<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:46</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:46</urn><passage>ဘုရားသခင် ၏ အလိုတော်အားဖြင့် ယေရှုခရစ် ၏ တမန်တော်အရာ ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီ သုဿင်သည် ၊ ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင် ၍ သန့်ရှင်းသူအရာ ၌ ခန့်ထားသောသူတည်းဟူသော ၊ ကောရိနသုမြို့ ၌ ရှိသော ဘုရားသခင် ၏ အသင်းတော်မှစ ၍ ခပ်သိမ်းသောအရပ် ၌ ငါတို့သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။ ထိုသခင်သည် ငါတို့ ၏ သခင်သာမဟုတ် ၊ သင်တို့ ၏ သခင်လည်း ဖြစ်တော်မူ ၏ ။ သခင်ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါ စေသော ။ အထက်ခရစ်တော် ၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိသော် ၊ သင်တို့သည် ထိုခရစ်တော်အားဖြင့် ၊ အရာရာ ၌ နှုတ်သတ္တိ ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ် ၍ ၊ ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက် ၍ ၊ သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင် ၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း ၏ ။ ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ် ၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့် ၍ နေစဉ် ၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ ၏ ။ သင်တို့သည် ငါတို့သခင် ယေရှုခရစ် ၏ နေ့ရက် ၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း ၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည် ။ ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင် ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့ အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ ၏ ။ ညီအစ်ကိုတို့ ၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ် ၍ အချင်းချင်းမကွဲပြားဘဲ စိတ် သဘောတသံတသမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ၊ ငါတို့သခင်ယေရှုခရစ် ၏ နာမတော် ကို အမှီပြု ၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ ၏ ။ အကြောင်းမူကား ၊ ငါ့ညီအစ်ကိုတို့ ၊ သင်တို့သည် အချင်းချင်း မသင့် ၊ ရန်တွေ့ခြင်းရှိသည်ကို ၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ ၏ ။ သင်တို့က ၊ ငါသည်ပေါလုတပည့်ဖြစ် ၏ ။ ငါသည် အာပေါလုတပည့်ဖြစ် ၏ ။ ငါသည်ကေဖ တပည့်ဖြစ် ၏ ။ ငါသည်ခရစ်တော်တပည့် ဖြစ် ၏ ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ ၏ ။ ခရစ်တော်သည် ကွဲပြားသလော ။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော ။ သို့မဟုတ် သင်တို့သည် ပေါလု ၏ နာမ ၌ ဗတ္တိဇံကို ခံကြပြီလော ။ ကရိပ္ပုနှင့်ဂါယုမှတပါး ၊ သင်တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ် ၍ ဘုရားသခင် ၏ ကျေးဇူးတော်ရှိပါ ၏ ။ သို့ဖြစ် ၍ ပေါလုသည်မိမိနာမ ၌ ဗတ္တိဇံကို ပေးသည်ဟု အဘယ်သူမျှဆိုစရာအကြောင်းမရှိ ။ သတေဖန် ၏ အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံကို ပေးပြီ ။ ထိုမှတပါးအခြားသောသူအား ဗတ္တိဇံ ပေးသည်ကိုငါမမှတ်မိ ။ ဗတ္တိဇံကိုပေးစေခြင်းငှါ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ် ။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှါ စေလွှတ်တော်မူ ၏ ။ သို့သော်လည်း ၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ် စေခြင်းငှါ ၊ နှုတ်ပညာကို အခွင့်မပေးဘဲနေတော်မူ ၏ ။ အကြောင်းမူကား ၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့ ၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ် ၏ ။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့ ၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုးတော် ဖြစ် ၏ ။ ကျမ်းစာလာသည်ကား ၊ ပညာရှိတို့ ၏ ပညာကို ငါဖျက်ဆီးမည် ။ ဥာဏ်ကောင်းသောသူတို့ ၏ ဥာဏ်ကို လည်း ငါပယ်မည်ဟု လာသတည်း ။ ပညာရှိကား အဘယ်မှာရှိသနည်း ။ ကျမ်းပြု ဆရာကား အဘယ်မှာရှိသနည်း ။ ပြဿနာ ၌ လေ့ကျက် သော ဆရာကား အဘယ်မှာ ရှိသနည်း ။ လောကီပညာ ကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော ။ အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင် ၏ ပညာတော်စီရင်သည်နှင့်အညီ ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ ၊ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာရှိတော်မူ ၏ ။ ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ ၏ ။ ဟေလသလူတို့သည် ပညာကို ရှာတတ် ကြ ၏ ။ ငါတို့မူကား ၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြောကြ ၏ ။ ထိုအကြောင်းအရာသည်ကား ၊ ယုဒအမျိုးသား ထိမိ ၍ လဲစရာအကြောင်းဖြစ် ၏ ။ တပါးအမျိုးသား ၌ ကား ၊ မိုက်မဲခြင်းဖြစ် ၏ ။ သို့သော်လည်း ၊ ယုဒလူဖြစ်စေ ၊ ဟေလသလူ ဖြစ်စေ ၊ ခေါ်တော်မူသောသူတို့ ၌ ဘုရားသခင် ၏ တန်ခိုး တော်နှင့် ဘုရားသခင် ၏ ပညာတော်တည်းဟူသော ခရစ်တော် ၏ တရားဖြစ် ၏ ။ ဘုရားသခင် ၏ မိုက်မဲခြင်းအရာသည် လူတို့ ၏ ပညာထက်သာ ၍ ပညာရှိ ၏ ။ ဘုရားသခင် ၏ အားနည်း ခြင်းအရာသည် လူတို့ ၏ အစွမ်းထက်သာ ၍ အစွမ်းရှိ ၏ ။ ညီအစ်ကိုတို့ ၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့ ။ ခေါ်တော်မူသော သူတို့တွင် လောကီပညာရှိအများမပါ ။ ထင်ရှားသော လူကြီးအများမပါ ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မပါ ။ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ ၊ လောကီအရာ ၌ မိုက်မဲသော သူတို့ကို ရွေးကောက်တော်မူ ၏ ။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှါ ၊ လောကီအရာ ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ ၏ ။ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ ၌ ဆင်းရဲသောသူ ၊ မရေရသောသူ ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ ၏ ။ ထိုကြောင့် ၊ ဘုရားသခင်ရှေ့ ၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ ။ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ် ၌ တည်နေကြ ၏ ။ ထိုသခင်မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း ၊ ငါတို့ ၌ ပညာမှစ ၍ ဖြောင့်မတ်ခြင်း ၊ သန့်ရှင်းခြင်း ၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ ကျမ်းစာလာသည်နှင့်အညီ ၊ ဝါကြွားသောသူမည်သည်ကား ၊ ထာဝရဘုရား ၌ သာဝါကြွားစေ ။ ညီအစ်ကိုတို့ ၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ ၊ ဘုရားသခင် ၏ သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သော ပညာအားဖြင့် သင်တို့အား ပြသ ၍ ရောက်လာသည်မဟုတ် ။ အကြောင်းမူကား ၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတပါး ၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ် ပြဋ္ဌာန်းခြင်းရှိ ၏ ။ သင်တို့နှင့်အတူ ငါရှိနေသောအခါ ၊ အားနည်းခြင်း ၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ ၏ ။ သင်တို့ ၏ ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည် ၊ ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့် တည်စေ ခြင်းငှါ ၊ ငါ့စကား ၊ ငါ့ဒေသနာသည် လူပညာနှင့် ယှဉ်သောဖြားယောင်းသောစကားနှင့်တကွ ရှိသည် မဟုတ် ။ ဝိညာဉ်တော် ၏ နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွ ရှိ ၏ ။ သို့သော်လည်း ၊ စုံလင်သော သူတို့အား ငါတို့သည် ပညာစကားကို ဟောပြော ၏ ။ ထိုသို့ဆိုသော် ၊ လောကီပညာကို မဆိုလို ။ ပြယ်ပျောက် တတ်သော လောကီမင်းတို့ ၏ ပညာကိုမဆိုလို ။ ဤကမ္ဘာမတည်မရှိမှီ ၊ ငါတို့ ၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ ၊ ဘုရားသခင်စီရင်တော်မူသော ပညာ ၊ နက်နဲသောအရာ ၌ ဝှက်ထားသော ဘုရားသခင် ၏ ပညာကို ငါတို့သည်ပြသကြ ၏ ။ ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ ။ သိလျှင် ၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ် တိုင်မှာ မကွပ်မျက်ကြပြီ ။ ကျမ်းစာလာသည်နှင့်အညီ ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင် ၊ နားဖြင့်မကြား ၊ စိတ်နှလုံးဖြင့် မကြံစည်သေး ။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ ၏ ။ ဝိညာဉ်တော် သည် ဘုရားသခင် ၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ ၏ ။ လူ ၏ နက်နဲသော အရာကို လူ ၌ ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း ။ ထိုနည်းတူ ဘုရားသခင် ၏ နက်နဲသောအရာကို ဘုရားသခင် ၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ ။ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု ၍ နားလည်သောစကားနှင့် မဟော ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ ၏ ။ ဇာတိပကတိလူသည် ဘုရားသခင် ၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ် ၏ ။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား ၍ နားလည်နိုင်သောကြောင့် ၊ ဇာတိပကတိလူသည် နားမလည်နိုင် ။ ဝိညာဉ်လူမူကား ၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား ၍ နားလည်တတ် ၏ ။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်းခြား ၍ မသိနိုင် ။ ထိုလူကို သွန်သင်နိုင်မည်အကြောင်း အဘယ် သူသည် ထာဝရဘုရား ၏ စိတ်တော်ကို သိသနည်း ။ ငါတို့မူကား ခရစ်တော် ၏ စိတ်ကို ခံရကြ ၏ ။ ညီအစ်ကိုတို့ ၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော ရသော အခွင့်မရှိဘဲ ၊ ဇာတိပကတိ လူတို့အား ၎ င်း ၊ ခရစ်တော် ၌ သူငယ်ကလေးတို့အား ၎ င်း ၊ ဟောပြောသကဲ့ သို့ ဟောပြောရ ၏ ။ ယခုတိုင်အောင်သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ ၊ နို့ကိုသာ တိုက် ရ ၏ ။ ယခုပင်လည်း ၊ သင်တို့သည် မကြေနိုင်ကြသေး ။ ယခုပင်လည်း ၊ ဇာတိပကတိလူဖြစ်ကြသေး ၏ ။ ဂုဏ်ပြိုင်ခြင်း ၊ ရန်တွေ့ခြင်း ၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ် ၍ ၊ သင်တို့သည်ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော ။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော ။ တယောက်က ၊ ငါသည်ပေါလုတပည့်ဖြစ် ၏ ဟူ ၍ ၎ င်း ၊ တယောက်က ၊ ငါသည်အာပေါလုတပည့်ဖြစ် ၏ ဟူ ၍ ၎ င်း ၊ အသီးသီးပြောကြလျှင် ၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော ။ ပေါလုကားအဘယ်သူနည်း ။ အာပေါလုကား အဘယ်သူနည်း ။ အခြားသောသူမဟုတ် ၊ ထာဝရဘုရား သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း ။ ငါသည်စိုက်ပျိုးသောသူဖြစ် ၏ ။ အာပေါလုသည် ရေလောင်းသော သူဖြစ် ၏ ။ အပင်ကိုကြီးပွါးစေသော