတော်ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူရှိကောင်းရှိလိမ့်မည် မှန်စေတော့ ။ ငါတို့သည် အပြစ်ရှိစဉ်ပင် ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ် ၍ ၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ ၏ ။ သို့ဖြစ် ၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ ၊ ထိုသခင်အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ ၍ မြော်လင့်စရာရှိ ၏ ။ အကြောင်းမူကား ၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင် ၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ၊ ငါတို့ သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင် ၊ မိဿဟာယဖွဲ့ပြီးမှ ၊ အသက်တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ ၍ မြော်လင့်စရာရှိ ၏ ။ ထိုမျှမက ၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာ ကျေးဇူးကိုယခုခံပြီးလျှင် ၊ ထိုသခင်အား ဖြင့် ဘုရားသခင် ၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ ၏ ။ ဤအကြောင်းအရာဟူမူကား ၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင် ၍ ၊ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့်အညီ ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ ၏ ။ ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက ၌ အပြစ်ရှိ ၏ ။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင် ၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ ၊ သို့သော်လည်း အာဒံလက်ထက်မှစ ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ ၏ ။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ ၏ ။ ထိုအာဒံသည် နောက်လာလတံ့သောသူ ၏ ပုံပမာဖြစ်သတည်း ။ သို့သော်လည်း ၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော် သဘောမတူ ၊ အကြောင်းမူကား ၊ လူ တယောက်သည် ပြစ်မှားသောအားဖြင့် ၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ ၏ ။ တယောက်သောသူတည်း ဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင် ၏ ကျေးဇူးတော်နှင့် ကျေးဇူးတော် ၏ အကျိုးသည်လူများတို့ ၌ သာ ၍ ကြွယ်ဝပြည့်စုံ ၏ ။ ထိုမှတပါး ၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာမတူ ။ အကြောင်းမူကား ၊ တရား စီရင်သောအရာမှာ ၊ အပြစ်တခုကြောင့် ဒစ်ခံစေဟု စီရင် ၏ ။ ကျေးဇူးတော်အရာမှာ ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင် ၏ ။ ထိုမှတပါး ၊ လူတယောက်သည် ပြစ်မှားသောကြောင့် ၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ ၏ ။ ကျေးဇူးတော် ၏ ကြွယ်ဝခြင်းကို ၎ င်း ၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို ၎ င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ ၍ စိုးစံရကြလတံ့ ။ ထိုကြောင့် ၊ တယောက်သောသူ ၏ ပြစ်မှားခြင်းအားဖြင့် ၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ ၊ တယောက်သောသူ ၏ ဖြောင့်မတ်ခြင်းအားဖြင့် ၊ လူအပေါင်းတို့သည် အသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ ၏ ။ အကြောင်းမူကား ၊ တယောက်သောသူသည် နားမထောင်သောအားဖြင့် ၊ လူများတို့သည် အပြစ် ရောက်သည်နည်းတူ ၊ တယောက်သော သူသည် နားထောင်သောအားဖြင့် ၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ ၏ ။ ထိုမှတပါး ၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ်ပွါးများ ၏ ။ သို့သော်လည်း အပြစ်ပွါး များသည် အရာမှာ ကျေးဇူးတော်သာ ၍ ကြွယ်ဝ ၏ ။ ထိုသို့ဖြစ်လျှင် ၊ အပြစ်တရားသည်သေခြင်းအားဖြင့် အစိုးရသည်နည်းတူ ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း ။ ထိုသို့မှန်လျှင် ၊ အဘယ်သို့ပြောရမည်နည်း ။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့် ၍ နေရမည်လော ။ ထိုသို့မနေရ ။ အပြစ်တရားမှ စုတေ့သောသူတို့ သည် ထိုတရား ၌ အဘယ်သို့ ရှင်ရဦးမည်နည်း ။ ယေရှုခရစ် ၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း ၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော ။ ထိုကြောင့် ၊ အသေခံတော်မူခြင်း ၌ ဗတ္တိဇံကို ခံသောအားဖြင့် ၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ ၏ ။ အကြောင်းမူကား ၊ ခရစ်တော်သည် ခမည်းတော် ၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ ၊ ငါတို့သည်လည်း အသစ်သောအသက် ၌ ကျင်လည်ရကြသတည်း ။ တနည်းကား ၊ အသေခံတော်မူခြင်း ၏ ပုံသဏ္ဌာန်ကိုဆောင် ၍ ၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင် ၊ ထမြောက်တော်မူခြင်း ၏ ပုံသဏ္ဌာန်ကိုဆောင် ၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည် ။ ထိုမှတပါး ၊ ငါတို့ ၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ ၏ ။ အကြောင်းမူကား ၊ ငါတို့သည် နောက်မှ အပြစ်တရား ၏ အစေကို မခံစေခြင်းငှါ ၊ အပြစ်တရား ၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း ။ သေသောသူသည် အပြစ်တရား ၏ လက်မှ လွတ်လျက်ရှိ ၏ ။ ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ ၏ ။ သေခြင်းတရားသည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော် ၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင် ၊ ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟုသဘော ရှိကြ ၏ ။ ခရစ်တော်သည် အသေခံတော်မူရာမှာ ၊ အပြစ်တရားကြောင့် တကြိမ်သာခံတော်မူ ၏ ။ အသက် ရှင်တော်မူရမှာ ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ ၏ ။ ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ ၌ ကား ၊ အသေဖြစ်သည်ဟူ ၍ ၎ င်း ၊ ဘုရားသခင်နှင့်ဆိုင်သောအရာ ၌ ကား ၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ ၍ ၎ င်း ၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့ ။ ထိုကြောင့် ၊ သင်တို့ ၏ သေတတ်သော ကိုယ်ခန္ဓာ ၏ တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင် ၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ ၌ အစိုးမရစေနှင့် ။ သင်တို့ ၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ ၍ ၊ အပြစ်တရားအား မဆက်ကြနှင့် ။ သေခြင်းမှ ထမြောက် ၍ အသက်ရှင်သောသူကဲ့သို့ ၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့ ။ ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ ၍ ၊ ဘုရားသခင်အားဆက်ကြလော့ ။ သင်တို့သည် ပညတ်တရားလက် ၌ မရှိ ၊ ကျေးဇူးတရားလက် ၌ ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ ။ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း ၊ ငါတို့သည် ပညတ်တရားလက် ၌ ရှိသောကြောင့် ၊ ဒုစရိုက်ကို ပြုရမည် လော ။ ထိုသို့မပြုရ ။ အကြင်သူ ၏ အထံ ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင် ၍ အစေခံ ၏ ၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ ၊ သင်တို့ ၏ သခင်ဖြစ်သည်ကို မသိကြသလော ။ သင်တို့သည် အပြစ်တရား ၏ ကျွန်ဖြစ်ဘူးသော်လည်း ၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသ စကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ် ၍ ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြီးလှပေ ၏ ။ သင်တို့သည် အပြစ်တရား ၏ လက်မှလွတ်ကြပြီဖြစ် ၍ ၊ ဖြောင့်မတ်ခြင်းတရား ၏ ကျွန်ဖြစ်ကြ ၏ ။ ထိုသို့ ငါဆိုသော် ၊ သင်တို့ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့် ၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း ။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား ၊ အဓမ္မတရား ၌ သွင်း ၍ ကျွန်ခံစေကြလော့ ။ သင်တို့သည် အပြစ်တရား ၏ ကျွန်ဖြစ်စဉ် ကာလ ၊ ဖြောင့်မတ်ခြင်းတရား ၏ လက်မှ လွတ်ကြ ၏ ။ ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ ၊ အဘယ်အကျိုးကိုရကြသနည်း ။ ထိုသို့သောအကျင့်သည် သေခြင်း ၌ လမ်းဆုံးသတည်း ။ ယခုမူကား ၊ သင်တို့သည် အပြစ်တရား ၏ လက်မှလွှတ် ၍ ၊ ဘုရားသခင် ၏ ကျွန်ဖြစ်ကြသည်နှင့် အညီ ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ ၏ ။ အဆုံး ၌ လည်း ထာဝရအသက်ကို ရကြလိမ့်မည် ။ အပြစ်တရား ၏ အခကားသေခြင်းပေတည်း ။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း ။ ပညတ်တရားကို သိသောညီအစ်ကိုတို့ ၊ ပညတ် တရားသည် လူကို အသက်ထက်ဆုံးမျှသာပိုင်သည်ကို မသိကြသလော ။ ဥပမာကား ၊ လင်ရှိသောမိန်းမသည် လင်မသေ မှီတိုင်အောင် ၊ ပညတ်တရားအားဖြင့် လင် ၌ ချည်နှောင် လျက်ရှိ ၏ ။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ် ၏ ။ ထိုကြောင့် ၊ မိမိလင်မသေမှီအခြားသော သူ ၏ မယားဖြစ်လျှင် ၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက် ၏ ။ လင်လေလျှင်မူကား ၊ ထိုတရားနှင့်လွတ်သည်ဖြစ် ၍ ၊ အခြားသောသူ ၏ မယားဖြစ်သော်လည်း ၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ ။ ထိုနည်းတူ ၊ ငါညီအစ်ကိုတို့ ၊ သင်တို့သည် အခြားသော သူတည်းဟူသော ၊ သေခြင်းမှ ထမြောက် တော်မူသော သူ ၏ မယားဖြစ် ၍ ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း ၊ ခရစ်တော် ၏ ကိုယ်ခန္ဓာအားဖြင့်သေ ၍ ပညတ်တရားနှင့်ကွာကြ ၏ ။ ငါတို့သည် ဇာတိပကတိ ၌ ကျင်လည်သောအခါ ၊ အပြစ်နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရား အားဖြင့်ပေါက် ၍ သေခြင်းတရား ၏ အလိုနှင့်အညီ တိုးပွါးမည်အကြောင်း ၊ ငါတို့ ၏ ကိုယ်အင်္ဂါများ ၌ ပြုပြင် ကြ ၏ ။ ယခုမူကား ၊ ကျမ်းစာ ၌ ပါသော တရားဟောင်းကို မမှီဘဲ ၊ ဝိညာဉ်တော်တရားသစ်ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှါ ၊ ငါတို့သည် အသေသဖြင့် အုပ်ချုပ်သောပညတ်တရား ၏ လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ ။ သို့ဖြစ် ၍ အဘယ်သို့ပြောရမည်နည်း ။ ပညတ် တရား ၌ အပြစ်ရှိသလော ။ အပြစ်မရှိနိုင်ရာ ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင် ၊ လောဘသဘောကိုငါမသိ ။ အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ ၍ ၊ ငါ ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ ၏ ။ ပညတ်တရားမရှိလျှင် ၊ အပြစ်တရားသေ ၏ ။ အထက်ကပညတ်တရားမရှိသဖြင့် ၊ ငါသည် အသက်ရှင် ၏ ။ ပညတ်တရားပေါ်သောအခါ အပြစ် တရားသည် ရှင်ပြန် ၏ ။ ငါလည်း သေ ၏ ။ အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရား သည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့ ၏ ။ အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင် ၊ ငါ့ကို လှည့်ဖြား ၍ ထိုတရားအားဖြင့် ငါ့ကို သတ်လေ ၏ ။ ထိုကြောင့် ၊ တရားတော်သည်သန့်ရင်းခြင်းရှိ ၏ ။ ပညတ်တရားလည်း သန့်ရှင်းခြင်း ၊ ဖြောင့်မတ်ခြင်း ၊ ကောင်းမြတ်ခြင်းရှိ ၏ ။ သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ ၌ သေခြင်းအကြောင်း ဖြစ်သလော ။ မဖြစ်နိုင်ရာ ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့် ငါ ၌ သေခြင်းကို ပြု ၍ သေခြင်းအကြောင်းဖြစ် ၏ ။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ် နှင့်ပြည့်စုံခြင်းရှိသတည်း ။ ထိုမှတပါး ၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ ၏ ။ ငါမူကား ဇာတိ ပကတိရှိ ၏ ။ အပြစ်တရားလက် ၌ ကျေးကျွန်ဖြစ် ၏ ။ အကြောင်းမူကား ၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက် ။ ကျင့်ချင်သော အကျင့်ကိုမကျင့် ၊ ရွံ့ရှာသော အကျင့်ကို ကျင့် ၏ ။ ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင် ၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ ၏ ။ သို့ဖြစ်လျှင် ၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ် ။ ငါ့အထဲ ၌ နေသော အပြစ် တရားသည် ကျင့် ၏ ။ ငါ့အထဲမှာ ငါ့ဇာတိပကတိ ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ ၏ ။ အကြောင်း မူကား ၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း ၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ ၍ မတွေ့နိုင် ။ ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့် ။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့် ၏ ။ ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကို ကျင့်လျှင် ၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ် ။ ငါ့အထဲ ၌ နေသော အပြစ်တရားသည်ကျင့် ၏ ။ ထိုသို့ကောင်းသော အကျင့်ကိုငါကျင့်ချင်သောအခါ ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့ ၏ ။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင် ၏ ပညတ်တရားတော်တို့ နှစ်သက် ၏ ။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ ၌ ရှိသော တရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့် ၊ ငါ့ကိုယ်အင်္ဂါများ ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကိုဘမ်းသွားအပ်နှံသည်ကို ငါမြင် ၏ ။ ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား ၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း ။ ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်ကြီးလှပေ ၏ ။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ တရားတော် အလိုသို့ ၎ င်း ၊ ဇာတိပကတိအားဖြင့် အပြစ်တရား အလိုသို့ ၎ င်း ၊ ငါလိုက်တတ် ၏ ။ ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ် ၌ တည် ၍ ၊ ဇာတိပကတိအတိုင်းမကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ ၏ ။ ယေရှုခရစ် ၌ တည် ၍ အသက်ရှင်စေသော ဝိညာဉ်တော် ၏ တရားသည် အပြစ်တရား ၏ လက်မှ ၎ င်း ၊ သေခြင်းတရား ၏ လက်မှ ၎ င်း ၊ ငါ့ကိုကယ်လွှတ်ပြီ ။ ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း ၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ ၍ ၊ အပြစ်ဖြေဘို့ရာဇာတိပကတိ ၌ အပြစ်ကို ဒဏ်ပေးတော်မူ ၏ ။ အကြောင်းမူကား ၊ ဇာတိပကတိအတိုင်းမကျင့် ၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည် ၊ တရား ၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း ။ ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘော ရှိကြ ၏ ။ ဝိညာဉ်ပကတိရှိသော သူတို့မူကား ၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ ၏ ။ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ် ၏ ။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ် ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ် ၏ ။ ဘုရးသခင် ၏ တရားတော်အလို သို့မလိုက်တတ် ။ ထိုမျှမကမလိုက်နိုင် ။ ထိုကြောင့် ဇာတိပကတိ ၌ ကျင်လည်သော သူတို့သည် ဘုရားသခင် ၏ စိတ်တော်နှင့်မတွေ့နိုင်ကြ ။ သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ ၌ ကျိန်းဝပ်တော်မူလျှင် ၊ သင်တို့သည် ဇာတိပကတိဘက် ၌ ရှိကြသည်မဟုတ် ။ ဝိညာဉ်ပကတိဘက် ၌ ရှိကြ ၏ ။ ခရစ်တော် ၏ ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင် ။ ခရစ်တော်သည် သင်တို့အထဲ ၌ ရှိတော်မူလျှင် ၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ ၏ ။ ထိုမျှမက ၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား ၏ ဝိညာဉ်တော်သည် သင်တို့ အထဲ ၌ ကျိန်းဝပ်တော်မူလျှင် ၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့် ၊ သေတတ်သော သင်တို့ ၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည် ။ သို့ဖြစ် ၍ ညီအစ်ကိုတို့ ၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း ၊ ဇာတိပကတိ ၏ ကျွန် ဖြစ်ကြသည်မဟုတ် ။ သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည် ။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည် ။ ဘုရားသခင် ၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင် ၏ သားဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန် ၏ သဘောကို ရကြသည်မဟုတ် ။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း ၏ သဘောကိုရကြပြီ ။ ငါတို့သည် ဘုရားသခင် ၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့ ၏ ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ ၏ ။ သားမှန်လျှင်အမွေခံ ၊ ဘုရားသခင် ၏ အမွေခံဖြစ်ကြ ၏ ။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း ၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ ၏ ။ ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော် ၊ ယခုမျက်မှောက်ကာလ ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ ၏ ။ ဤလောကသည် ဘုရားသခင့်သားတို့ ၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ ၏ ။ ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ် ။ ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး ၍ အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ ၏ အလိုတော်ကြောင့်သာ လိုက်ရ ၏ ။ ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား ၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ ၏ ။ ထိုမျှမကဝိညာဉ်တော် ၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း ၊ သားအရာ ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့် ၍ ၊ စိတ်နှလုံးအထဲ ၌ ညည်းတွားလျက်နေကြ ၏ ။ ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ ၏ ။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း ။ ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား ၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့် ၍ နေကြ ၏ ။ ထိုမှတပါး ၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ ၏ ။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ ၏ ။ စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော် ၏ စိတ်သဘောကိုသိတော်မူ ၏ ။ အကြောင်း မူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့ ၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင် ၏ အလိုတော်နှင့် အညီစောင့်မ တော်မူ ၏ ။ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့ ၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ ၏ ။ ဘုရားသခင် ၏ သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း ၊ ဘုရား သခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော် ၏ ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ ၏ ။ ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ ၏ ။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ ၌ တည်စေတော်မူ ၏ ။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ ၏ ။ သို့ဖြစ် ၍ ဤအရာများတို့ ၌ အဘယ်သို့ ပြောစရာရှိသနည်း ။ ဘုရားသခင်သည် ငါတို့ဘက် ၌ ရှိတော်မူလျှင် ၊ အဘယ်သူသည် ငါတို့တဘက် ၌ နေနိုင်မည်နည်း ။ မိမိသားတော်ရင်းကို မနှမြောဘဲ ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည် ၊ သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း ။ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း ။ ဖြောင့်မတ်ရာ ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း ။ အပြစ်စီရင်သောသူကား အဘယ်သူနည်း ။ အသေခံ ၍ ခံသည်သာမက ၊ သေခြင်းမှထမြောက် ၍ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ နေလျက် ၊ ငါတို့ အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း ။ ခရစ်တော် ၏ ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း ။ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ ၏ ။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ ၏ ဟု ကျမ်းစာလာသည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း ၊ ညှဉ်းဆဲနှိပ်စက်ခြင်း ၊ မွတ်သိပ်ခြင်း ၊ အဝတ်အချည်းစည်းရှိခြင်း ၊ ဘေးနှင့်တွေ့ကြုံခြင်း ၊ ကွပ်မျက် ခြင်းခံရသော်လည်း ၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော် ၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း ။ မကွာစေသည်သာမက ၊ ငါတို့ကို ချစ်တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့် ၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ ၏ ။ အကြောင်းမူကား ၊ သေခြင်းဖြစ်စေ ၊ အသက်ရှင် ခြင်းဖြစ်စေ ၊ ကောင်းကင်တမန်ဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာတန်ခိုးဖြစ်စေ ၊ မျက်မှောက်အရာဖြစ်စေ ၊ နောင်လာလတံ့သောအရာဖြစ်စေ ၊ အမြင့်ဖြစ်စေ ၊ အနိမ့်ဖြစ်စေ ၊ ဤအရာမှစ ၍ အဘယ်နိမ္မိတအရာမျှသည် ၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင် ၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ ၏ ။ ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက် ၌ သက်သေခံလျက် ၊ ငါသည်မုသာမပါ ၊ ခရစ်တော်ရှေ့ ၌ မှန်ကန်စွာ ပြောသည်ကား ၊ ငါသည် အလွန်ဝမ်းနည်းခြင်းရှိ ၏ ။ စိတ်နှလုံး ထဲ ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ ၏ ။ အကြောင်းမူကား ၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက် ၊ ငါသည်ကိုယ်တိုင် ခရစ်တော်နှင့်ခွါ ၍ ကျိန်ခြင်း ကိုခံချင်လောက်အောင် စိတ်ရှိ ၏ ။ ထိုသူတို့သည် ဣသရေလလူဖြစ် ၍ ၊ သားအရာ ၌ ချီးမြှောက်ခြင်းနှင့် ၎ င်း ၊ ဘုန်းအာနုဘော်တော်နှင့် ၎ င်း ၊ ပဋိညာဉ်တရားတို့နှင့် ၎ င်း ၊ ပညတ်တရားထားခြင်းနှင့် ၎ င်း ၊ ဝတ်ပြုခြင်းနှင့် ၎ င်း ၊ ဂတိတော်တို့နှင့် ၎ င်း ၊ ဆိုင်ကြ ၏ ။ ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ ၏ ။ ခရစ်တော်သည်လည်း ၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့ ၏ အမျိုးဖြစ်တော်မူ ၏ ။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ ၍ ထာဝရ မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ ၏ ။ အာမင် ။ ထိုသို့ဆိုသော် ဘုရားသခင် ၏ ဂတိတော်မတည်ဟု ငါမဆိုလို ။ အကြောင်းမူကား ၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရလလူမှန် မဟုတ် ။ ထိုနည်းတူအာဗြဟုံ ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ ၏ သားမှန်မဟုတ် ။ ဣဇာတ် ၌ သာ သင် ၏ အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ ၏ ။ ထိုကြောင့် ၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင် ၏ သားမှန်မဟုတ် ။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ ၏ ။ ဂတိတော်အချက်ဟူမူကား ၊ ယခုမှစ ၍ ကာလ အချိန်စေ့သောအခါ ၊ ငါလာ ၍ စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း ။ ထိုမျှမက ၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက် ၍ ပဋိသန္ဓေစွဲယူသောအခါ ၊ ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည် ၊ ခေါ်တော်မူသော သူ ၏ အလိုတော်အားဖြင့်တည်မည် အကြောင်း ၊ သားမဘွားမှီ ၊ ထိုသားတို့သည် ကောင်းသော အကျင့် ၊ မကောင်းသောအကျင့်ကိုမကျင့်မှီ ၊ သားအကြီးသည် သားအငယ် ၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ ၏ ။ ထိုသို့နှင့်အညီ ၊ ယာကုပ်ကိုငါချစ် ၏ ။ ဧသောကို မုန်း ၏ ဟု ကျမ်းစာလာသတည်း ။ သို့ဖြစ် ၍ ၊ အဘယ်သို့ ပြောရမည်နည်း ။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူ သလော ။ ထိုသို့မပြောရ ။ ဘုရားသခင်က ၊ ငါသည်ကျေးဇူးပြုလိုသော သူကိုကျေးဇူးပြုမည် ။ သနားလိုသောသူကိုလည်း သနား မည်ဟု မောရှေကို မိန့်တော်မူ ၏ ။ ထိုကြောင့် ၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ် ။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ် ။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင် တော်မူ ၏ ။ ကျမ်းစာ ၌ ဖာရောဘုရင်ကိုဆိုသည်ကား ၊ ငါ့တန်ခိုးကို သင် ၌ ငါပြခြင်းငှါ ၎ င်း ၊ ငါ့နာမကို မြေကြီး တပြင်လုံးတွင် ကျော်စောစေခြင်းငှါ ၎ င်း ၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း ။ ထိုသို့နှင့်အညီ ၊ ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုတော်မူ ၏ ။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ ၏ ။ သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း ။ အဘယ်သူသည် အလိုတော်ကို ဆီးတားဘူးသနည်းဟု ဆိုမည်လော ။ ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ ၊ သင်သည်ကား အဘယ်သူနည်း ။ လုပ်အပ်သော အရာ သည် လုပ်တတ်သောသူအား ၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော ။ အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော ။ အိုးမြေတပုံတည်းနှင့်အိုးမြတ် ၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော ။ ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ ၍ ၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ အလိုတော်ရှိလျက် ၊ ပျက်စီးခြင်းအဘို့ ပြင်ဆင်သော အမျက်ရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း ။ ချီးမြှောက်ခြင်းအဘို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော ၊ ယုဒအမျိုးသားတို့အထဲမှသာမဟုတ် ၊ တပါး အမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့ ၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည် မှန်လျှင် ၊ အဘယ်ပြောဘွယ်ရှိအံ့နည်း ။ ဟောရှေ ၏ ကျမ်းစာ ၌ လာသည်ကား ၊ ငါ ၏ လူမဟုတ်သော သူကိုငါ ၏ လူဟူ ၍ ငါခေါ်မည် ။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ ၍ ငါခေါ်မည် ။ သင်တို့သည်ငါ ၏ လူမဟုတ်ဟုပြောဆိုရာ အရပ် ၌ နေသောသူတို့သည် ၊ အသက်ရှင်တော်မူသော ဘုရား သခင် ၏ သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း ။ ပရောဖက်ဟေရှာယသည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော်သည်ကား ၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း ၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည် ။ အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှါ ဆုံးဖြတ်တော်မူမည် ။ ထာဝရဘုရားသည်မြေပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း ။ ထိုသို့နှင့်အညီ ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါတို့ ၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင် ၊ ငါတို့သည်သောဒုံမြို့ကဲ့သို့ ဖြစ် ၍ ဂေါမောရမြို့နှင့် တူကြပြီ ။ ထိုကြောင့် ၊ အဘယ်သို့ပြောရမည်နည်းဟူမူကား ၊ ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သောတပါး အမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ ၏ ။ ထိုသို့ဆိုသော် ၊ ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း ။ ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သော ဣသရေလလူတို့မူကား ၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ ။ အဘယ်ကြောင့် မမှီကြသနည်း ။ ယုံကြည်ခြင်း အားဖြင့်မလိုက် ၊ ပညတ်တရား ၏ အကျင့်အားဖြင့် မလိုက် ၊ ပညတ်တရား ၏ အကျင့်အားဖြင့်သာ လိုက်ကြ သတည်း ။ ကျမ်းစာ ၌ လာသည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား ၏ ။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား ၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ ၍ လဲကြ ၏ ။ ညီအစ်ကိုတို့ ၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ ၊ ငါ ၏ စေတနာ အလိုရှိ ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ ၏ ။ ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း ၊ ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက်သေခံ ၏ ။ ထိုသူတို့သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်း ငှါ ရှာကြံသောကြောင့် ၊ ဘုရားသခင် ၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ ။ ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ ၏ ။ မောရှေကလည်း ၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ် ၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ် ၍ ရေးထားသတည်း ။ ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား ၊ ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း ။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို ၏ ။ ထိုသို့ဆိုသော် ၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း ။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း ။ တဖန်ဆိုသည်ကား ၊ တရားတော်သည် သင်နှင့် နီး ၏ ။ သင် ၏ နှုတ် ၌ ၎ င်း ၊ သင် ၏ နှလုံး ၌ ၎ င်း ရှိသည်ဟု ဆို ၏ ။ ထိုသို့ဆိုသော် ၊ ငါတို့ ဟောသောယုံကြည်ခြင်း တရားကို ဆိုလိုသတည်း ။ အဘယ်သို့နည်းဟူမူကား ၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ ၍ ၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ ၌ ယုံကြည်လျှင် ၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ ၏ ။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ ၏ ။ ကျမ်းစာလာသည်ကား ၊ ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား ၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း ။ ယုဒအမျိုး ၊ ဟေလသအမျိုးကိုမရွေး ၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ ၍ ၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့ ၌ ကျေးဇူး ကြွယ်ဝတော်မူ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့ ။ သို့ရာတွင် ၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း ။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း ။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း ။ လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း ။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား ၊ ငြိမ်သက်ခြင်း ၏ ဝမ်းမြောက်စရာ သိတင်း ၊ ကောင်းကျိုး ချမ်းသာ ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ ၏ ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း ။ သို့သော်လည်း ၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသိတင်းကို နားထောင်ကြသည်မဟုတ် ။ ပရောဖက် ဟေရှာယ စကားဟူမူကား ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါ သနည်းဟုဆို ၏ ။ သို့ဖြစ် ၍ ၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ် ၏ ။ ကြားနာခြင်းသည်လည်း ၊ ဘုရားသခင် ၏ စကားတော်အားဖြင့် ဖြစ် ၏ ။ သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော ။ အမှန်ကြားရကြပြီ ။ သူတို့ ၏ အသံသည်မြေတပြင် လုံး ၌ နှံပြား ၍ ၊ သူတို့ ၏ စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို ၏ ။ တဖန်ငါဆိုသည်ကား ၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော ။ မောရှေက ၊ မရေရသော လူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ ၎ င်း ၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎ င်း ၊ ငါပြုမည်ဟု ရှေ့ဦးစွာ ဆို ၏ ။ ဟေရှာယသည် သာ ၍ ရဲရင့်စွာဆိုသည်ကား ၊ ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ရကြ ၏ ။ ငါ ၏ အကြောင်းကို မေးမြန်းသောသူတို့ ၌ ငါထင်ရှားသည်ဟု ဆို ၏ ။ ဣသရေလလူတို့ကို ရည်မှတ် ၍ တဖန်မိန့်တော်မူသည်ကား ၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း ။ သို့ဖြစ်လျှင် ၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော် ၊ ပယ်တော်မမူဟုဆိုရ ၏ ။ ငါပင်ဣသရေလ လူဖြစ် ၏ ။ အာဗြဟံအမျိုး ၊ ဗင်္ယာမိန် အနွယ်ဖြစ် ၏ ။ ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ ။ ပရောဖက်ဧလိယက ၊ အိုထာဝရဘုရား ၊ သူတို့သည်ကိုယ်တော် ၏ ပရောဖက်များကို သတ်ကြပါပြီ ။ ကိုယ်တော် ၏ ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ ။ အကျွန်ုပ်တယောက်တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ ၏ ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက် ၌ လျှောက်ထားသည်ဟု ကျမ်းစာ ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော ။ ထိုသို့လျှောက်သောအခါ ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား ၊ ဗာလရှေ့ ၌ ဒူးမထောက် သောလူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ ၏ ။ ထိုနည်းတူ ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး ၏ ။ ကျေးဇူးတော်အားဖြင့်ရှိလျှင် ၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ် ။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင် ၊ ကျေးဇူးအားဖြင့်မရှိ ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ် ။ သို့ဖြစ်လျှင်အဘယ်သို့နည်း ၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ ၏ ။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း ၏ ။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို ၎ င်း ၊ မမြင်နိုင်သော မျက်စိကို ၎ င်း ၊ မကြားနိုင်သော နားကို ၎ င်း ၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ ၏ ။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း ။ ဒါဝိဒ် ၏ စကားဟူမူကား ၊ သူတို့စားပွဲသည် သူတို့ ၌ ကျော့ကွင်းသော် ၎ င်း ၊ ဂျမ်းသော် ၎ င်း ၊ ထောင် ချောက်သော် ၎ င်း ၊ ခံထိုက်သော အပြစ်သော် ၎ င်း ဖြစ်ပါစေ ။ သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း ။ သို့ဖြစ်လျှင် ၊ ဣသရေလလူတို့သည်လဲ ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော် ၊ လဲ ၍ မနေရကြ ။ သူတို့ ၏ စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှါ ၊ သူတို့ ၏ လဲခြင်းအားဖြင့် ကယ်တင်တော် မူခြင်း ကျေးဇူးသည်တပါးအမျိုးသားတို့ ၌ သက်ရောက် လေ ၏ ။ သူတို့ ၏ လဲခြင်းအရာသည် လောကီသားတို့ ၏ စီးပွါးကို ၎ င်း ၊ သူတို့ ၏ ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့ ၏ စီးပွါးကို ၎ င်း ပြုစုလျှင် ၊ သူတို့ ၏ ပြည့်စုံခြင်းအရာသည်သာ ၍ ပြုစုမည်မဟုတ်လော ။ ထိုသို့ဆိုသော် ၊ ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ ၊ ထိုတမန်တော် ၏ အရာကို ချီးမွမ်းလျက် ၊ ငါ့အမျိုးသားချင်းတို့ ၏ စိတ်ကို တခုခုအားဖြင့်နှိုးဆော် ၍ ၊ အချို့တို့ကို ကယ်တင်ခြင်းငှါ ၊ တပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း ။ ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့ ၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင် ၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော ။ အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင် ၊ တပုံလုံးသန့်ရှင်းလိမ့်မည် ။ အမြစ်သန့်ရှင်းလျှင် ၊ အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည် ။ အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ် ၌ ဆက် ၍ စိုက်သဖြင့် ၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို ၎ င်း ၊ အဆီဩဇာကို ၎ င်း ဆက်ဆံလျှင် ၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့် ။ ဝါကြွားလျှင်မူကား ၊ သင်သည်အမြစ်ကို မဆောင် ၊ အမြစ်သည် သင့်ကိုဆောင် ၏ ။ ငါ့ကိုဆက် ၍ စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင် ၊ မှန်စေတော့ ။ မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့သည်ဖြစ် ၍ ၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည် ၏ ။ မာနစိတ်မရှိစေနှင့် ။ ကြောက်ခြင်းစိတ်ရှိစေလော့ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင် ၊ သင်တို့ကို နှမြော တော်မူမည်လော ။ သို့ဖြစ် ၍ ၊ လဲသောသူတို့ ၌ ပြင်းစွာ စီရင်တော်မူခြင်းကို ၎ င်း ၊ ကျေးဇူးတော် ၌ သင်သည် တည်နေလျှင် ၊ သင် ၌ ပြုတော်မူသော ကျေးဇူးတော်ကို ၎ င်း ၊ ဤနှစ်ပါးကို အောက်မေ့လော့ ။ ကျေးဇူးတော် ၌ မတည်မနေလျှင် ၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည် ။ သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင် ၊ အပင် ၌ တဖန် ဆက် ၍ စိုက်သောအခွင့်ကို ရကြလိမ့်မည် ။ သူတို့ကို တဖန်ဆက် ၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ ၍ ၊ ကောင်းသော သံလွင်ပင် ၌ ပကတိကို မလိုက်ဘဲ ဆက် ၍ စိုက်သည် မှန်လျှင် ၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင် ၌ ဆက် ၍ စိုက်သောအခွင့်ကို သာ ၍ ရကြမည် မဟုတ်လော ။ ညီအစ်ကိုတို့ ၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း ၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင် ၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ ။ ထိုသို့ကျမ်းစာနှင့်အညီ ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည် ။ ကျမ်းစာချက်ဟူမူကား ၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင် ၌ ပေါ်ထွန်း ၍ ၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့ ၊ သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ ၊ သူတို့ ၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ် ၏ ဟု လာသတည်း ။ သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ ၏ ။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား ၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင် ပေးသနားတော်မူခြင်း ၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ ၊ သင်တို့သည်အထက်က ၊ ဘုရားသခင် ၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း ၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့် ၊ သနားတော်မူခြင်း ကို ခံရသကဲ့သို့ ၊ ထိုနည်းတူ ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည် အကြောင်း ၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ ၏ ။ ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ် ၌ ချုပ်ထားတော်မူ ၏ ။ ဘုရားသခင် ၏ ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား ။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ် ၍ မကုန်နိုင် ။ ကြွတော်မူရာလမ်းတို့ကို လိုက် ၍ ရှာသော်လည်းမတွေ့မမှီနိုင် ။ ထာဝရဘုရား ၏ စိတ်တော်ကို အဘယ်သူသိသနည်း ။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း ။ ကျေးဇူးဆပ်တော်မူရမည်အကြောင်း ၊ ထာဝရ ဘုရား ၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း ။ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက ၎ င်း ၊ ကိုယ်တော်အားဖြင့် ၎ င်း ၊ ကိုယ်တော်အဘို့ အလိုငှါ ၎ င်း ဖြစ်ကြ ၏ ။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။ ညီအစ်ကိုတို့ ၊ အသက်ရှင်ခြင်းလက္ခဏာ ၊ သန့်ရှင်းခြင်းလက္ခဏာ ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော် ၍ ၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း ၊ ဘုရားသခင် ၏ ကရုဏာတော်ကို ထောက်ထား ၍ ၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ ၏ ။ သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့် ။ ကောင်းမြတ်သောအရာ ၊ နှစ်သက်ဘွယ်သောအရာ ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း ၊ စိတ်နှလုံးကို အသစ်ပြင်ဆင် ၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့ ။ သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန် ၍ မထင်ဘဲ ၊ ဘုရားသခင်သည် လူအသီးအသီး တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက် ၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား ၏ ။ ဥပမာကား ၊ ကိုယ်တခု ၌ အင်္ဂါအများရှိသည်ဖြစ် ၍ ၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှုတခု တည်း မရှိသကဲ့သို့ ၊ ထိုအတူ ၊ အများဖြစ်သောငါတို့သည် ခရစ်တော် ၌ တကိုယ်တည်းဖြစ် ၍ ၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ ၏ ။ ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည် ဖြစ် ၍ ၊ ပရောဖက်အရာရှိလျှင် ၊ ယုံကြည်ခြင်း ၏ ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့ ။ ဓမ္မဆရာအရာရှိလျှင် ၊ ဓမ္မဆရာ ၏ အမှုကို ဆောင်ရွက်ကြကုန်အံ့ ။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ ။ နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ ။ မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့ ။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံ့ရှာကြလော့ ။ ကောင်းမွန်သောအမှု ၌ မှီဝဲဆည်းကပ်ကြလော့ ။ ညီအစ်ကိုချစ်ခြင်းအရာမှာ ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့ ။ ချီးမွမ်း ခြင်းအရာမှာ ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့ ။ အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက် ၊ စိတ်တန်းသဖြင့် သခင်ဘုရား ၏ အလိုတော်သို့လိုက် ၍ အားထုတ်ကြလော့ ။ မြော်လင့်လျက် ဝမ်းမြောက်ကြလော့ ။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့ ။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့ ။ သန့်ရှင်းသောသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့ ။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား ၍ ပြုကြလော့ ။ သင်တို့ကို ညှဉ်းဆဲသောသူတို့အဘို့ မေတ္တာ ပို့ကြလော့ ။ ကျိန်ဆဲခြင်းကိုမပြု ၊ မေတ္တာပို့ခြင်းကိုသာ ပြုကြလော့ ။ ဝမ်းမြောက်သောသူတို့နှင့်အတူ ၊ ဝမ်းမြောက်ခြင်းကို ၎ င်း ၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎ င်း ပြုကြလော့ ။ အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့ ။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့် ။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့ ။ ငါသည် ပညာရှိ ၏ ဟု ကိုယ်ကိုမထင်ကြနှင့် ။ အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့် ။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြလော့ ။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့ ။ ချစ်သူတို့ ၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင် ၊ ကိုယ်တိုင် အပြစ်ပြန် ၍ မတုံ့ကြနှင့် ။ အမျက်တော်ကို အခွင့်ပေးကြလော့ ။ ကျမ်းစာလာသည်ကား ၊ ငါသည် အပြစ်တရားကို စီရင်ပိုင် ၏ ။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ထိုကြောင့်သင် ၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့ ။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့ ။ ထိုသို့ပြုလျှင် ။ သူ ၏ ခေါင်းပေါ် ၌ မီးခဲကိုပုံထားလိမ့်မည် ။ အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့ ။ အစိုရသော မင်းအာဏာစက် ၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့်မရှိလျှင် ၊ မင်းအာဏာစက်မရှိ ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း ။ ထိုကြောင့် ၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ် ၏ ။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည် ။ မင်းမူကား ၊ ကောင်းသောအကျင့်ကို ကျင့်သောသူကြောက်ဘို့ဖြစ်သည်မဟုတ် ။ မကောင်းသော အကျင့်ကို ကျင့်သောသူကြောက်ဘို့ ၏ ။ မင်းအာဏာကို မကြောက်ဘဲနေချင်သလော ။ ကောင်းသော အကျင့်ကိုကျင့်လော့ ။ ကျင့်လျှင်မင်းအာဏာကြောင့်ချီးမွမ်းခြင်းကို ခံရလိမ့်မည် ။ မင်းသည်ကား ၊ သင် ၏ အကျိုးအလိုငှါ ဘုရားသခင် ၏ အစေခံဖြစ် ၏ ။ မကောင်းသောအကျင့်ကို ကျင့်လျှင် ၊ ကြောက်ခြင်းမရှိစေလော့ ။ အကြောင်းမူကား ၊ မင်းသည်အချည်းနှီးထားကို ဆောင်သည်မဟုတ် ။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင် ၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင် ၏ အစေခံဖြစ်သတည်း ။ ထိုကြောင့် ၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက် ၏ အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ် ။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက် ၍ ဝန်ခံရမည် ။ ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့ ။ မင်းတို့သည် ဘုရားသခင် ၏ အမှုစောင့်ဖြစ် ၍ ၊ အမှုတော်ကို အမြဲထမ်းကြ ၏ ။ ထိုကြောင့် ၊ လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့ ။ အခွန်ကိုခံထိုက်သောသူအား အခွန်ကို ၎ င်း ၊ အကောက်ကို ခံထိုက်သော သူအား အကောက်ကို ၎ င်း ပေးကြလော့ ။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့ ။ ရိုသေထိုက်သောသူကို ရိုသေကြလော့ ။ အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့် ။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ ။ အကြောင်းမူကား ၊ သူ့မယားကိုမပြစ်မှားနှင့် ၊ လူအသက်ကို မသတ်နှင့် ၊ သူ့ဥစ္စာကိုမခိုးနှင့် ၊ မမှန်သော သက်သေကိုမခံနှင့် ၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟူသော ပညတ်မှစ ၍ အခြားသော ပညတ် ရှိသမျှတို့သည် ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ၊ ချစ်လော့ဟူသော ပညတ်တခု ၌ အပါအဝင် ဖြစ်ကြ ၏ ။ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် မစပ်ဆိုင်သော သူ ၏ အကျိုးကို မဖျက်ဆီးတတ် ။ ထိုကြောင့် ၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း ။ ထိုမှတပါး ၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက် ၌ နီးသည်ထက် ယခုသာ ၍ နီးသောကြောင့် ၎ င်း ၊ ညဉ့်အချိန်ကုန်လု ၍ နေ့အချိန်ရောက်လုသောကြောင့် ၎ င်း ၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသော အချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ ၍ ကာလအချိန်ကို ထောက်လျက် ၊ မှောင်မိုက် ၏ အကျင့်ကို ပယ်ရှား ၍ ၊ အလင်း ၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့ ။ ပွဲလုပ်ခြင်း ၊ ယစ်မျိုးသောက်ကြူးခြင်း ၊ မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ ကိလေသာညစ်ညူးခြင်း ၊ ရန်တွေ့ခြင်း ၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍ ၊ နေ့အချိန် ၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့ ။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့ ။ ကိုယ်ကာယ ၏ တပ်မက်ခြင်းအလိုငှါ မကြံစည် ကြနှင့် ။ ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့ ။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့် ။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ ၏ ။ အားနည်းသောသူမူကား ၊ ဟင်းသီးဟင်းရွက်ကိုသာစား ၏ ။ အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့် ။ မစားသောသူသည်လည်း ၊ စားသော သူကိုမစစ်ကြောမစီရင်စေနှင့် အကြောင်းမူကား ၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ ။ သူတပါးပိုင်သော လူကိုစစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း ။ သူသည်မိမိသခင်စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း ၊ အပြစ်ခံခြင်းသို့ ရောက်ရ ၏ ။ သူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည် ။ အကြောင်းမူကား ၊ ဘုရားသခင်သည် သူ ၏ အပြစ်ကို လွှတ်ခြင်းငှါ တတ်နိုင်တော်မူ ၏ ။ နေ့ရက်တရက်ထက်တရက် သာ ၍ မြတ်သည်ဟု လူအချို့ထင်တတ် ၏ ။ လူအချို့မထင် ။ လူတိုင်းမိမိ စိတ်သဘောကျပါစေ ။ နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက် ၍ စောင့် ၏ ။ နေ့ရက်ကို မစောင့်သော သူသည်လည်း ၊ သခင်ဘုရားကို ထောက် ၍ မစောင့်ဘဲနေ ၏ ။ စားသောသူသည်သခင်ဘုရားကို ထောက်သောစိတ်နှင့် စား ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ ၏ ။ မစားသော သူသည်လည်း ၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ ၍ ၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ ၏ ။ ငါတို့တွင် အဘယ်သူမျှကိုယ်အဘို့အလိုငှါ အသက်မရှင် ။ အဘယ်သူမျှကိုယ်အဘို့အလို့ငှါမသေ ။ အသက်ရှင်လျှင် ၊ သခင်ဘုရားအဘို့ အလိုငှါ ရှင် ၏ ။ သေလျှင်လည်း ၊ သခင်ဘုရား အဘို့အလိုငှါ သေ ၏ ။ ထိုကြောင့်အသင်ရှင်သည်ဖြစ်စေ ၊ သေသည် ဖြစ်စေ ၊ သခင်ဘုရားဆိုင်တော်မူ ၏ ။ အကြောင်းမူကား ၊ ခရစ်တော်သည် ၊ သေသော သူတို့ကို ၎ င်း ၊ ရှင်သောသူတို့ကို ၎ င်း ၊ အစိုးရသောအရှင် ဖြစ်လိုသောငှါ အသေခံ ၍ ၊ ခံပြီးမှအသက်ရှင်ပြန် တော်မူ ၏ ။ သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း ။ ညီအစ်ကိုချင်းကို အဘယ် ကြောင့် မထီမဲ့မြင်ပြုသနည်း ။ ငါတို့ရှိသမျှသည် ခရစ်တော် ၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည် ။ ကျမ်းစာလာသည်ကား ၊ ငါအသက်ရှင်တော်မူသည်ဖြစ် ၍ ၊ ငါ့ရှေ့ ၌ လူတိုင်းဒူးထောက်ရမည် ။ ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည် ။ ထိုကြောင့် ၊ ငါတို့သည် ယခုမှစ ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့ ။ ညီအစ်ကိုချင်း ထိမိ ၍ လဲစရာအခွင့် ၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ ၍ စီရင်ကြကုန်အံ့ ။ အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို ၊ ငါသည်သခင်ယေရှုကို အမှီပြုလျက်သဘော ကျ ၍ အမှန်သိ ၏ ။ သို့သော်လည်း ၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင် ၏ ။ ထိုသူ ၌ ညစ်ညူး ၏ ။ သင် ၏ ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင် ၊ သင်သည်မေတ္တာတရားကို မကျင့် ။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကိုသင် ၏ အစာအားဖြင့် အကျိုး မနည်းစေနှင့် ။ သင်တို့သည် အခွင့်သည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်းမရှိစေနှင့် ။ ဘုရားသခင် ၏ နိုင်ငံတော်သည် အစားအသောက် ၌ မတည် ။ ဖြောင့်မတ်ခြင်း ၊ ငြိမ်သက်ခြင်း ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း ၌ တည် ၏ ။ ထိုသို့ကျင့် ၍ ခရစ်တော် ၏ အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့ ၌ နှစ်သက်ဘွယ် ၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ် ၏ ။ ထိုကြောင့် ၊ ငြိမ်သက်ခြင်းနှင့် ၎ င်း ၊ အချင်းချင်းတည်ဆောက်ခြင်းနှင့် ၎ င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့ ။ ဘုရားသခင် ၏ အမှုတော်ကို သင် ၏ အစာအလိုငှါ မဖျက်ဆီးနှင့် ။ အစာအမျိုးမျိုးတို့သည် စင်ကြယ် ၏ ။ သို့သော်လည်း သူတပါးထိမိ ၍ လဲစရာအကြောင်းနှင့် စားသော သူသည်အပြစ်ရှိ ၏ ။ အမဲသားကိုစားခြင်း ၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ ၍ ၊ ညီအစ်ကိုထိမိ ၍ လဲစရာအကြောင်း ၊ မှားယွင်း စရာအကြောင်း ၊ အားနည်းစရာအကြောင်းများကို ရှောင်အပ် ၏ ။ သင်သည်ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့ ၌ ရှိစေလော့ ။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ ၏ ။ ယုံမှားသောသူသည် စားလျှင် ၊ ယုံသောစိတ် မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ ၏ ။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ ၏ ။ သို့ဖြစ် ၍ ၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက် ၊ အားနည်းသောသူတို့ ၏ အားနည်းခြင်းကို သည်းခံရကြမည် ။ ထိုသို့ငါရှိသမျှသည်ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ အကျိုးကို ထောက် ၍ ၊ သူ့ကိုတည်ဆောက်စေခြင်းငှါ သူ ၏ အလိုသို့ လိုက်ကြကုန်အံ့ ။ အကြောင်းမူကား ၊ ခရစ်တော်သည်ကိုယ်အလိုသို့ မလိုက် ။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံရတော်မူ ၏ ။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့ ၏ စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ ၏ ဟု ကျမ်းစာလာ သတည်း ။ ငါတို့သည် ကျမ်းစာ ၌ ပါသောသည်းခံခြင်း ၊ သက်သာခြင်း အကြောင်းများကိုအမှီပြု ၍ မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ ၊ ကျမ်းစာ ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး ၍ ရေးထား သတည်း ။ သင်တို့သည် ငါတို့ သခင်ယေရှုခရစ် ၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီ တညွတ်တည်း နှုတ်မြွက် ၍ ချီးမွမ်းစေခြင်းငှါ ၊ ယေရှုခရစ် ၏ အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း ၊ သည်းခံ ခြင်း ၊ သက်သာခြင်း ၏ အရှင် ၊ ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော ။ ခရစ်တော်သည် ဘုရားသခင် ၏ ဘုန်းတော်ကို ထင်ရှားစေလျက် ၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့ ။ တဖန်ငါဆိုသည်ကား ၊ ယေရှုခရစ်သည် ဘုရားသခင် ၏ သစ္စာတော်ကို ထောက် ၍ ၊ ဘိုးဘေးများခံရသော ဂတိတော်တို့ကိုတည်စေခြင်းငှါ ၊ အရေဖျားလှီးခြင်းကိုခံသော သူတို့ ၏ အမှုကို ဆောင်ရွက်တော်မူ ၏ ။ တပါးအမျိုးသားတို့သည်လည်း ၊ ဘုရားသခင် ၏ ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည် ။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ၊ ထိုကြောင့်တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ၍ ၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း ။ တဖန်လာသည်ကား ၊ တပါးအမျိုးသားတို့ ၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ ၏ ။ တဖန်ကား ၊ လူမျိုးအပေါင်းတို့ ၊ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ လူအနွယ်အပေါင်းတို့ ၊ အလွန်ချီးမွမ်း ကြလော့ဟုလာ ၏ ။ တဖန်ဟေရှာယဆိုသည်ကား ၊ ယေရှဲ ၏ အမြစ်ပေါက် ၍ တပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့်မည် ။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုသတည်း ။ သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော် ၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ ၊ ယုံကြည်သောစိတ်ရှိ ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း ၊ မြော်လင့် ခြင်း ၏ အရှင် ၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော ။ ညီအစ်ကိုတို့ ၊ သင်တို့သည် ကောင်းသောပကတိ သဘောနှင့် ပြည့်စုံ ၍ အရာရာတို့ကို သိနားလည်သဖြင့် ၊ အချင်းချင်းဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘော ကျလျက်ရှိ ၏ ။ သို့သော်လည်း ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည် ဘုရားသခင် ၏ ဧဝံဂေလိတရားကိုဟော ပြောသောအမှုကို ဆောင်ရွက် ၍ ၊ တပါးအမျိုးသားတို့တွင် ယေရှုခရစ် ၏ အမှုဆောင်ဖြစ်မည်အကြောင်း ၊ ဘုရားသခင်သည် ငါ ၌ အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီ ပြု ၍ ၊ ညီအစ်ကိုတို့ ၊ သင်တို့ကို သတိပေးလျက်သာ ၍ ရဲရင့်စွာ ရေးလိုက်ပါ ၏ ။ ထိုကြောင့် ၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့ ၌ ငါသည် ယေရှုခရစ်ကို အမှီပြု ၍ ဝါကြွားဝမ်းမြောက် ခြင်းအကြောင်းရှိ ၏ ။ တပါးအမျိုးသားတို့သည် စကားအားဖြင့် ၎ င်း ၊ အကျင့်အားဖြင့် ၎ င်း ၊ နားထောင်စေခြင်းငှါ ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုများ ၌ ပါသောတန်ခိုး ၊ သန့်ရှင်းသော ဝိညာဉ်တော် ၏ တန်ခိုးကိုပြ ၍ ၊ ငါ့အားဖြင့်ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့ ၏ ။ ထိုကျေးဇူးတော်ကိုအမှီပြုလျက် ၊ ငါသည် ယေရုရှလင်မြို့မှစ ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့ ၌ ခရစ်တော် ၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့ ၌ ခရစ်တော် ၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ ။ ထိုသို့အခြားသူတည်သော တိုက်မြစ်အပေါ်မှာ ငါထပ် ၍ မတည်မဆောက် ။ ခရစ်တော် ၏ နာမကို မကြားဘူးသော အရပ် ၌ ဧဝံဂေလိတရားကိုဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ ၏ ။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ၊ ထိုသူ ၏ အကြောင်းကို အဘယ်သူမျှမပြဘူးသော်လည်း ၊ သူတို့ သည် မြင်ကြလိမ့်မည် ။ မကြားဘူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟု လာသတည်း ။ ထိုကြောင့် သင်တို့ရှိရာသို့ ငါလာရသော အခွင့် မရှိ ။ အဆီးအတားများလှပြီ ။ ယခုမူကား ၊ ဤအရပ်တို့ ၌ အခွင့်မရသည်ဖြစ် ၍ ၊ သင်တို့ရှိရာ သို့သွားခြင်းငှါ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့် ၊ စပါနိပြည်သို့ငါသွားသောအခါ ၊ လမ်းခရီး ၌ သင်တို့ကို တွေ့မြင် ၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန်အရာအလို ပြည့်စုံပြီးမှ ၊ ထိုပြည်သို့သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့် ၏ ။ ယခုအခါသန့်ရှင်းသူတို့ကိုလုပ်ကျွေး ၍ ၊ ယေရုရှလင်မြို့သို့ ငါသွားရမည် ။ အကြောင်းမူကား ၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည် ၊ ယေရုရှလင်မြို့ ၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ ၍ စေတနာစိတ်နှင့် လှူကြပြီ ။ စေတနာစိတ်ရှိသည်ဟုဆိုသော် ၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသား တို့နှင့် ဆက်ဆံ ၍ ခံရသည်မှန်လျှင် ၊ လောကီဥစ္စာကို လှူ ၍ လုပ်ကျွေးအပ် ၏ ။ ထိုကြောင့် ၊ ဤအမှုကို ငါဆောင်ရွက် ၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင် ၊ သင်တို့အနားမှာ ရှောက် ၍ စပါနိပြည်သို့သွားမည် ။ သင်တို့ရှိရာသို့ ငါရောက်သောအခါ ၊ ခရစ်တော် ၏ ဧဝံဂေလိတရား ၌ ပါသောကောင်းကြီး မင်္ဂလာ ပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ ၏ ။ ငါသည်ဘုရားသခင် ၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက် ၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ ၊ ယုဒပြည် ၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း ၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ် ၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော် ၏ မေတ္တာကရုဏာကို အကြောင်းပြု ၍ သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ ၏ ။ ငြိမ်သက်ခြင်း ၏ အရှင် ၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော် မူပါစေသော ။ အာမင် ။ ကင်ခြေမြို့အသင်းတော် ၌ သင်းထောက်မိန်းမဖြစ်သော ငါတို့ နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး ၏ ။ သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း ၊ သခင်ဘုရားကို ထောက် ၍ ထိုသူကိုလက်ခံကြလော့ ။ သူသည် အကူအမလိုသမျှသော အမှုတို့ ၌ သူ့ကိုကူမကြလော့ ။ အကြောင်းမူကား ၊ သူသည်များစွာသော သူတို့ကို ၎ င်း ၊ ငါ့ကို ၎ င်း ၊ မစသောသူဖြစ် ၏ ။ ငါနှင့်အတူယေရှုခရစ် ၏ အမှုတော်ကို ဆောင်ရွက်သောသူ ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြ လော့ ။ ထိုသူတို့သည် ငါ့အသက်အဘို့မိမိတို့လည်ပင်းကို ချထားသော သူဖြစ်ကြ ၏ ။ သူတို့ကျေးဇူးရှိသည်ဟု ငါ တယောက်တည်းသာ ဝန်ခံသည်မဟုတ် ။ တပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ ၏ ။ သူတို့အိမ် ၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့ ။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့ ။ ငါတို့အမှုကိုကြိုးစား ၍ ဆောင်ရွက်သော မာရိကိုနှုတ်ဆက်ကြလော့ ။ ငါနှင့်အတူအကျဉ်းခံရသောသူ ၊ ငါအမျိုးသားချင်းအန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့ ။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ ၏ ။ ငါ့အရင်တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ်ကြ ၏ ။ သခင်ဘုရား ၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့ ။ ငါတို့နှင့်အတူ ခရစ်တော် ၏ အမှုကို ဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြ လော့ ။ တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု ၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့ ။ ငါ ၏ အဆွေအမျိုးဟေရောဒျုန်နှင့် တပည့်တော် ဖြစ်သောနာကိသု ၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့ ။ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားသော မိန်းမ ၊ တရုဖဲနနှင့် တရုဖေါသကို ၎ င်း ၊ သခင်ဘုရား ၏ အမှုတော်ကို အလွန်ကြိုးစား ၍ ချစ်အပ်သော မိန်းမ ပေရသိကို ၎ င်း နှုတ်ဆက်ကြလော့ ။ မြတ်သောတပည့်တော်ရုဖုနှင့် သူ ၏ အမိတည်းဟူသော တပည့်တော်ရုဖုနှင့်သူ ၏ အမိတည်းဟူသော ငါ ၏ အမိကို နှုတ်ဆက်ကြလော့ ။ အသုံကြိတ် ၊ ဖလေကုန် ၊ ဟေရမ ၊ ပတ်ရောဘ ၊ ဟေရမေမှစ ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့ ။ ဖိလောလုပ် ၊ ယုလိ ၊ နေရု ၊ နေရုနှမနှင့် ဩလုမ္ပမှ စ ၍ သူတို့နှင့် အတူနေသော သန့်ရှင်းသူအပေါင်း တို့ကို နှုတ်ဆက်ကြလော့ ။ အချင်းချင်းတယောက်ကို တယောက်သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။ ခရစ်တော် ၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ ၏ ။ ညီအစ်ကိုတို့ ၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း ၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ် ၍ ရှောင်ကြလော့ဟု ငါသတိပေး ၏ ။ အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော် ၏ အမှုကိုမဆောင်ရွက်ဘဲလျက် ၊ မိမိတို့ဝမ်း ၏ အမှုကိုသာ ဆောင်ရွက် ၍ ၊ လောကဝတ်စကားနှင့်ချော့မော့သော စကားအားဖြင့် စိတ်ကောင်း သောသူတို့ကို လှည့်ဖြားတတ်ကြ ၏ ။ သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ် ၍ ၊ ငါဝမ်းမြောက်ခြင်းရှိ ၏ ။ သို့သော်လည်း ၊ သင်တို့သည် ကောင်းသောအမှု ၌ ကား ၊ ပညာရှိစေခြင်းငှါ ၎ င်း ၊ ဆိုးသော အမှု ၌ ကား ၊ အပြစ်ကင်းစေခြင်းငှါ ၎ င်း ၊ ငါအလိုရှိ ၏ ။ ငြိမ်သက်ခြင်း ၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကို သင်တို့ခြေအောက် ၌ နှိပ်စက် တော်မူမည် ။ ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည်သင်တို့ ၌ ရှိပါစေသော ။ ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသမှစ ၍ ငါ ၏ အဆွေအမျိုးလုကိ ၊ ယာသုန်သော သိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင် ဘုရားကို ထောက် ၍ သင်တို့ကို နှုတ်ဆက်ပါ ၏ ။ ငါ့ကို ၎ င်း ၊ သင်းဝင်သူအပေါင်းတို့ကို ၎ င်း ၊ လက်ခံ ၍ ဧည့်သည် ဝတ်ပြုတတ်သော ဂါယု ၊ မြို့စာရေး ဧရတ္တု ၊ သင်တို့ညီကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။ ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ် ၍ ၊ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့ ၏ ကျမ်းစာများလာသည် နှင့်အညီ ၊ ထာဝရဘုရားသခင် ၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ ၊ ငါဟောသောဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ် ၏ အကြောင်းကို ဟောပြောခြင်းအားဖြင့် ၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှါ တတ်နိုင်တော်မူသောအရှင် ၊ တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည် ၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။ </passage></reply></GetPassage>