သူကား ၊ ဘုရားသခင်ပေတည်း ။ စိုက်ပျိုးသောသူမတတ်နိုင် ။ ရေလောင်းသော သူလည်း မတတ်နိုင် ။ ကြီးပွါးစေတော်မူသော ဘုရား သခင်သာလျှင် တတ်နိုင်တော်မူ ၏ ။ သို့သော်လည်း ၊ စိုက်ပျိုးသောသူနှင့် ရေလောင်း သောသူသည် တလုံးတဝတည်းဖြစ် ၍ ၊ အသီးအသီး မိမိ လုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည် ။ ငါတို့သည် ဘုရားသခင့်ထံ ၌ အလုပ်လုပ်သော သူချင်းဖြစ်ကြ ၏ ။ သင်တို့သည် ဘုရားသခင် ၏ ဥယျာဉ် တော်ဖြစ်ကြ ၏ ။ ဘုရားသခင် ၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ ၏ ။ ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ ။ အခြားသောသူသည် ထပ်ဆင့် ၍ တည်ဆောက်လေ ၏ ။ သို့ရာတွင် ၊ အဘယ်သို့ ထပ်ဆင့် ၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ ။ အကြောင်းမူကား ၊ ယေရှုခရစ်တည်းဟူသော ၊ ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင် ။ ထိုတိုက်မြစ်အပေါ် ၌ ရွှေ ၊ ငွေ ၊ ကျောက်ကောင်း ၊ သစ်သား ၊ မြက်ပင် ၊ ကောက်ရိုးများကို ထပ်ဆင့် ၍ တည်ဆောက်သောသူရှိသမျှ ၊ အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည် ။ အဘယ်သို့နည်းဟူမူကား ၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည် ။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည် ။ ထိုတိုက်မြစ်အပေါ် ၌ ထပ်ဆင့် ၍ တည်ဆောက်သော အကြင်သူ ၏ အလုပ်သည်မြဲ ၏ ။ ထိုသူသည် အကျိုးကို ခံရလိမ့်မည် ။ အကြင်သူ ၏ အလုပ်သည် ကျွမ်းလောင် ၏ ၊ ထိုသူ သည် အရှုံးခံရလိမ့်မည် ။ သို့သော်လည်း ၊ မီးနှင့်လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် ။ သင်တို့သည် ဘုရားသခင် ၏ ဗိမာန်တော် ဖြစ်ကြသည်ကို ၎ င်း ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် သင်တို့အထဲ ၌ ကျိန်းဝပ်တော်မူသည်ကို ၎ င်း မသိကြသလော ။ အကြင်သူသည် ဘုရားသခင် ၏ ဗိမာန်တော်ကို ဖျက်ဆီး ၏ ။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည် ။ ဘုရားသခင် ၏ ဗိမာန်တော်သည် သန့်ရှင်းရ ၏ ။ သင်တို့သည်လည်း ၊ ထိုဗိမာန်တော် ဖြစ်ကြ ၏ ။ အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့် ။ သင်တို့တွင် အကြင်သူသည် ဤလောက ၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင် ၏ ။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ ။ အကြောင်းမူကား ၊ လောကီပညာသည် ဘုရားသခင့်ရှေ့ ၌ မိုက်မဲခြင်းဖြစ် ၏ ။ ကျမ်းစာလာသည်ကား ၊ ဘုရားသခင်သည် ပညာရှိတို့ကို သူတို့ ၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ ၏ ဟု လာသတည်း ။ တဖန်တုံ ၊ ပညာရှိတို့ ၏ အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ ၏ ဟု လာသတည်း ။ ထိုသို့ဖြစ်လျှင် ၊ အဘယ်သူမျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့် ။ ခပ်သိမ်းသောအရာတို့သည် သင်တို့ အဘို့ဖြစ်ကြ ၏ ။ ပေါလုဖြစ်စေ ၊ အာပေါလုဖြစ်စေ ၊ ကေဖဖြစ်စေ ၊ ဤလောကဖြစ်စေ ၊ အသက်ရှင်ခြင်းဖြစ်စေ ၊ သေခြင်း ဖြစ်စေ ၊ မျက်မှောက်အရာဖြစ်စေ ၊ နောက်လာလတံ့သော အရာဖြစ်စေ ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ ၏ ။ သင်တို့သည်လည်း ၊ ခရစ်တော်အဘို့ဖြစ်ကြ ၏ ။ ခရစ်တော် သည်လည်း ဘုရားသခင်အဘို့ ဖြစ်တော်မူ ၏ ။ ခရစ်တော် ၏ အစေအပါ ကဲ့သို့ ၎ င်း ၊ ဘုရားသခင် ၏ နက်နဲသော အရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့ ၎ င်း ၊ သူတပါးသည် ငါတို့ကို မှတ်ပါစေ ။ ထိုမှတပါး ၊ ဘဏ္ဍာစိုးမည်သည်ကား ၊ သစ္စာရှိရမည် ။ သင်တို့မှစ ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း ၊ ငါသည်အမှုမထား ။ ငါ့ကိုယ်ကို ငါမစီရင် ။ အကြောင်းမူကား ၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင် ။ သို့သော်လည်း ၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ် ။ ငါ့ကို စီရင်သောသူကား ၊ ထာဝရဘုရားပေတည်း ။ ထိုသို့ဖြစ်လျှင်မှောင်မိုက် ၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့် ။ ကြွလာတော်မူသောအခါ ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့ ။ ညီအစ်ကိုတို့ ၊ သင်တို့သည် ကျမ်းစာကို လွန် ၍ သူတပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက် ၍ နားလည် စေခြင်းငှါ ၎ င်း ၊ မာနစိတ်ထောင်လွှားသည်နှင့် တယောက်ကိုမှီဝဲ ၍ တယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှါ ၎ င်း ၊ ငါဆိုခဲ့ပြီးသောအချက် ၌ သင်တို့ ၏ အကျိုးကို ထောက် ၍ ငါနှင့်အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း ။ ထိုမှတပါး ၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း ။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင် ၌ ရှိသလော ။ သူတပါးလက်မှ ခံယူသည်မှန်လျှင် ၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း ။ ယခုတွင် သင်တို့သည် ကြွယ်ဝကြ ၏ ။ ငွေရ တတ်ကြ ၏ ။ ငါတို့ မရှိစဉ်တွင်စိုးစံကြ ၏ ။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း ၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှါ အလိုရှိ ၏ ။ သတ်ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက် ၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင် ၏ ။ အကြောင်းမူကား ၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက် ၌ ပွဲဝင်သောသူ ဖြစ်ကြ ၏ ။ ငါတို့သည် ခရစ်တော် ၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ ၏ ။ သင်တို့မူကား ၊ ခရစ်တော် ၌ ပညာရှိ ဖြစ်ကြ ၏ ။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ ၏ ။ သင်တို့မူကား ၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ ၊ အသရေ ရှိသောသူ ဖြစ်ကြ ၏ ။ ငါတို့သည် အရှက်အကြောက် ခံရသော သူဖြစ် ၍ ၊ ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း ၊ အဝတ်နွမ်းပါးခြင်း ၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ ၏ ။ နေရာမကျသောသူ ၊ ကိုယ်လက်နှင့်ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ ၏ ။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ ၏ ။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ ၏ ။ အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ ၏ ။ ဤလောက ၏ အညစ်အကြေးကဲ့သို့ ၎ င်း ၊ အရပ်ရပ်ထဲက လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့ ၎ င်း ၊ ယခုတိုင်အောင်ဖြစ်ကြ ၏ ။ သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည် မဟုတ် ။ သင်တို့ကို ချစ်သားကဲ့သို့ မှတ် ၍ သတိပေး ၏ ။ သင်တို့တွင် ခရစ်တော် ၏ အကြောင်းကို သင်ပေးသော ဆရာတသောင်းရှိငြားသော်လည်း ၊ အဘ အများမရှိ ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ် ၌ ဖြစ်ဘွားစေပြီ ။ သို့ဖြစ် ၍ ၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန် ၏ ။ ထိုအကြောင်းကြောင့် သခင်ဘုရား ၌ သစ္စာရှိသော ငါ ၏ ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါ စေလွှတ် ၏ ။ ခပ်သိမ်းသော အရပ်တို့ ၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ ၊ ငါသည် ခရစ်တော် ၌ ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှါ သူသည် ပြသတိုက်တွန်းလိမ့်မည် ။ ငါသည်သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့် ၊ မာနထောင်လွှားခြင်း ရှိကြ ၏ ။ သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိ လျှင် ငါသည် မြန်မြန်လာမည် ။ လာသောအခါ မာန ထောင်လွှားသောသူတို့ ၏ စကားကို သိမှတ်မည်မဟုတ် ။ သူတို့ ၏ တန်ခိုးကို သိမှတ်မည် ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် စကား ၌ တည်သည်မဟုတ် ၊ တန်ခိုး ၌ တည် ၏ ။ သင်တို့သည် အဘယ်သို့ အလိုရှိသနည်း ။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော ။ သို့မဟုတ် မေတ္တာနှင့် ၎ င်း ၊ နူးညံ့သိမ်မွေ့သော စိတ်နှင့် ၎ င်း ၊ လာရမည်လော ။ မတရားသောမေထုန်သာမညမဟုတ် ၊ အဘ ၏ မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့ တွင်ပင် မကြားရသော မေထုန် ၌ မှီဝဲသော သူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ ၏ ။ ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည် အကြောင်း ၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု ၊ မာန ထောင်လွှားလျက် နေကြ ၏ ။ ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွာလျက် ရှိသော်လည်း ၊ ဝိညာဉ်အားဖြင့် မကွာ ၊ ကိုယ်တိုင်သင်တို့နှင့် အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ ။ စီရင်ချက်ဟူမူကား ၊ ငါတို့သခင်ယေရှုခရစ် ၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင် ယေရှုခရစ် ၏ တန်ခိုးတော်ကို အမှီပြု ၍ ၊ ထိုသူ ၏ ဝိညာဉ်သည် ယေရှုခရစ် ၏ နေ့ရက် ၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ၊ သူ ၏ ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင် ၏ ။ သင်တို့ ၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ် ၏ ။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော ။ သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း ၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့ ။ အကြောင်းမူ ကား ၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ် သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ် ၏ ။ ထိုကြောင့် ၊ ဟောင်းသောတဆေး ၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ် ၍ ၊ တဆေးမဲ့မုန့်တည်း ဟူသော ကြည်ဖြူခြင်း ၊ သစ္စာစောင့် ခြင်းနှင့်ပွဲခံကြ ကုန်အံ့ ။ သင်တို့သည် မတရားသော မေထုန် ၌ မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း ၊ အထက်ဩဝါဒ စာ ၌ ငါရေးထားခဲ့ပြီ ။ ထိုသို့ရေးထားသော် ၊ မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ လောဘလွန်ကျူးခြင်း ၊ အနိုင်အထက်လုယူခြင်း ၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့ နှင့်အလျှင်း မပေါင်းဘော်ရဟုမဆိုလို ။ ထိုသို့ဆိုလျှင် ၊ သင်တို့သည်လောကီမှ ထွက်သွားရကြမည် ။ ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သော သူသည် မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ လောဘ လွန်ကျူးခြင်း ၊ ရုပ်တုကိုးကွယ်ခြင်း ၊ ဆဲရေးကဲ့ရဲ့ခြင်း ၊ သေရည်သေရက်နှင့် ယစ်မူးခြင်း ၊ အနိုင်အထက်လုယူ ခြင်းမှစ ၍ ၊ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်း ဘော်ရသည်သာမက ၊ ထိုသူနှင့် အတူစားသောက်ခြင်း ကိစ္စကိုမျှ မပြုရဟုငါရေးထား ၍ ပညတ် ၏ ။ ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း ။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော ။ ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည် ။ သို့ဖြစ် ၍ ထိုဆိုးညစ်သောသူကိုသင်တို့အထဲမှ နှင်ထုတ် ကြလော့ ။ သင်တို့သည် အချင်းချင်းအမှုရှိလျှင် ၊ သန့်ရှင်းသူတို့ရှေ့ ၌ တရားစီရင်ခြင်းကို မခံဘဲသာသနာပ လူတို့ ရှေ့ ၌ ခံဝံ့သောသူတစုံတယောက်ရှိသလော ။ သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရား စီရင်မည်ဟု မသိကြသလော ။ သင်တို့သည် လောကီနိုင်ငံ ကို စီရင်ရသည်မှန်လျှင် ၊ အငယ်ဆုံးသော အမှုများကို မစီရင်ထိုက်သလော ။ ငါတို့သည်ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော ။ သို့ဖြစ် ၍ လောကီအမှုကို စီရင်ထိုက်သည်မဟုတ်လော ။ ထိုကြောင့် သင်တို့သည် လောကီအမှုကို စီရင် စရာရှိလျှင် ၊ အသင်းတော် ၌ အသရေနည်းသောသူတို့ကို တရားသူကြီးအရာ ၌ ခန့်ထားကြလော့ ။ ထိုသို့ဆိုသော် ၊ သင်တို့ရှက်စေခြင်းငှါ ပြောဆို ၏ ။ သင်တို့တွင် ပညာရှိတစုံတယောက်မျှ မရှိသလော ။ ညီအစ်ကိုချင်းတို့ ၏ အမှုကို စီရင်ဆုံးဖြတ်နိုင်သောသူ တစုံတယောက်မျှမရှိသလော ။ ညီအစ်ကိုချင်းတို့သည် တရားတွေ့သည် သာမက ၊ မယုံကြည်သော သူတို့ရှေ့ ၌ ပင် တရားတွေ့ပါ သည်တကား ။ ထိုသို့သင်တို့သည် အချင်းချင်းတရားတွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ ၏ ။ တရား မတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့်မခံသနည်း ။ ကိုယ်ဥစ္စာရှုံးခြင်းကို အဘယ်ကြောင့် မခံသနည်း ။ ထိုသို့ သင်တို့သည် မခံဘဲ ၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်ညှင်းဆဲ ၍ ၊ ညီအစ်ကိုချင်းတို့ ၏ ဥစ္စာကိုသိမ်းယူကြသည်တကား ၊ မတရားသောသူတို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြ သလော ။ အလွဲမယူကြနှင့် ။ မတရားသော မေထုန် ၌ မှီဝဲသောသူ ၊ ရုပ်တုကိုကိုးကွယ်သောသူ ၊ သူ့မယားကို ပြစ်မှားသောသူ ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ ၊ ထိုအမှုကိုခံသောသူ ၊ သူ့ဥစ္စာကိုခိုးသောသူ ၊ လောဘလွန်ကျူးသောသူ ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ ၊ ဆဲရေးကဲ့ရဲ့သောသူ ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေမခံရကြ ။ အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း ၊ ယခုတွင်သခင်ယေရှု ၏ နာမတော်အားဖြင့် ၎ င်း ၊ ငါတို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎ င်း ၊ ဆေးကြောသန့်ရှင်း ၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ ။ ငါသည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့ ။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ် ။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကိုပြုနိုင်သည်မှန်စေတော့ ။ အဘယ်အမှုအရာ ၌ မျှ ငါသည်ကျွန်မခံ ။ အစားအသောက်တို့သည် ဝမ်းအဘို့ ၊ ဝမ်းသည်လည်း အစားအသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့ ။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည် ။ ကိုယ်ခန္ဓာသည် မတရားသော မေထုန် အဘို့ဖြစ်သည်မဟုတ် ။ သခင်ဘုရားအဘို့ဖြစ် ၏ ။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓာအဘို့ ဖြစ်တော်မူ ၏ ။ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင် ဘုရားကို ထမြောက်စေတော်မူသည်ဖြစ် ၍ ၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည် ။ သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော် ၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော ။ သို့ဖြစ်လျှင် ၊ ခရစ်တော် ၏ အင်္ဂါကိုယူ ၍ ပြည်တန်ဆာ ၏ အင်္ဂါဖြစ်စေအပ် သလော ။ မဖြစ်စေအပ် ။ အဘယ်သို့နည်း ။ ပြည်တန်ဆာ ၌ မှီဝဲသောသူသည် ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော ။ ထိုသူ နှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ ၏ ။ သခင်ဘုရား ၌ မှီဝဲသော သူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ် ၏ ။ မတရားသောမေထုန်ကိုကြဉ်ရှောင်ကြလော့ ။ လူပြုတတ်သော အခြားဒုစရိုက် ရှိသမျှတို့သည် ကိုယ်ပြင် ၌ ရှိ ၏ ။ မတရားသော မေထုန်ကို ပြုသောသူမူကား ၊ မိမိကိုယ်ကိုပင်ပြစ်မှား ၏ ။ အဘယ်သို့နည်း ။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော ၊ သင်တို့အထဲ ၌ ကျိန်းဝပ် ၍ သန့်ရှင်းသော ဝိညာဉ်တော် ၏ ဗိမာန်ဖြစ်ကြောင်းကို ၎ င်း ၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို ၎ င်း ၊ မသိကြသလော ။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့် ၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့ ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ ဂုဏ်တော်ကိုထင်ရှားစေကြလော့ ။ သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ ၌ ပါသောအရာမှာ ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲ နေလျှင် ၊ ကောင်းသော်လည်း ၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း ၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့ ။ မိန်းမတိုင်း မိမိလင်ရှိစေလော့ ။ ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့ ။ ထိုနည်းတူ ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့ ။ မိန်းမသည် မိမိကိုယ်ကိုမပိုင် ၊ လင်သည်ပိုင် ၏ ။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင် ၊ မယားသည်ပိုင် ၏ ။ အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့် ။ ထိုသို့ဆိုသော် ၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ ၊ သဘောတူ ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို ။ ထိုသို့ရှောင်လျှင် ၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ ၊ နောက်တဖန် အတူနေကြလော့ ။ သို့ရာတွင် ပညတ်မထားဘဲအခွင့်ပေးခြင်း အားဖြင့်သာ ငါဆို ၏ ။ လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ ၏ ။ သို့သော်လည်း ၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ ၏ ။ ထိုကြောင့်မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား ၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း ၏ ။ သို့သော်လည်း ၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ ၍ ကောင်း ၏ ။ ခင်ပွန်းရှိသော သူတို့ကိုလည်း ၊ ငါပညတ်သည် သာမက ၊ သခင်ဘုရား ပညတ်တော်မူသည်ကား ၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့် ။ စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ ။ သို့မဟုတ်လျှင် ၊ ခင်ပွန်းဟောင်းထံသို့ ပြန် ၍ အသင့်အတင့်နေစေ ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့် ။ ကြွင်းသောသူတို့ကိုသခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ ၊ ငါပညတ်သည်ကား ၊ တစုံတယောက် သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ ၍ ၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့် ။ ထိုနည်းတူ မိန်းမသည်လည်း ၊ မယုံကြည်သော ခင်ပွန်းရှိ ၍ ၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့် ။ အကြောင်းမူကား ၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ် ၏ ။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ် ၏ ။ သို့မဟုတ်လျှင် သင်တို့ ၏ သားသမီးသည် မစင်ကြယ် ။ ယခုတွင် စင်ကြယ်ကြ ၏ ။ သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ ။ ထိုသို့ပြုလျှင် တပည့်တော် သည် ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ ချည်နှောင်ခြင်းမရှိ ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှါ ဘုရားသခင် ၏ ပညတ်တော်ရှိ ၏ ။ အချင်းမိန်းမ ၊ သင်သည်ကိုယ်ခင်ပွန်းကို ကယ်တင်မည် ၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း ။ အချင်းယောက်ျား ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည် ။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း ။ သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ ၍ ၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ် ၏ ။ အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် ၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့် ။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် ၊ အရေဖျား လှီးခြင်းကို မခံစေနှင့် ။ အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ ။ မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမရှိ ။ ဘုရားသခင် ၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ ၏ ။ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ ၏ ။ ထိုသို့လူတိုင်းလုပ်နေစေ ။ အစေခံကျွန်ဖြစ် ၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့် ။ သို့သော်လည်းလွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသော အခွင့်ကိုသာ ၍ သုံးဆောင်လော့ ။ အကြောင်းမူကားကျွန်ဖြစ်စဉ် ၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား ၏ လူလွတ်ဖြစ် ၏ ။ ထိုနည်းတူ လူလွတ်ဖြစ်စဉ် ၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော် ၏ ကျွန်ဖြစ် ၏ ။ သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူ ဖြစ် ၍ ၊ လူထံ ၌ အလိုအလျောက်ကျွန်မခံကြနှင့် ။ ညီအစ်ကိုတို့ ၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ ၏ ။ ထိုသို့ ဘုရားသခင့်ရှေ့တော် ၌ လူတိုင်းလုပ်နေစေ ။ ခင်ပွန်းမရှိသောသူတို့ ၏ အမှုမှာ ၊ သခင်ဘုရား ၏ ပညတ်တော်သည် ငါ ၌ မရှိသော်လည်း ၊ ငါသည် သစ္စာ ရှိသောသူဖြစ်အံ့သောငှါ ၊ သခင်ဘုရား ၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင် ၏ ။ စီရင်ချက်ဟူမူကား ၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း ၏ ။ သင်သည်မယားရှိလျှင် လွတ်စေခြင်းငှါ မကြံစည်နှင့် ။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့် ။ သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ ။ လင်မနေဘူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ ။ သို့သော်လည်း ၊ ထိုသို့ပြုသော သူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည် ။ ဤအမှုအရာ ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို ။ ညီအစ်ကိုတို့ ၊ ငါဆိုသည်ကား ၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ် ၍ ၊ မယားရှိသော သူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည် ။ ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည် ။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည် ။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည် ။ ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည် ။ အကြောင်းမူကား ၊ ဤလောက ၏ အဆင်း သဏ္ဌာန်သည်ရွေ့သွား ကွယ်ပျောက်တတ် ၏ ။ သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ ၏ ။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား ၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင်ဘုရား ၏ အမှုကိုသာ သတိထားတတ် ၏ ။ ခင်ပွန်းရှိသောသူမူကား ၊ မိမိမယား ၏ စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ် ၏ ။ ထိုနည်းတူ ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်း ရှိ ၏ ။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား ၏ အမှုကိုသာ သတိထားတတ် ၏ ။ ခင်ပွန်းရှိသောမိန်းမမူကား ၊ မိမိခင်ပွန်း ၏ စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ် ၏ ။ ထိုသို့ငါဆိုသော် ၊ သင်တို့အကျိုးကိုသာ ထောက် ၍ ဆို ၏ ။ သင်တို့ကို နှောင့်ရှက်ချင်သောစိတ်နှင့် ဆိုသည် မဟုတ် ။ သင်တို့သည် လျောက်ပတ်စွာကျင့် ၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ ၊ သခင်ဘုရား ၏ ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို ၏ ။ အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ် ၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင် ၊ ထိုသူသည် အလိုအလျောက်ပြုစေ ။ အပြစ်မရှိထိမ်းမြားကြစေ ။ သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ ၍ ၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့်နှင့် ကိုယ်စိတ် အလိုကို ချုပ်တည်းနိုင်သော အခွင့်ရှိသောကြောင့် ၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည် ကောင်းစွာပြု ၏ ။ သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု ၏ ။ မဆောင်သောသူမူကား ၊ သာ ၍ ကောင်းစွာပြု ၏ ။ မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ ၏ ။ ခင်ပွန်းသေလျှင် မူကား ၊ မိမိအလိုအတိုင်း သခင်ဘုရား ၌ သာ အခြားသော သူ ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ ၏ ။ အခွင့်ရှိသော်လည်း ၊ အခြားသောသူ ၏ မယား မဖြစ်ဘဲနေလျှင် ၊ သာ ၍ မင်္ဂလာရှိသည်ဟု ငါသဘော ရှိ ၏ ။ ငါ ၌ လည်း ဘုရားသခင် ၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ ၏ ။ ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်အရာမှာ ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဥာဏ်ရှိသည်ကို ငါတို့သိကြ ၏ ။ ဥာဏ်သည် ထောင်လွှားစေတတ် ၏ ။ မေတ္တာမူကား တည်ဆောက်တတ် ၏ ။ အကြင်သူသည် ၊ ငါကားပညာရှိဖြစ်သည်ဟူ ၍ စိတ်ထင် ၏ ။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်း မသိသေး ။ ဘုရားသခင်ကိုချစ်သော သူမည်သည်ကား ၊ ဘုရားသခင် သိစေတော်မူသော သူဖြစ် ၏ ။ ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ ၊ ရုပ်တုသည် ဤလောက ၌ အချည်းနှီး သက်သက်ဖြစ်သည်ကို ၎ င်း ၊ တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို ၎ င်း ၊ ငါတို့သိကြ ၏ ။ ဘုရားများ ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ် ၊ မြေကြီးပေါ်မှာ ဘုရားဟူ ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း ၊ အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ် ၍ ၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ ၏ ။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့ ၌ ရှိတော်မူ ၏ ။ အကြင်သခင်အားဖြင့် ငါတို့မှစ ၍ ခပ်သိမ်းသောအရာဖြစ်ကြ ၏ ။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့ ၌ ရှိတော်မူ ၏ ။ သို့သော်လည်း ထိုဥာဏ်ကို လူတိုင်းမရ ။ အချို့ သော သူတို့သည် ယခုတိုင်အောင်ရုပ်တုရှေ့ ၌ ပူဇော် သော ယဇ်ကောင်ကိုစားသော် ၊ ရုပ်တုကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ် ၍ ၊ သူတို့ ၌ ကိုယ်ကို ကိုယ်သိသော စိတ်သည်အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ် ၏ ။ အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ် ။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ် ။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ် ။ သို့သော်လည်း ၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့ ၌ ထိမိ ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိ ပြုကြလော့ ။ အကြောင်းမူကား ၊ သင်သည် ပိုင်းခြားတတ်သော ဥာဏ်ရှိလျက်ပင် ၊ ရုပ်တုစင်ထဲ ၌ စားပွဲနားမှာ လျောင်းသည်ကို သူတပါးမြင်လျှင် ၊ ကိုယ်ကိုကိုယ်သိသော စိတ်အားနည်းသောသူသည် ၊ ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှါ ရဲမည်မဟုတ်လော ။ ထိုသို့ဖြစ်လျှင် ၊ အကြင်ညီအစ်ကိုအဘို့အလို့ငှါ ခရစ်တော်သည် အသေခံတော်မူ ၏ ။ အားနည်းသော ထိုညီအစ်ကိုသည် သင် ၏ ဥာဏ် ကြောင့်ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား ၊ သင်တို့သည် ၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား ၍ သူတို့ ၌ ကိုယ်ကို ကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက် ၏ ။ သို့ဖြစ် ၍ ၊ ငါ ၏ အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင် ၊ ငါ့ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည် ။ ငါပေါလုသည် ကျွန်မဟုတ် ၊ လူလွတ်ဖြစ်သည် မဟုတ်လော ။ တမန်တော်ဖြစ်သည်မဟုတ်လော ။ ငါတို့ သခင် ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော ။ သင်တို့သည် သခင်ဘုရား ၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော ။ ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း ၊ သင်တို့အားတမန်တော် အမှန်ဖြစ် ၏ ။ အကြောင်းမူကား ၊ ငါသည် တမန်တော်မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ် ခတ်ကြ ၏ ။ ငါ့ကိုစစ်ဆေးမေးမြန်းသော သူတို့အား ငါ အပြစ်ဖြေရာစကားဟူမူကား ၊ ငါတို့သည် စားသောက်ခြင်း အခွင့်မရှိသလော ။ ကေဖနှင့်သခင်ဘုရား ၏ ညီများမှစ ၍ ကြွင်းသော တမန်တော်များကဲ့သို့ ၊ ငါတို့သည်ဒေသစာရီ လှည့် လည်သည်တွင် နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့် မရှိသလော ။ ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲနေရသော အခွင့်မရှိဟု ဆိုရသလော ။ အဘယ်သူသည် ကိုယ်စရိတ်ကို သုံး ၍ စစ်မှုကို ထမ်းရသနည်း ။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး ၍ အသီးကိုမစားဘဲနေရသနည်း ။ အဘယ်သူသည် သိုးထိန်း လုပ် ၍ သိုးနို့ကိုမသုံးဘဲနေရသနည်း ။ လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆို သလော ။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော ။ မောရှေ ၏ ပညတ္တိကျမ်းစာ ၌ လာသည်ကား ၊ စပါးနင်းနယ်သော နွား ၏ နှုတ်ကိုမချုပ်တည်းရဟု လာ ၏ ။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူ သလော ။ သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူ သလော ။ လယ်ထွန်သောသူသည် မြော်လင့်လျက် လယ်ထွန်စေခြင်းငှါ ၎ င်း ၊ မြော်လင့်လျက် စပါးနင်းနယ် သောသူသည် မြော်လင့်သည်အတိုင်း ရစေခြင်းငှါ ၎ င်း ၊ ငါတို့ကြောင့်သာဤသို့ ကျမ်းစာလာ ၏ ။ ငါတို့သည် သင်တို့ ၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့ ၏ လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီး မည်လော ။ အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ ၍ ရထိုက်သည်မဟုတ်လော ။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ ၌ သည်းခံကြ ၏ ။ ဓမ္မကိစ္စအမှုကို ဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု ၍ စားရသည်ကို ၎ င်း ၊ ယဇ်ပူဇော် ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ ၍ စားရသည်ကို ၎ င်း ၊ သင်တို့ မသိကြသလော ။ ထိုနည်းတူ ၊ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိတရားကို အမှီပြု ၍ အသက်မွေးရမည် အကြောင်း ၊ သခင်ဘုရား ၏ ပညတ်တော်မူချက်ရှိ ၏ ။ သို့သော်လည်းထိုအခွင့်ကို ငါသည် အလျှင်းမသုံး ။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှါ ဤစကား ကို ငါရေးသည်မဟုတ် ။ အကြောင်းမူကား ၊ ငါဝါကြွားခြင်းအခွင့်ကိုသူတပါးဖျက်ဆီးသည်ထက် ငါသေသော် သာ ၍ ကောင်း ၏ ။ ငါသည်ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး ။ အဘယ်ကြောင့် နည်းဟူမူကား ၊ မဟောဘဲမနေနိုင် ။ မဟောဘဲနေလျှင် အမင်္ဂလာရှိ ၏ ။ သို့ဖြစ် ၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ ၏ ။ ကိုယ်အလိုကိုငြင်းဆန် ၍ ဆောင်ရွက်လျှင် အရာတော် ၌ ခန့်ထားသောသူဖြစ် ၏ ။ သို့ဖြစ် ၍ ငါ ၏ အကျိုးအဘယ်သို့နည်းဟူမူကား ၊ ဧဝံဂေလိတရားကို ဟောသောအခါ ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက် ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ ၌ အကျိုးရှိ ၏ ။ ငါသည် အဘယ်သူ ၏ ကျွန် မဖြစ်သော်လည်း သာ ၍ များသော သူတို့ကိုရခြင်းအလိုငှါ လူတကာတို့ ၏ ကျွန်ခံရ ၏ ။ ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့ ၌ ယုဒလူကဲ့သို့ဖြစ် ၏ ။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ ၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ် ၏ ။ ဘုရားသခင်ရှေ့တော် ၌ တရားမဲ့မနေ ၊ ခရစ်တော် ၏ တရားကို ကျင့်သောသူဖြစ်သော်လည်း ၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့ ၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ် ၏ ။ အားနည်းသော သူတို့ ၌ အားနည်းသော သူကဲ့သို့ဖြစ် ၏ ။ အချို့သော သူတို့ကို တစုံတခုသော အမှု အရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ ၊ ခပ်သိမ်းသော သူတို့ ၌ ခပ်သိမ်းသောအရာဖြစ် ၏ ။ သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ ၏ ။ မြေတလင်း ၌ ပြိုင် ၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင် ၍ ပြေးကြသော်လည်း ၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော ။ ဆုကို ရမည်အကြောင်း ပြေးကြလော့ ။ ပွဲ ၌ ပြိုင် ၍ အချင်းချင်းတိုက်သော သူမည်သည်ကား ၊ အရာရာ ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ် ၏ ။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ ၏ ။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ ၏ ။ ထိုကြောင့် ငါပြေးသောအခါ ၊ အမှတ်တမဲ့ပြေးသည်မဟုတ် ၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး ၍ သတ်သည်မဟုတ် ။ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း ၊ ကိုယ်ကိုထိုး ၍ နှိပ်စက်လေ့ရှိ ၏ ။ ညီအစ်ကိုတို့ ၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ ၍ ၊ ပင်လယ်အလယ် ၌ ရှောက်သွား ကြသည်ဟူ ၍ ၎ င်း ၊ မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ ၌ ဗတ္တိဇံကို ခံကြသည် ဟူ ၍ ၎ င်း ၊ ဓမ္မအစာကိုအတူစားကြသည်ဟူ ၍ ၎ င်း ၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ ၍ ၎ င်း ၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှါ ငါအလိုမရှိ ၊ ထိုသူတို့နောက် ၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ ၏ ။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း ။ သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ ။ သူတို့သည် တော ၌ သေကြေပျက်စီးခြင်းသို့ ရောက်ကြ ၏ ။ ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေ ဖြစ်ကြ ၏ ။ လူတို့သည် စားသောက်လျက် ထိုင်နေကြ ၏ ။ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ ၏ ဟု ကျမ်းစာ လာသည်အတိုင်း ၊ ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့် ။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု ၍ တနေ့ခြင်းတွင် လူနှစ်သောင်း သုံးထောင်လဲ ၍ သေသကဲ့သို့ မပြုဘဲ ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့ ။ ထိုသူအချို့တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကို ပြု ၍ ၊ မြွေဖြင့် ပျက်စိးသကဲ့သို့ ငါတို့သည်မပြု ၊ ခရစ်တော် ကို မစုံစမ်းမနှောင့်ရှက်ဘဲနေကြကုန်အံ့ ။ ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု ၍ ၊ ဖျက်ဆီးသောသူ ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ် ၊ မြည်တမ်းခြင်းကိုမပြုကြနှင့် ။ ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့ ၌ ရောက်ကြ ၏ ။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ ၌ ရေးထားလျက်ရှိသတည်း ။ ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ် ၏ ။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ ။ လူ ၌ ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ ၏ ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့ ၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည် ။ ထိုကြောင့် ငါ့ချစ်သူတို့ ၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့ ။ သင်တို့ကို ပညာရှိသကဲ့သို့မှတ် ၍ ပြောမည် ။ ငါ့စကားကို ဆင်ခြင်ကြလော့ ။ ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား ၊ ခရစ်တော် ၏ အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော ။ ငါတို့ဖဲ့သောမုန့်မူကား ၊ ခရစ်တော် ၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော ။ မုန့်တလုံးတည်းရှိသည်ဖြစ် ၍ ၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့် ၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ ၏ ။ ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့ ။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော ။ ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း ။ ရုပ်တုကား မှတ်စရာရှိသည် ၊ ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော ။ ထိုသို့မဆိုလို ။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ် ။ နတ်ဆိုးတို့အား ပူဇော်ကြ ၏ ။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ ။ သခင်ဘုရား ၏ ခွက်ဖလား ၊ နတ်ဆိုးတို့ ၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ ။ သခင်ဘုရား ၏ စားပွဲ ၊ နတ်ဆိုးတို့ ၏ စားပွဲနှစ်ပါးကို သင်တို့ဝင် ၍ မစားနိုင်ကြ ။ သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော ။ ငါတို့သည် သခင်ဘုရားထက်သာ ၍ တန်ခိုးကြီးကြသလော ။ ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့ ။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ် ။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့ ။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ် ။ ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့် ။ သူ့အကျိုးကို လူတိုင်းရှာစေ ။ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့် ၊ ဈေး ၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မြေကြီး နှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ ၏ ။ မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဘိတ် ၍ သင်တို့သည် သွားလိုလျှင် ၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့် ၊ သင်တို့ရှေ့ ၌ ထည့်သမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့ ။ သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ဖြစ် ၏ ဟု တစုံတယောက် သောသူဆိုလျှင် ၊ ထိုသို့ဆိုသော သူ ၏ မျက်နှာကို ၎ င်း ၊ ဩတ္တပ္ပစိတ်ကို ၎ င်း ၊ ထောက် ၍ မစားကြနှင့် ။ ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို ၊ သူ့စိတ်ကို ဆိုလို ၏ ။ အခြားသောသူ ၏ စိတ်သည် ငါ ၏ အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း ။ ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင် ၊ ကျေးဇူးတော်ကို ချီးမွမ်း ၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား ၊ သင်တို့သည်စားသော် ၎ င်း ၊ သောက်သော် ၎ င်း ၊ မည်သည့်အမှုကို ပြုသော် ၎ င်း ၊ ဘုရားသခင် ၏ ဘုန်းတော်ကို ထောက် ၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့ ။ လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ ၍ ၊ ခပ်သိမ်းသောလူတို့ ၏ အလိုသို့အရာရာ ၌ လိုက်သည်နည်းတူ ၊ သင်တို့သည်လည်း ယုဒလူ ၊ ဟေလသ လူ ၊ ဘုရားသခင် ၏ အသင်းတော်ဝင်သူတို့ ၌ ထိမိ ၍ လဲစရာ အကြောင်းကို မပြုဘဲ ၊ ငါသည်ခရစ်တော် ၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့ ။ ညီအစ်ကိုတို့ ၊ သင်တို့သည် အရာရာ ၌ ငါ့ကို အောက်မေ့ ၍ ၊ ငါအပ်ပေးသောနည်းဥပဒေတို့ကို စွဲလမ်း ကြသည်ဖြစ် ၍ သင်တို့ကို ငါချီးမွမ်း ၏ ။ ယောက်ျား ၏ ခေါင်းကား ခရစ်တော်ဖြစ်သည် ကို ၎ င်း ၊ မိန်းမ ၏ ခေါင်းကား ယောက်ျားဖြစ်သည်ကို ၎ င်း ၊ ခရစ်တော် ၏ ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို ၎ င်း ၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ ၏ ။ ယောက်ျားမည်သည်ကား ၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော် ၎ င်း ၊ ပရောဖက်ပြုသော် ၎ င်း ၊ မိမိခေါင်း အသရေကို ရှုတ်ချ ၏ ။ မိန်းမမည်သည်ကား ၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော် ၎ င်း ၊ ပရောဖက်ပြုသော် ၎ င်း ၊ မိမိခေါင်း အသရေကိုရှုတ်ချ ၏ ။ ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ ၏ ။ မိန်းမသည် မိမိခေါင်းကို မဖုံးလျှင် ဆံပင်ကိုဖြတ်စေ ။ ဆံပင် ဖြတ်ခြင်း ၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ ။ ယောက်ျားသည် ဘုရားသခင် ၏ ပုံသဏ္ဌာန် ၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ ။ မိန်းမမူကား ယောက်ျား ၏ ဘုန်းအသရေဖြစ် ၏ ။ ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ် ။ မိန်းမသည် ယောက်ျားကြောင့်ဖြစ် ၏ ။ ယောက်ျားကို မိန်းမတို့ဖန်ဆင်းသည်မဟုတ် ။ မိန်းမကို ယောက်ျားဘို့ ဖန်ဆင်း ၏ ။ ထိုကြောင့် ၊ ကောင်းကင်တမန်များကို ထောက် ၍ ၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည် ။ သို့သော်လည်း သခင်ဘုရား ၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ် ။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ် ။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ် ၏ ။ အလုံးစုံ တို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ ၏ ။ မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင် ၊ လျောက်ပတ်သည် မလျောက်ပတ် သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့ ။ ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင် ၊ ရှက်ဘွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော ။ မိန်းမမူကား ၊ ရှည်သောဆံပင်ရှိလျှင် ၊ သူ ၏ ဘုန်းအသရေ ဖြစ် ၏ ။ အကြောင်းမူကား ၊ မိန်းမဆံပင် သည် မိမိခြုံစရာတို့ ဖြစ် ၏ ။ သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင် ၊ ငါတို့ ၌ ၎ င်း ၊ ဘုရားသခင် ၏ အသင်းတော် ၌ ၎ င်း ၊ ထိုသို့သော ထုံးစံမရှိ ၏ ။ တဖန်တုံ ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ် ။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ် ၍ ၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ ။ ပဌမ အကြောင်းဟူမူကား ၊ သင်တို့သည် အသင်းတော် ၌ စည်းဝေးကြသောအခါ ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ ၏ ။ ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်းရှိရမည် ။ သင်တို့သည် အတူစည်းဝေးကြသောအခါ ၊ သခင်ဘုရား ၏ ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြ သည်မဟုတ် ။ အကြောင်းမူကား ၊ သင်တို့သည် စားကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိအစာကို အရင်ယူ ၍ ၊ တချို့ကား ဆာမွတ်လျက် ၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ ၏ ။ သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိ သလော ။ သို့မဟုတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော် ကို မထီမဲ့မြင်ပြု ၍ ၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော ။ အဘယ်သို့ ငါဆိုရမည်နည်း ။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော ။ မချီးမွမ်းရ ။ အကြောင်းမူကား ၊ သင်တို့ ၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ ၌ ငါခံရပြီ ။ ခံရသောအရာဟူ မူကား ၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကို ခံသော နေ့ညမှာ မုန့်ကို ယူ ၍ ၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့်ကား ၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သော ငါ ၏ ကိုယ်ဖြစ် ၏ ။ ယူ ၍ စားကြလော့ ။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ ပြုကြ လော့ဟု မိန့်တော်မူ ၏ ။ ထိုနည်းတူ ၊ ညစာစာပြီးမှ ခွက်ကိုလည်း ယူ ၍ ၊ ဤခွက်ကား ငါ ၏ အသွေး ၌ တည်သောပဋိညာဉ်တရား သစ်ဖြစ် ၏ ။ ဤခွက်ကို သောက်သောအခါခါ ၊ ငါ့ကို အောက်မေ့ဘို့ရာ သောက်ကြလော့ဟု မိန့်တော်မူ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ထိုမုန့်ကိုစား ၍ ထိုခွက်ကို သောက်သောအခါခါ ၊ သခင်ဘုရားအသေခံ တော်မူခြင်းကို ကြွလာတော် မမူမှီတိုင်အောင် ပြကြ ၏ ။ ထိုကြောင့် သခင်ဘုရား ၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား ၊ သခင်ဘုရား ၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက် ၏ ။ သို့ဖြစ် ၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ ။ အကြောင်းမူကား ၊ မထိုက်မတန်ဘဲ စားသောက် သောသူသည် သခင်ဘုရား ၏ ကိုယ်တော်ကို ပိုင်းခြား ၍ မသိသောကြောင့် ၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ် ၏ ။ ထိုအကြောင်းကြောင့် ၊ သင်တို့တွင် အားနည်းသောသူ ၊ မကျန်းမမာသော သူအများရှိကြ ၏ ။ သေသော သူအများလည်း ရှိကြ ၏ ။ ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင် ၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည် ။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ ၏ ။ ထိုကြောင့် ငါ့ညီအစ်ကိုတို့ ၊ သင်တို့သည် စားအံ့သောငှါ စည်းဝေးသောအခါ ၊ အချင်းချင်း တယောက်ကို တယောက်ငံ့လင့်ကြလော့ ။ တစုံတယောက်သောသူသည် ဆာမွတ်လျှင် ၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှါ ထိုသူ သည် မိမိအိမ် ၌ စားစေ ။ ကြွင်းသော အမှုများကို ငါလာသောအခါ စီရင်မည် ။ ညီအစ်ကိုတို့ ၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်း များကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ ။ သင်တို့သည် အထက်ကသာသနာပလူဖြစ် ၍ ၊ သူတပါး သွေးဆောင်သဖြင့် ၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိကြ ၏ ။ ထိုကြောင့် ဘုရားသခင် ၏ ဝိညာဉ်တော်အားဖြင့် ဟောပြော ၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို ၎ င်း ၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ ၏ ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင် ၊ အဘယ်သူမျှ မပြောနိုင်သည်ကို ၎ င်း ၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး ၏ ။ ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်း ရှိ ၏ ။ ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ ၏ ။ ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း ၊ ခပ်သိမ်းသော သူတို့ ၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင်တပါးတည်းရှိ ၏ ။ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ ၏ ။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ ၏ ။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ယုံကြည်ခြင်းကို ပေးတော်မူ ၏ ။ ထိုဝိညာဉ်တော် အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ ၏ ။ တယောက်သောသူအား ၊ တန်ခိုးကိုပြနိုင်သော အခွင့်ကို ၎ င်း ၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို ၎ င်း ၊ တယောက်သောသူအား စိတ်ဝိညာဉ် တို့ကို ပိုင်းခြား ၍ သိနိုင်သော အခွင့်ကို ၎ င်း ၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို ၎ င်း တယောက်သောသူအား ထိုဘာသာ စကား ၏ အနက်ကို ဖော်ပြနိုင်သော အခွင့်ကို ၎ င်း ပေးတော်မူ ၏ ။ ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင် ၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ ၍ ပေးတော်မူ ၏ ။ ဥပမာကား ၊ ကိုယ်တခုတည်း ၌ အင်္ဂါအများရှိသည်ဖြစ် ၍ ထိုတခုတည်းသောကိုယ်အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော်ဖြစ် ၏ ။ အကြောင်းမူကား ၊ ယုဒလူဖြစ်စေ ၊ ဟေလသလူဖြစ်စေ ၊ ကျွန်ဖြစ်စေ ၊ လူလွတ်ဖြစ်စေ ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ ၏ ။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ ၏ ။ ကိုယ်သည် အင်္ဂါတခုတည်းရှိသည်မဟုတ် ၊ အများရှိသည်ဖြစ် ၍ ၊ ခြေက ၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟုဆိုလျှင် ၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော ။ နားကလည်း ၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့် မစပ်ဆိုင်ဟုဆိုလျှင် ၊ ထိုသို့ ဆိုသော ကြောင့် မစပ်ဆိုင်သည် မှန်သလော ။ တကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း ။ တကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း ။ ယခုမူကား ၊ ဘုရားသခင်သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါများအသီးသီးတို့ကို ကိုယ် ၌ စီရင် ခန့်ထားတော်မူ ၏ ။ ထိုမှတပါး ၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း ။ ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တခုတည်း ရှိ ၏ ။ မျက်စီက ၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ ။ ထိုနည်းတူ ၊ ဦးခေါင်းက ၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ ၍ အသုံးဝင်ကြ ၏ ။ အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း ၊ သာ ၍ ကြီးသော အသရေကို ပေးတတ် ၏ ။ တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ ၍ ကြီးသော တင့်တယ်ခြင်းကို ခံရကြ ၏ ။ တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ ။ ကိုယ်ခန္ဓာ ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ ၍ ၊ ယုတ်သောအင်္ဂါအား သာ ၍ များသော အသရေကို ပေးတော်မူ ၏ ။ သို့ဖြစ် ၍ ၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကို ခံရလျှင် ၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ ၏ ။ အင်္ဂါ တခုသည် ချီးမြှောက်ခြင်းကို ခံရလျှင် ၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ ၏ ။ သင်တို့သည် ခရစ်တော် ၏ ကိုယ်ဖြစ်ကြ ၏ ။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ ၏ ။ ဘုရားသခင်သည်ပဌမအရာ ၌ တမန်တော်တို့ကို ၎ င်း ၊ ဒုတိယအရာ ၌ ပရောဖက်တို့ကို ၎ င်း ၊ တတိယ အရာ ၌ ဆရာတို့ကို ၎ င်း ၊ ထိုနောက် တန်ခိုးပြသော သူတို့ကို ၎ င်း ၊ ထိုနောက်အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို ၎ င်း ၊ သင်းထောက်တို့ကို ၎ င်း ၊ စီရင် အုပ်စိုးသော သူတို့ကို ၎ င်း ၊ အမျိုးမျိုးသော ဘာသာစကား ကိုပြောနိုင်သော သူတို့ကို ၎ င်း ၊ အသင်းတော် ၌ ခန့်ထားတော်မူ ၏ ။ သင်းဝင်သူ ရှိသမျှတို့သည် တမန်တော်ဖြစ်ကြ သလော ။ ရှိသမျှတို့သည် ပရောဖက်ဖြစ်ကြသလော ။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော ။ ရှိသမျှတို့သည် ဘုန်းတန်ခိုးကို ပြနိုင်ကြသလော ။ ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော ။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော ။ ရှိသမျှတို့သည် ထိုဘာသာစကား ၏ အနက်ကို ဘော်ပြနိုင်ကြသလော ။ သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင် ၊ သာ ၍ မြတ်သော လမ်းကိုငါပြဦးမည် ။ ငါသည် လူဘာသာစကားကို ၎ င်း ၊ ကောင်းကင်တမန်ဘာသာစကားကို ၎ င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့ ၎ င်း ၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့ ၎ င်း ဖြစ် ၏ ။ ပရောဖက်ဥာဏ်ကို ငါရ ၍ ၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော် ၎ င်း ၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော် ၎ င်း ၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ် ၏ ။ သူတပါးကို ငါကျွေးမွေး ၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက ၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း ၊ မေတ္တာမရှိလျှင် ၊ ငါ ၌ အကျိုးမရှိ ။ မေတ္တာသည် စိတ်ရှည်တတ် ၏ ။ ကျေးဇူးပြုတတ် ၏ ။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ ၊ ဝါကြွားခြင်းမရှိ ၊ မာန်မာနမရှိ ။ မလျောက်ပတ်စွာမကျင့်တတ် ၊ ကိုယ်အကျိုးကို မရှာတတ် ၊ ဒေါသအမျက်မထွက်တတ် ၊ အပြစ်ရှိသည်ဟု မထင်တတ် ၊ မတရားသော အမှု ၌ ဝမ်းမြောက်ခြင်းမရှိတတ် ၊ သမ္မာတရား ၌ ဝမ်းမြောက်တတ် ၏ ။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ် ၏ ။ ခပ်သိမ်းသောအရာကို ယုံတတ် ၏ ။ ခပ်သိမ်းသောအရာကို မြော်လင့်တတ် ၏ ။ ခပ်သိမ်းသောအရာကို သည်းခံတတ် ၏ ။ မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ် ၏ ။ ပရောဖက်ဥာဏ်သော် ၎ င်း ၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော် ၎ င်း ၊ သိပ္ပံအတတ်သော် ၎ င်း ၊ ကွယ်ပျောက်လိမ့်မည် ။ ယခုမူကား ၊ ငါတို့သည် မစုံမလင် သိတတ်ကြ ၏ ။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟောတတ်ကြ ၏ ။ စုံလင်ခြင်းသို့ ရောက်သောအခါမူကား ၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည် ။ ငါသည် သူငယ်ဖြစ်စဉ်အခါ ၊ သူငယ်လိုစကားပြော ၏ ။ သူငယ်လိုစိတ်ထင် ၏ ။ သူငယ်လိုကြံစည် ၏ ။ အသက်ကြီးသောအခါမူကား ၊ သူငယ် ၏ အရာများကို ငါပယ်ရှား ၏ ။ ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ ၏ ။ ထိုအခါမူကား ၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည် ။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ် ၏ ။ ထိုအခါမူကား ၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည် ။ ယခုတွင်ယုံကြည်ခြင်း ၊ မြော်လင့်ခြင်း ၊ ချစ်ခြင်း ၊ ဤသုံးပါးတည်လျက် ရှိ ၏ ။ ဤသုံးပါးတို့တွင် ချစ်ခြင်း ၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း ။ ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ကြလော့ ။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင် ၊ ပရော ဖက်ပြုရသော အခွင့်ကိုသာ ၍ လိုချင်သောစိတ်ရှိ ကြလော့ ။ အကြောင်းမူကား ၊ အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော ၊ ဘုရား သခင်အားပြော ၏ ။ သူ ၏ စကားကို အဘယ်သူမျှ နားမလည် ။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော ၏ ။ ပရောဖက်ပြုသောသူမူကား ၊ တည်ဆောက်ခြင်း ၊ တိုက်တွန်းသွေးဆောင်ခြင်း ၊ သက်သာခြင်းအလိုငှါ လူတို့အားဟောပြော ၏ ။ အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက် ၏ ။ ပရောဖက် ပြုသောသူမူကား ၊ အသင်းတော်ကို တည်ဆောက် ၏ ။ သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှါ ငါအလိုရှိ ၏ ။ ပရောဖက်ပြုစေခြင်းငှါ သာ ၍ အလိုရှိ ၏ ။ အကြောင်းမူကား ၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည် ၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကို မဘော်မပြလျှင် ၊ သူ့ထက်ပရောဖက် ပြုသောသူသည်သာ ၍ မြတ်သတည်း ။ ညီအစ်ကိုတို့ ၊ ငါသည် သင်တို့ရှိရာသို့လာ ၍ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း ၊ ဗျာဒိတ်တော်ကိုပြန်ခြင်း ၊ ပညာအတတ်ကိုသင်ခြင်း ၊ ပရောဖက်ပြုခြင်း ၊ ဆုံးမဩဝါဒပေးခြင်းတခုခုကို မပြုဘဲ လျက် ၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း ။ ထိုနည်းတူ ၊ အသံမြည်တတ်သော အဝိညာဏကစောင်း ၊ ပုလွေတို့သည် သေချာသောအသံနှင့် မမြည် လျှင် ၊ စောင်းသံ ၊ ပုလွေသံတို့ကို အဘယ်သို့သိနိုင်မည်နည်း ။ တံပိုးခရာသည်လည်း ၊ မမှန်သောအသံနှင့် မြည်လျှင် ၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း ။ ထိုနည်းတူ ၊ သင်တို့သည် နားလည်လွယ်သော စကားကို နှုတ်ဖြင့် မမြွက်လျှင် ၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း ။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည် ။ လူပြည် ၌ ဘာသာစကားမျိုးတို့သည် ဤမျှ လောက်များ ၍ ၊ ရှိသမျှတို့သည် အနက်နှင့်ပြည့်စုံသည် မှန်စေတော့ ။ ဘာသာစကား ၏ အနက်ကို ငါနားမလည်လျှင် ၊ ပြောသော သူအားငါသည် လူရိုင်းဖြစ်လိမ့်မည် ။ ပြော သောသူသည်လည်း ၊ ငါ့အား လူရိုင်းဖြစ်လိမ့်မည် ။ သို့ဖြစ် ၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင် ၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့ ။ ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသော သူသည် ၊ အနက်ကိုလည်း ဘော်ပြနိုင်မည် အကြောင်း ဆုတောင်းစေ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင် ၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း ၊ ငါ့ဥာဏ်သည် အကျိုးကိုမပေး ။ သို့ဖြစ်လျှင် ၊ အဘယ်သို့ပြုရမည်နည်း ။ စိတ်နှလုံးနှင့် ၎ င်း ၊ ဥာဏ်နှင့် ၎ င်း ၊ ဆုတောင်းရမည် ။ စိတ်နှလုံး နှင့် ၎ င်း ၊ ဥာဏ်နှင့် ၎ င်း သီချင်းဆိုရမည် ။ သို့မဟုတ် သင်သည် စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခါ ၊ မတတ်သော လူစုအဝင်ဖြစ်သော သူသည် သင် ၏ စကားကို နားမလည်သောကြောင့် ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက် ၍ ၊ အာမင်ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း ။ သင်သည် ကျေးဇူးတော်ကို ကောင်းမွန်စွာ ချီးမွမ်းသည် မှန်စေတော့ ။ အခြားသောသူမူကား ၊ တည် ဆောက်ခြင်းအကျိုးမရှိ ။ ငါသည် သင်တို့ရှိသမျှထက် ၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက် ၍ ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်း ၏ ။ သို့သော်လည်း ၊ အသင်းတော် ၌ အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည် ထက် ၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဥာဏ်နှင့်တကွ ပြောနိုင်သော အခွင့်ကို သာ ၍ အလိုရှိ ၏ ။ ညီအစ်ကိုတို့ ၊ သင်တို့သည် ဥာဏ်အရာ ၌ သူငယ်မဖြစ်ကြနှင့် ။ မတရားသောအမှုအရာ ၌ နို့စို့ သူငယ်ဖြစ်ကြလော့ ။ ပညတ္တိကျမ်းစာ ၌ လာသည်ကား ၊ အခြားတပါးသောလျှာ ၊ အခြားတပါးသောနှုတ်နှင့် ဤလူမျိုးကို ငါပြောမည် ။ သို့သော်လည်း သူတို့သည် နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ဖြစ် ၍ အခြားသော ဘာသာစကားတို့သည် ယုံကြည်သော သူတို့အား နိမိတ်လက္ခဏာဖြစ်သည် မဟုတ် ။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း ။ ပရောဖက်ပြုခြင်းအမှုမူကား ၊ မယုံကြည် သော သူတို့အဘို့မဟုတ် ၊ ယုံကြည်သော သူတို့အဘို့ ဖြစ်သတည်း ။ ထိုကြောင့် သင်းဝင်သူအပေါင်းတို့သည် စည်းဝေး ၍ အခြားသော ဘာသာဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ ၊ မတတ်သောသူသည် ဝင်လာလျှင် ၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည် မဟုတ်လော ။ သို့မဟုတ် သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု ၍ နေကြစဉ်တွင် ၊ မယုံကြည်သောသူ ၊ မတတ်သောသူသည် ဝင်လာလျှင် ၊ သင်းဝင်သူအပေါင်းတို့သည် သူ ၏ အပြစ်ကို ဘော်ပြ ၍ သူ့ကို စစ်ကြောစီရင် ကြ ၏ ။ ထိုသို့သူ ၏ စိတ်နှလုံး ၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန် ၍ သူသည် ပြပ်ဝပ်လျက် ၊ ဘုရား သခင်ကို ကိုးကွယ်လိမ့်မည် ။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်ဟု သက်သေခံလိမ့်မည် ။ ညီအစ်ကိုတို့ ၊ အဘယ်သို့နည်း ။ သင်တို့စည်းဝေးကြသောအခါ ၊ ဆာလံသီချင်းကို ရသောသူ ၊ ဆုံးမဩဝါဒ စကားကို ရသောသူ ၊ အခြားသောဘာသာစကားကို ရသောသူ ၊ ဗျာဒိတ်တော်ကိုရသောသူ ၊ အနက်ဘော်ပြရာ ကိုရသောသူ ၊ အသီးအသီးရှိကြသည်ဖြစ် ၍ ၊ ခပ်သိမ်း သောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြ လော့ ။ အခြားသော ဘာသာစကားဖြင့် ဟောပြော သော သူရှိလျှင် ၊ နှစ်ယောက်ဖြစ်စေ ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ ၊ တယောက်နောက်တယောက် ပြော ၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ ။ စကားပြန်မရှိလျှင် ၊ ဟောပြောသောသူသည် အသင်းတော် ၌ တိတ်ဆိတ်စွာနေ ၍ မိမိအား ၎ င်း ၊ ဘုရား သခင်အား ၎ င်း ပြောစေ ။ ပရောဖက်နှစ်ယောက်ဖြစ်စေ ၊ သုံးယောက် ဖြစ်စေ ၊ ဟောပြော ၍ အခြားသော သူတို့သည် စစ်ကြော ဆင်ခြင်ကြစေ ။ ထိုင်လျက်နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင် ၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ် စွာနေစေ ။ အကြောင်းမူကား ၊ ရှိသမျှတို့သည် သင်ခြင်းငှါ ၎ င်း ၊ ရှိသမျှတို့သည် သက်သာခြင်းငှါ ၎ င်း ၊ သင်တို့ အသီးအသီး တယောက်နောက် တယောက်ပရောဖက် ပြုရသော အခွင့်ရှိကြ ၏ ။ ပရောဖက်တို့သည်လည်း ၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ ၏ ။ ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ ။ သန့်ရှင်းသူတို့ ၏ အသင်းတော်အပေါင်း တို့ ၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ ၏ ။ သင်တို့ ၏ မိန်းမတို့သည် အသင်းတော် ၌ တိတ်ဆိတ်စွာ နေကြစေ ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့ သည် ယောက်ျား ၏ အုပ်စိုးခြင်းကို ဝန်ခံရကြမည် ။ မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင် ၊ အိမ် ၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ ။ မိန်းမသည် အသင်း တော် ၌ ဟောပြောလျှင် ရှက်ဘွယ်သော အကြောင်း ဖြစ် ၏ ။ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်သည် သင်တို့မှ ထွက်သလော ။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော ။ ငါသည်သင်တို့အား ရေး ၍ ပေးလိုက်သော စကားတို့သည် သခင်ဘုရား ၏ ပညတ်တော်ဖြစ်ကြောင်း ကို ၊ ပရောဖက်ဖြစ်သောသူ ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ ။ တစုံတယောက် သော သူသည် မသိလျှင် မသိဘဲနေစေ ။ အချုပ်အခြာဟူမူကား ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် ပရောဖက် ပြုခြင်းငှါ အလွန်အလိုရှိကြလော့ ။ အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်း အမှုတို့ကိုလည်း မမြစ်တားကြနှင့် ။ ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့ ။ ညီအစ်ကိုတို့ ၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ ၊ သင်တို့သည် ခံယူ ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက် ၏ ။ အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင် ၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ ၏ ။ ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း ၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား ၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ ၏ ။ သင်္ဂြိုဟ်ပြီးမှ ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့ ၌ ထမြောက်တော်မူ ၏ ။ ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ ၏ ။ ထိုနောက် ညီအစ်ကိုငါးရာမက ၊ တပြိုင်နက် မြင်ရကြ ၏ ။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး ၏ ။ အချို့တို့သည် အိပ်ပျော်ကြပြီ ။ ထိုနောက် ယာကုပ်မြင်ရ ၏ ။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ ၏ ။ နောက်ဆုံး ၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ ၏ ။ ငါသည် အထက်ကဘုရားသခင် ၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့် ၊ အညံ့ဆုံးသော တမန် တော်ဖြစ် ၏ ။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက် ။ သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ် ၏ ။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ် ။ အခြား သော တမန်တော်အပေါင်းတို့ထက် ၊ ငါသည် သာ ၍ ကြိုးစားခြင်းကိုပြု ၏ ။ ထိုသို့ဆိုသော်လည်း ၊ ငါကြိုးစားသည်မဟုတ် ။ ငါနှင့်အတူရှိသော ဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ ၏ ။ ထိုကြောင့် ၊ ငါဖြစ်စေ ၊ သူတို့ဖြစ်စေ ၊ ဤသို့ ငါတို့သည် ဟောပြောကြ ၏ ။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ ၏ ။ ယခုမှာ ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ် ၍ ၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း ။ သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ၊ ခရစ်တော်သည် ထမြောက်တော်မမူ ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင် ၊ ငါတို့ ဟောပြောခြင်း ၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း ၌ လည်း အကျိုးမရှိ ။ ထိုမျှမက ၊ ငါတို့သည် ဘုရားသခင် ၏ အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ ၊ ယခုမှာ ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင် ၏ အကြောင်းကို သက်သေခံကြ ၏ ။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင် ၊ ခရစ်တော်သည် ထမြောက်တော်မမူ ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင် ၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ ၊ ဒုစရိုက် အပြစ်အောက် ၌ ရှိကြသေး ၏ ။ ထိုမှတပါး ၊ ခရစ်တော်ကို ယုံကြည် ၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ ။ ငါတို့သည် ခရစ်တော်ကို အမှီပြု ၍ ယခုဘဝ ၌ သာ မြော်လင့်စရာရှိလျှင် ၊ အခြားသော သူအပေါင်းတို့ ထက်သာ ၍ ဆင်းရဲသောသူ ဖြစ်ကြ ၏ ။ ယခုမူကား ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ ၍ ၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ ။ သို့ဖြစ် ၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့ ၊ သေသောသူတို့ ၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ ၏ ။ လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့ ။ သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည် ။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ ၏ ၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည် ။ ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း ၍ ၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော် ၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့ ။ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက် ၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည် ။ နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့ ။ ခပ်သိမ်းသောအရာတို့ကို လူသား ၏ ခြေအောက် ၌ ချထားတော်မူသည်ဟု ကျမ်းစာလာ ၏ ။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော် ၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက် ၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း ။ ခပ်သိမ်းသော အရာတို့သည် လူသားအောက် ၌ ချထားလျက် ရှိသောအခါ ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက် ၌ ချထားတော်မူသော သူ ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည် ။ အကြောင်းမူကား ၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း ။ သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင် ၊ သေလွန်သော သူတို့ ၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း ။ သေလွန်သော သူတို့ ၏ ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း ။ ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း ။ ငါသည် နေ့တိုင်းအသေခံရ ၏ ဟု ငါတို့သခင် ယေရှုခရစ် ၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည် ၍ ငါဆိုဝံ့ ၏ ။ သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင် ၊ ဧဖက်မြို့ ၌ လောကီဝေါဟာရအားဖြင့် ၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း ၊ အဘယ် အကျိုးရှိသနည်း ။ စားကြကုန်အံ့ ၊ သောက်ကြကုန်အံ့ ၊ နက်ဖြန်သေရကြမည် ။ အလွဲမယူကြနှင့် ။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ် ၏ ။ တရားသဖြင့် နိုးကြလော့ ။ ဒုစရိုက်ကိုမပြုကြနှင့် ။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ ။ ထိုသို့ဆိုသော် ၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို ၏ ။ သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း ။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည် ။ အချင်းလူမိုက် ၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ် ။ ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက် ၊ ဂျုံစပါးဖြစ်စေ ၊ အခြား သောစပါးဖြစ်စေ ၊ အစေ့သက်သက်ကို စိုက်တတ် ၏ ။ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ ၏ ။ မျိုးစေ့အသီးအသီးတို့အား လည်း ၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ ၏ ။ အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ် ။ လူသားတမျိုး ၊ အမဲသားတမျိုး ၊ ငါးသားတမျိုး ၊ ငှက်သား တမျိုး ၊ အသီးအသီးရှိကြ ၏ ။ ကောင်းကင်အကောင်အထည်လည်းရှိ ၏ ။ မြေကြီးအကောင်အထည်လည်းရှိ ၏ ။ ကောင်းကင် အကောင်အထည် ၏ ဂုဏ်အသရေလည်းတမျိုး ၊ မြေကြီး အကောင်အထည် ၏ ဂုဏ်အသရေလည်းတမျိုးဖြစ် ၏ ။ နေ ၏ ဂုဏ်အသရေတမျိုး ၊ လ ၏ ဂုဏ်အသရေတမျိုး ၊ ကြယ်တို့ ၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ ၏ ။ ကြယ်တို့ ၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ ၏ ။ ထိုနည်းတူ ၊ သေသောသူတို့ ၏ ထမြောက်ခြင်း အကြောင်းအရာဖြစ် ၏ ။ ကိုယ်သည်စိုက်သောအခါ ၊ ပုပ်တတ်သောသဘေရှိ ၏ ။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ် ၌ တည် ၏ ။ စိုက်သောအခါဂုဏ်အသရေပျက် ၏ ။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ ၏ ။ စိုက်သောအခါ အစွမ်းမရှိ ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ ၏ ။ စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ် ၏ ။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ် ၏ ။ ဇာတိပကတိ ကိုယ်တမျိုး ၊ ဝိညာဏကိုယ်တမျိုးရှိ ၏ ။ ကျမ်းစာလာသည်ကား ၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ် ၏ ဟု လာသတည်း ။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား ၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ် ၏ ။ ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ် ၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ် ၏ ။ နောက်မှ ဝိညာဏကိုယ်ဖြစ် ၏ ။ ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ် ၏ ။ ဒုတိယလူမူကား ၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း ။ မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ ၏ ။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ငါတို့သည် မြေသား ၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့ ၊ ကောင်းကင်သား ၏ ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည် ။ ညီအစ်ကိုတို့ ၊ ငါဆိုသည်ကား ၊ လူအသွေးအသားသည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေမခံနိုင် ၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင် ။ နက်နဲသော အရာတခုကိုငါပြဦးမည် ။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ် ။ သို့သော်လည်း ၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ ၊ တခဏခြင်းတွင် မျက်စိတမှိတ် ၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် ။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ ၊ သေလွန်သောသူတို့သည် ၊ မပုပ်နိုင် သောအဖြစ် ၌ တည်လျက်ထမြောက် ၍ ၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် ။ ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည် ။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည် ။ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ၎ င်း ၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့ ၎ င်း ၊ ဝင်စားသောအခါ ၊ သေခြင်းသည် အောင်ခြင်း ၌ နစ်မြုပ်ပြီဟု ကျမ်းစာ ၌ လာချက်ပြည့် စုံလိမ့်မည် ။ အိုသေမင်း ၊ သင် ၏ လက်နက်သည် ၊ အဘယ်မှာ ရှိသနည်း ။ အိုမရဏနိုင်ငံ ၊ သင် ၏ အောင်ခြင်းသည် အဘယ်မှာရှိသနည်း ။ သေမင်း ၏ လက်နက်ကား ၊ ဒုစရိုက်အပြစ်ပေတည်း ။ ဒုစရိုက်အပြစ် ၏ တန်ခိုးကား ၊ ပညတ်တရား ပေတည်း ။ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်သည် ကြီးလှစွတကား ။ ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့ ၊ သင်တို့သည် သခင်ဘုရား ၏ အမှုတော်ကို ဆောင်ရွက် ၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ ၍ ၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက် ၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့ ။ သန့်ရှင်းသူတို့အဘို့ လှူဒါန်း ၍ စုထားခြင်းအမှုမှာ ဂလာတိပြည် ၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့ ။ ငါရောက်လာသောအခါ လှူဒါန်း ၍ စုထားစရာ မရှိစေခြင်းငှါ ၊ ခုနစ်ရက်တွင် ပဌမနေ့ရက် ၌ အသီးအသီး ကောင်းစားသည်အတိုင်း ၊ မိမိတို့ဥစ္စာတဘို့ကို ထုတ် ၍ စုထားကြလော့ ။ ငါရောက်လာသောအခါ ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး ၍ ၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည် ။ သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင် ၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည် ။ မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ် ၍ ၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည် ။ နောက်မှအခြားသို့ ငါသွားသောအခါ ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ ၊ သင်တို့ဆီမှာ ငါတည်းခို ၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည် ။ ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင် ၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ ၏ ။ ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့ ၌ ငါနေရမည် ။ အကြောင်းမူကား ၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့် ၍ ငါ့အားဖွင့်လျက်ရှိ ၏ ။ ဆီးတားသော သူအများလည်း ရှိကြ ၏ ။ တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင် ၊ သူသည်စိုးရိမ်ခြင်း အကြောင်းမရှိဘဲ ၊ သင်တို့နှင့်အတူ နေစေခြင်းငှါ သတိပြုကြလော့ ။ သူသည်ငါကဲ့သို့ပင် သခင်ဘုရား ၏ အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ် ၏ ။ ထိုကြောင့် အဘယ်သူမျှသူ့ကို မထီမဲ့မြင်မပြုစေနှင့် ။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည် အကြောင်းပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့ ။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့်လျက်နေ ၏ ။ ငါ့ညီအာပေါလု ၏ အကြောင်းမှာ ၊ ညီအစ်ကိုတို့ နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့ ၍ တောင်းပန်သော်လည်း ၊ သူသည် ယခုတွင်သွားခြင်းငှါ အလျှင်းအလိုမရှိ ၊ နောက်မှ အဆင်သင့်လျှင်သွားလိမ့်မည် ။ သင်တို့သည် သတိနှင့်စောင့်နေကြလော့ ။ ယုံကြည်ခြင်း ၌ တည်ကြလော့ ။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့ ။ သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့ ။ ညီအစ်ကိုတို့ ၊ သတေဖန် ၏ အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ် ၍ ၊ သန့်ရှင်းသူတို့ ၏ အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ ၊ ထိုသို့သော သူတို့ ၏ အုပ်စိုးခြင်းကို ၎ င်း ၊ ငါတို့နှင့် အတူလုပ်ကိုင် ၍ အမှုဆောင်သောသူရှိသမျှတို့ ၏ အုပ်စိုးခြင်းကို ၎ င်း ၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန် ၏ ။ သတေဖန် ၊ ဖော်တုနတ် ၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ပြုစု ၍ မပြည့်စုံသမျှကို သူတို့သည် ထပ် ၍ ပြည့်စုံသဖြင့် ၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ ။ ထိုသို့သော သူတို့ကို လက်ခံကြလော့ ။ အာရှိပြည် ၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ် ၌ ရှိသော အသင်းတော်နှင့်တကွ ၊ သခင်ဘုရားကို ထောက် ၍ သင်တို့ကို များစွာနှုတ်ဆက်ကြ ၏ ။ ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။ ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား ၏ ။ အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ် ၊ ထိုသူသည် အနသေမာဖြစ်စေသတည်း ။ သခင်ဘုရား သည် ကြွလာတော်မူ ၏ ။ ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့ ၌ ရှိစေသတည်း ။ ယေရှုခရစ် ၏ တပည့်တော်ဖြစ် သမျှသော သင်တို့ ၌ ငါ ၏ ချစ် ခြင်းမေတ္တာရှိ ၏ ။ အာမင် ။ </passage></reply></GetPassage>