<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:47</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:47</urn><passage>ဘုရားသခင် ၏ အလိုတော်အားဖြင့် ယေရှုခရစ် ၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည် ၊ ကောရိနသုမြို့ ၌ ရှိသော ဘုရားသခင် ၏ အသင်း တော်မှ စ ၍ ၊ အခါယပြည် အရပ်ရပ်တို့ ၌ ရှိသော သန့်ရှင်း သူအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ သနားခြင်းကရုဏာ ၏ အဘ ၊ သက်သာခြင်း အမျိုးမျိုးတို့ ၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ် ၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း ။ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့ ၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း ၊ ဆင်းရဲခြင်းအမျိုးမျိုးတို့ ၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ ၊ ခရစ်တော် ၏ ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား ၏ ။ သို့ဖြစ် ၍ ငါတို့သည် ဆင်းရဲခြင်းကိုခံရသော် ၎ င်း ၊ သက်သာခြင်း သို့ရောက်သော် ၎ င်း ၊ သင်တို့ ၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ် ၏ ။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့် ၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ် ၏ ။ သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ ၏ ။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့ ၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ ၏ ဟုငါတို့သည်သိကြ ၏ ။ ညီအစ်ကိုတို့ ၊ အာရှိပြည် ၌ ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ ၍ ၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ ။ ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ် ၏ ။ ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ ။ ယခု ၌ လည်း ကယ်လွှတ်တော်မူသေး ၏ ။ သင်တို့သည်ကူညီ ၍ ငါတို့အဘို့ဆုတောင်းလျှင် ၊ နောက် ၌ လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ ၏ ၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့ ၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက် ၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည် ။ ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား ၊ လောကီ ပညာကိုအမှီမပြု ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို အမှီပြု ၍ လျစ်လျူသောစိတ်နှင့် ၎ င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့် ၎ င်း ၊ ငါတို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း ။ သင်တို့သည်ဘတ် ၍ ဝန်ခံသောအရာမှတပါး ၊ အခြားသောအရာကို ငါတို့သည် ရေး ၍ ပေးလိုက်သည်မဟုတ် ။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့ ၌ ငါတို့ ၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့ ၊ ငါတို့သည်သင်တို့ ၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ ၏ ။ အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ ၍ ၊ သင်တို့သည်တဖန် ဆုကျေးဇူးတော်ကိုခံရစေခြင်းငှါ ငါ သည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ ၏ ။ သင်တို့အနားမှာရှောက် ၍ မာကေဒေါနိပြည် သို့သွားပြီးလျှင် ၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ ၍ ၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ ၏ ။ ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော ။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန် ၏ ၊ ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ မဟုတ်မမှန် ၊ မဟုတ်မမှန်ဟူ ၍ ၎ င်း ၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော ။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့ ၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ မဟုတ်မမှန် ဟူ ၍ ၎ င်း ၊ မဆိုလို ။ ငါမှစ ၍ သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင် ၏ သားတော် ယေရှုခရစ်သည် ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ မဟုတ်မမှန်ဟူ ၍ ၎ င်းမဆိုလိုဘဲ ၊ ကိုယ်တော်မှာ ဟုတ်မှန် ၏ ဟူ ၍ သာဆိုလိုသတည်း ။ ထိုသခင်မှာ ဘုရားသခင် ၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ ၊ ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ အာမင်ဟူ ၍ ၎ င်းဖြစ်သတည်း ။ သင်တို့နှင့်ငါတို့ကို ခရစ်တော် ၌ တည်စေ ၍ ဘိသိက်ပေးသော သူကား ၊ ဘုရားသခင်ဖြစ်သတည်း ။ ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ် ၍ ငါတို့စိတ်နှလုံးထဲ ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ ၏ ။ ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိနသုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက် ၌ ဘုရားသခင်ကို ငါတိုင်တည် ၏ ။ ထိုသို့ဆိုသော်လည်း ၊ ငါတို့သည်သင်တို့ ၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ် ။ သင်တို့ ၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ ၍ သာပြုကြ ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ ၏ ။ ထိုမှတပါး ၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ ။ အကြောင်းမှုကား ၊ ငါသည်သင်တို့ကို ဝမ်းနည်းစေလျှင် ၊ ထိုသို့ဝမ်းနည်းစေသောသူကိုမှတပါး အဘယ်သူ သည် ငါ့ကိုဝမ်းမြောက်စေမည်နည်း ။ ငါဝမ်းမြောက်ခြင်း ၏ အကြောင်းသည် သင်တို့ ရှိသမျှ ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ် ၍ ၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှါ ၊ အထက်စာကို ငါရေး ၍ ပေးလိုက် ၏ ။ အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည် အများကျလျက် ၊ သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။ သင်တို့ကိုစိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ် ။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှါ ငါရေး ၏ ။ တစုံတယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင် ၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ ၏ ။ သင်တို့ရှိသမျှကို ကျပ်တည်းစွာမစီရင်လို ။ အများသောသူတို့စီရင်သော ဒဏ်သည်ထိုသူ ၏ အပြစ်နှင့် တန်ပြီ ။ သို့ဖြစ် ၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက် ၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှါ ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ ၏ အပြစ်ကို လွှတ် ၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ပြုသင့် ၏ ။ ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန် ၏ ။ ထိုမှတပါး ၊ သင်သည်အရာရာ ၌ နားထောင်သည် ၊ နားမထောင်သည်ကို ငါသိလို ၍ ၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး ၏ ။ အကြင်သူ ၏ အပြစ်ကို သင်တို့သည် လွှတ် ၏ ၊ ထိုသူ ၏ အပြစ်ကို ငါသည်လည်းလွှတ် ၏ ၊ ၊ အကြောင်းမူ ကား ၊ ငါသည်တစုံတယောက်သောသူ ၏ အပြစ်ကို လွှတ်ဘူးလျှင် ၊ သင်တို့ကိုထောက် ၍ ခရစ်တော် ၏ အခွင့်နှင့် လွှတ်ဘူး ၏ ။ သို့မဟုတ်လျှင် ၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ ၏ ။ သူ ၏ အကြံအစည်များကို ငါတို့သိကြ ၏ ။ ထိုမှတပါး ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ ငါရောက် ၍ ၊ သခင်ဘုရား သည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ ၊ ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့် ၊ ထိုသူတို့ကိုအခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ ၏ ။ ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ ၎ င်း ၊ ထိုသခင်ကို သိခြင်း ၏ အမွှေး အကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့ ၌ နှံ့ပြားစေခြင်းငှါ ၎ င်း ၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း ။ အဘယ်သို့နည်းဟူမူကား ၊ ငါတို့သည် ကယ်တင်သောသူတို့ ၌ ၎ င်း ၊ ဆုံးရှုံးသောသူတို့ ၌ ၎ င်း ၊ ဘုရားသခင်အား ခရစ်တော် ၏ အမွှေးအကြိုင်ဖြစ်ကြ ၏ ။ ဆုံးရှုံးသောသူတို့ ၌ ကား ၊ သေခြင်းတိုင်အောင် သေခြင်း ၏ အမွှေးအကြိုင်ဖြစ်ကြ ၏ ။ ကယ်တင်သော သူတို့ ၌ ကား ၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း ၏ အမွှေးအကြိုင်ဖြစ်ကြ ၏ ။ သို့ဖြစ် ၍ ဤအမှုအရာ တို့နှင့် အဘယ်သူထိုက်တန်သနည်း ။ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ ၍ ဘုရားသခင် ၏ အလိုတော်နှင့် အညီ ၊ ဘုရားသခင်ရှေ့တော် ၌ ခရစ်တော် ၏ တရားကို ဟောပြောကြ ၏ ။ ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြ သလော ။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါးပေးစေခြင်းငှါ ၎ င်း ၊ သင်တို့သည်သူတပါးထံသို့ ပေးစေခြင်းငှါ ၎ င်း ၊ ငါတို့သည်အချို့သောသူကဲ့သို့ အလိုရှိကြသလော ။ သင်တို့သည် ငါတို့စိတ်နှလုံးပေါ် ၌ ရေးထားသောစာ ၊ လူအပေါင်းတို့သိ ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့သည် မှင်နှင့် ရေးထားသော စာမဟုတ် ။ အသက်ရှင်တော်မူသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့်ရေး ၍ ၎ င်း ၊ ကျောက်ပြားပေါ် ၌ မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ် ၌ ရေး ၍ ၎ င်း ၊ ငါတို့ပြုစုသော ခရစ်တော် ၏ စာ ထင်ရှားစွာဖြစ်ကြ ၏ ။ ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော် ၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ ၏ ။ သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု ၍ ၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ် ။ ဘုရားသခင်ကိုအမှီပြု ၍ သာ တတ်နိုင်သည်နှင့်အညီ ၊ ပဋိညာဉ်တရားသစ် ၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ ၏ ။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို ၊ ဝိညာဉ်တော်တရားကိုဆိုလို ၏ ။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ် ၏ ။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ် ၏ ။ ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ ၏ မျက်နှာမှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလအမျိုးသားတို့သည် သူ ၏ မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင် ၊ ကျောက်ပြားပေါ် ၌ အက္ခရာတင် ၍ ရေးထားသောသေခြင်း ၏ တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင် ၊ ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော ။ အပြစ်စီရင်တတ်သောတရားသည် ဘုန်းအာနုဘော်ရှိလျှင် ၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရား သည် ဘုန်းအာနုဘော်နှင့် သာ ၍ ကြွယ်ဝပြည့်စုံလိမ့်မည် ။ နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့် ၊ ဘုန်းရှိဘူးသော အရာသည် ဘုန်းကွယ်လျက် ရှိ ၏ ။ ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင် ၊ တည်နေသောအရာသည်သာ ၍ ဘုန်းရှိလိမ့်မည် ။ ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ် ၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ ။ အတည်အလင်း ဟောပြောကြ ၏ ။ ပယ်ရှင်းသောအရာ ၏ အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ ။ သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ ၍ ၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ ၏ ။ အကြောင်းမူကား ၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ ၏ ။ ယခုတိုင်အောင်လည်း ၊ မောရှ ၏ ကျမ်းစာကို ဘတ်ကြသောအခါ ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး ၏ ။ သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်း လိမ့်မည် ။ သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း ။ သခင်ဘုရား ၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ် ၏ ။ ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့ ၊ သခင်ဘုရား ၏ ဘုန်းအသရေတော်ကို ကြည့်မြင် ၍ ၊ ဝိညာဉ်တော်တရား ၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး ၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ ၏ ။ ထိုကြောင့်ငါတို့သည် ထိုသို့သောတရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍ ၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ ၏ ။ ဆိတ်ကွယ်ရာအရပ် ၌ ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ ၏ ။ ပရိယာယ်ကိုမသုံး ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ ။ သမ္မာတရားကိုအတည့်အလင်း ဘော်ပြ ၍ ၊ ဘုရား သခင့်ရှေ့တော် ၌ လူအပေါင်းတို့ ၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ ၏ ။ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင် ၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာဖုံးအုပ်လျက်ရှိ ၏ ။ ထိုသို့မယုံကြည်သောသူတိုကား ၊ ဘုရားသခင် ၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော် ၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား ၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ ၊ ဤလောကကို အစိုးရသော ဘုရားသည်သူတို့ ၏ ဥာဏ်မျက်စိကို ကွယ်စေ ၏ ။ ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ် ။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို ၎ င်း ၊ ငါတို့သည်ယေရှုအတွက် သင်တို့ ၏ ကျွန်ဖြစ်ကြောင်းကို ၎ င်း ဟောပြောကြ ၏ ။ မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည် ၊ ယေရှုခရစ် ၏ မျက်နှာ ၌ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်းတော်ကိုသိသော ဥာဏ် ၏ အရောင်ကိုပေးလိုသောငှါ ၊ ငါတို့စိတ်နှလုံးထဲ ၌ အလင်းကို ထွန်းလင်းစေတော်မူ ၏ ။ သို့သော်လည်း တန်ခိုးတော် ၏ ဂုဏ်သရေသည် ငါတို့နှင့်မဆိုင် ၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း ၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့ ၌ ရှိ ၏ ။ ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း ၊ အကျိုးနည်းခြင်းသို့မရောက် ။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက် ။ ညှင်းဆဲခြင်းကိုခံရသော်လည်းဆုံးရှုံးခြင်းမရှိ ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက် ။ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ ၌ ထင်ရှားစေခြင်းငှါ ။ ယေရှု ၏ သေတော်မူခြင်းကိုအစဉ်မပြတ်ငါတို့ ၏ ကိုယ်ခန္ဓာ ၌ ဆောင်ရကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ယေရှုသည်အသက်ရှင်တော်မူကြောင်းကို ၊ ငါတို့ ၏ သေတတ်သော ခန္ဓာကိုယ် ၌ ထင်ရှားစေခြင်းငှါ ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့ အစဉ်အပ်နှံခြင်း ကို ခံရကြ ၏ ။ သို့ဖြစ် ၍ သေခြင်းတရားသည် ငါတို့ ၌ ပြုပြင်တတ် ၏ ။ သင်တို့ ၌ ကား ၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ် ၏ ။ ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ် ၍ ၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို ၏ ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြောကြ ၏ ။ သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့်ငါတို့ကိုလည်း ထမြောက်စေ ၍ ၊ သင်တို့နှင့်အတူအထံတော် ၌ သွင်းတော်မူမည်ဟု ငါတို့သိကြ ၏ ။ အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့် ၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင် ၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း ။ ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ ၏ ။ ငါတို့ ၏ ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း ၊ အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ ၏ ။ အကြောင်းမူကား ၊ မျက်မှောက် ၌ ထင်ရှားသော အရာတို့သည် ခဏသာတည် ၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက် ၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ ၊ ယခုခဏ ခံရ ၍ ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ် ၏ ။ ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင် ၊ ကောင်းကင်ဘုံ ၌ လူလက်ဖြင့်မလုပ်ဘဲ ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ ၏ ။ ငါတို့သည် မြေအိမ် ၌ ရှိစဉ်တွင် ၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ် ရှိ ၍ ၊ ညည်းတွားမြည်တမ်းလျက် ၊ နေကြ ၏ ။ ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ် ။ ဤတဲ ၌ နေသော ငါတို့သည် လေးသောဝန်ကို ထမ်း ၍ ညည်းတွားမြည်တမ်းကြ ၏ ။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ် ။ သေတတ်သောအရာကို အသက်ရှင်ခြင်း ၌ ဆုံးရှုံးစေခြင်းငှါ ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ ၏ ။ ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား ၊ ဘုရားသခင်ပေတည်း ။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ ။ ထို့ကြောင့်ငါတို့သည် ကိုယ်ခန္ဓာ ၌ နေမြဲနေစဉ်ကာလ ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ် ၌ နေသည်ကို ငါတို့သည်သိလျက် ၊ အစဉ် ရဲရင့်သောစိတ်ရှိကြ ၏ ။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း ၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ် ၍ ၊ ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား ၍ ၊ သခင်ဘုရားထံတော် ၌ နေမြဲနေခြင်းငှါ အလိုရှိလျက် ၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ ၏ ။ ထို့ကြောင့်ငါတို့သည် နေမြဲအရပ် ၌ နေသည် ဖြစ်စေ ၊ ကွာဝေးရာအရပ် ၌ နေသည်ဖြစ်စေ ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ ၍ ကြိုးစားအားထုတ်ကြ ၏ ။ အကြောင်းမူကား ၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ ၌ ကျင့်သောအကျင့် ၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ ၊ ခရစ်တော် ၏ တရားပလ္လင်ရှေ့ ၌ ပေါ်လာရကြမည် ။ သို့ဖြစ် ၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင် ၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ် ၍ ၊ ဘုရားသခင်ရှေ့တော် ၌ ထင်ရှားကြ ၏ ။ သင်တို့ ၏ စိတ်ရှေ့ ၌ လည်းထင်ရှားကြသည်ဟု ငါထင်မှတ် ၏ ။ ငါတို့သည်သင်တို့ရှေ့ ၌ တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြသည်မဟုတ် ။ စိတ်သဘောကိုမထောက် ၊ အသွေးအဆင်းကိုထောက် ၍ ဝါကြွားသောသူတို့ ၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း ၊ ငါတို့ ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာ ပေးကြ ၏ ။ ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ ၏ ။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင် ၊ လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ ၍ ၎ င်း ၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက် ၍ မရှင် ၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့ ၏ အလိုသို့လိုက် ၍ ရှင်စေ မည်အကြောင်း ၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ ၍ ၎ င်း ၊ ငါတို့သည်သဘောထားလျက် ၊ ခရစ်တော် ၏ ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင် ၏ ။ သို့ဖြစ်လျှင် ၊ ယခုမှစ ၍ ငါတို့သည် ဇာတိအမျိုကိုထောက် ၍ အဘယ်သူကိုမျှမသိမမှတ် ။ ဇာတိအမျိုးကိုထောက် ၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း ၊ ယခုမှစ ၍ ထိုသို့သောသိမှတ်ခြင်းမရှိ ။ လူမည်သည်ကား ၊ ခရစ်တော် ၌ ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ် ၏ ။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ ။ ထိုသို့ဖြစ်သော် ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ ၏ ။ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့ ၏ ရန်ကိုငြိမ်းစေ ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ ၏ ။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့ ၌ အပ်ပေးတော်မူ ၏ ။ ထိုတရားဟူမူကား ၊ ဘုရားသခင်သည် ခရစ်တော်အထဲ ၌ ရှိနေလျက် ၊ လောကီသားတို့ ၏ အပြစ်များ ကို မှတ်တော်မမူ ၊ ရန်ကိုငြိမ်းစေ ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ ၏ ။ ထိုမိဿဟာယတရားကိုလည်း ငါတို့ ၌ အပ်ပေးတော်မူ ၏ ။ ထို့ကြောင့်ငါတို့သည်ခရစ်တော် ၏ သံတမန်ဖြစ်ကြ ၏ ။ သင်တို့သည်ရန်ငြိမ်း ၍ ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့ ၊ ငါတို့သည် ခရစ်တော် ၏ ကိုယ်စားဖြစ် ၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ ၏ ။ အကြောင်းမူကား ၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော် ၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း ။ သင်တို့သည် ဘုရားသခင် ၏ ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ် ၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ ၏ ။ ဗျာဒိတ်တော် အချက်ဟူမူကား ၊ နှစ်သက်ဖွယ်သောအချိန် ၌ သင် ၏ စကားကို ငါနားထောင်ပြီး ။ ကယ်တင်ရာနေ့ရက်ကာလ ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ ၏ ။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ ၏ ။ တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ ၊ ထိမိ ၍ လဲစရာအကြောင်း တစုံတခုကိုမျှမပြု ။ ညှင်းဆဲခံခြင်း ၊ ဆင်းရဲခြင်း ၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း ၊ အရိုက်အပုဒ်ခံခြင်း ၊ ထောင်ထဲ ၌ နေခြင်း ၊ သူတပါးရုန်းရင်းခတ်ပြုခြင်း ၊ အမှုကိုလုပ်ဆောင်ခြင်း ၊ မအိပ်ဘဲစောင့်နေခြင်း ၊ မွတ်သိပ်ခြင်းကို အလွန်သည်းခံလျက် ၊ စိတ်နှလုံးစင်ကြယ်ခြင်း ၊ ပညာရှိခြင်း ၊ စိတ်ရှည်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံခြင်း ၊ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း ၊ သမ္မာတရားကိုဟောခြင်း ဘုရားသခင် ၏ တန်ခိုးတော်ကိုပြခြင်း ၊ ဖြောင့်မတ်သောအကျင့်တည်း ဟူသော လက်နက်များကို လက်ျာဘက် လက်ဝဲဘက် ၌ ဝတ်ဆောင်ခြင်းအားဖြင့် ၎ င်း ၊ အသရေထင်ရှားခြင်းနှင့်ရှုတ်ချခြင်း ၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံသဖြင့် ၎ င်း ၊ လှည့်စားသောသူ ကဲ့သို့ဖြစ်သော်လည်း ၊ ဟုတ်မှန်သောသူ ၊ အဘယ်သူမျှမသိသော သူကဲ့သို့ဖြစ်သော်လည်း ကျော်စောသောသူ ၊ အသေခံသောသူကဲ့သို့ ဖြစ်သော် လည်း ၊ အသက်ရှင်သောသူ ၊ ဆုံးမခြင်းကိုခံသောသူကဲ့သို့ ဖြစ်သော်လည်း ၊ အသေသတ်ခြင်းနှင့်ကင်း လွတ်သောသူ ၊ ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း ၊ အစဉ် ဝမ်းမြောက်သောသူ ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော် လည်း ၊ လူအများကိုရတတ်စေသောသူ ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ဖြစ်သော်လည်း ၊ အလုံးစုံသော သူတို့ကိုပိုင်သောသူဖြစ်သဖြင့် ၎ င်း ၊ ဘုရားသခင်ခန့်ထားတော်မူသော စမ္မဆရာမှန်ကြောင်းကို အရာရာ ၌ ထင်ရှားစွာပြ ၏ ။ အချင်းကောရိနသုလူတို့ ၊ ငါတို့နှုတ်သည် သင်တို့အာ ဖွင့်လျက်ရှိ ၏ ။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း ၏ ။ ငါတို့ ၌ သင်တို့သည် ကျဉ်းမြောင်းသည် မဟုတ် ။ ကိုယ်မေတ္တာ ကရုဏာ ၌ သာ ကျဉ်းမြောင်းကြ ၏ ။ ငါတို့ကျေးဇူးကိုဆပ်ခြင်းအလို့ငှါ ကျယ်ဝန်းသောစိတ် ရှိကြလော့ ။ ထိုသို့ဆိုသော် ကိုယ်သားတို့ကို ဆိုသကဲ့သို့ ငါဆို ၏ ။ မယုံကြည်သောသူတို့နှင့်တွဲဖက် ၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့် ။ တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း ။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း ။ ခရစ်တော်သည်ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း ။ ယုံကြည်သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း ။ ဘုရားသခင် ၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း ။ ဘုရားသခင်မိန့်တော်မူ သည်ကား ၊ သူတို့တွင်ငါကျိန်းဝပ်မည် ။ သူတို့တွင်လှည့်လည် ၍ သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။ သူတို့သည်လည်း ငါ ၏ လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင် ၏ ဗိမာန်တော်ဖြစ်ကြ ၏ ။ ထိုကြောင့် ၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား ၊ သင်တို့သည်ထိုသူတို့အထဲမှထွက် ၍ အသီးအခြား နေကြလော့ ။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့် ။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည် ။ သင်တို့ ၏ အဘဖြစ်မည် ။ သင်တို့သည်လည်း ငါ ၏ သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုကြောင့်ချစ်သူတို့ ၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ် ၍ ၊ ကိုယ်ခန္ဓာ ၏ အညစ်အကြေး ၊ စိတ်ဝိညာဉ် ၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက် ၊ ဘုရားသခင်ကို ကြောက်ရွံ့ ၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့ ။ ငါတို့ကိုလက်ခံကြလော့ ။ ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား ။ အဘယသူကိုမျှမယိုယွင်းစေ ၊ အဘယ်သူ ၏ ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ ။ သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါဆိုသည်မဟုတ် ။ သင်တို့နှင့် အတူအသက်ရှင်ခြင်းငှါ ၎ င်း ၊ သေခြင်းငှါ ၎ င်း ၊ အလိုရှိသည်တိုင်အောင် ၊ ငါတို့သည် သင်တို့ကိုချစ်ကြ ၏ ဟု အထက်ကငါပြောခဲ့ပြီ ။ သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ ၏ ။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်းရှိရ ၏ ။ သက်သာခြင်းနှင့် ပြည့်စုံ ၏ ။ ညှင်းဆဲခြင်းကို ခံလေရာရာ ၌ အတိုင်းထက် အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။ ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ ၊ အရာရာ ၌ ညှဉ်းဆဲခြင်းကို ခံကြရ ၏ ။ ပြင် ၌ ကား တိုက်လှန်ခြင်းရှိ ၏ ။ အတွင်း ၌ ကားစိုးရိမ်ခြင်းရှိ ၏ ။ သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည် ၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ ၏ ။ တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည်မဟုတ် ။ တိတုသည် သင်တို့ဆီမှရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့ ၏ တောင့်တခြင်း ၊ ညည်းတွားခြင်း ၊ ငါ ၏ အကျိုးအလို့ငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါတို့အား ကြားပြော ၏ ။ ထိုကြောင့် ငါသည်သာ ၍ ဝမ်မြောက်ခြင်းရှိ ၏ ။ အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့် ၊ ငါသည်ယခင်အခါ ၌ နောင်တရှိသော်လည်း ယခုအခါ ၌ မရှိ ။ အကြောင်းမူကား ၊ ထိုစာသည်သင်တို့ကို ခဏသာဝမ်းနည်းစေသည် ကို ငါမြင် ၏ ။ သင်တို့ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ် ။ ဝမ်နည်းစေ ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏ ။ ငါတို့အားဖြင့် သင်တို့ ၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင် ၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော ၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ် ၏ ။ လောကီ ဝမ်းနည်းခြင်းမူကား ၊ သေခြင်းကိုပြုပြင်တတ် ၏ ။ ဘုရားသခင် ၏ အလိုတော်နှင့်ညီသော သင်တို့ ၏ ဝမ်းနည်းခြင်းသည် သင်တို့ ၌ အဘယ်သို့သော သတိပြုခြင်း ၊ ကိုယ်အပြစ်ကိုဖြေခြင်း ၊ အမျက်ထွက်ခြင်း ၊ ကြောက်ရွံ့ခြင်း ၊ အလွန်တောင့်တခြင်း ၊ ငါ ၏ အကျိုး အလို့ငှါ စိတ်အားကြီးခြင်း ၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော ။ သင်တို့သည် ဤအမှု ၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ ။ ထိုသို့နှင့်အညီ ၊ ငါသည်သင်တို့အား ရေး ၍ ပေးလိုက်သောအခါ ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက် ၍ ရေးသည်မဟုတ် ။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော် ၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း ။ ထိုကြောင့်သင်တို့ ၏ သက်သာခြင်း အကြောင်း အားဖြင့် ၊ ငါတို့သည်လည်း သက်သာခြင်း သို့ရောက်သည် သာမက ၊ တိတု ၏ ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ ၍ အလွန်ဝမ်းမြောက်ကြ ၏ ။ သင်တို့ရှိသမျှသည် ထိုသူ ၏ စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ် ၍ ၊ အထက်ကငါသည် သင်တို့ကိုအကြောင်းပြု ၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင် ၊ ယခု ရှက်ကြောက်ခြင်းမရှိ ။ ငါတို့သည် အရာရာ ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ ၊ တိတုရှေ့ ၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား ၏ ။ သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူတို့ လက်ခံ ၍ နားထောင် ကြသည်ကို သူသည် အောက်မေ့သဖြင့် ၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ ၏ ။ ငါသည်အရာရာ ၌ သင်တို့ကို ယုံနိုင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ ၏ ။ ညီအစ်ကိုတို့ ၊ ဘုရားသခင်သည် မာကေဒေါနိပြည် ၌ ရှိသော အသင်းတော်များတို့အားပြုတော်မူသော ကျေးဇူတော်အကြောင်းကို ငါတို့သည်သင်တို့အား ကြားပြောကြ ၏ ။ ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက်ခြင်းနှင့် ၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည် ၊ သူတို့ ၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ ၍ ကြွယ်ဝပြည့်စုံ ၏ ။ အကြောင်းမူကား ၊ သူတို့သည်တတ်နိုင်သမျှ ထက်မက ၊ အလိုအလျှောက်စွန့်ကြဲချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ ၏ ။ သူတို့အလှူဒါနကို ငါတို့သည်ယူ ၍ သူတို့နှင့် ကူညီလျက် ၊ သန့်ရှငိးသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန် ကြ ၏ ။ ထိုသို့ပြုကြသော် ၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု ၍ ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ရှေးဦးစွာသခင်ဘုရား ၌ ၎ င်း ၊ ငါတို့ ၌ ၎ င်း ၊ မိမိတို့ကိုမိမိတို့ လှူကြ ၏ ။ ထိုကြောင့် တိတုသည်သင်တို့ ၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း ၊ ငါတို့သည်သူ့ကိုတောင်းပန်ကြ ၏ ။ ထိုသို့နှင့်အညီသင်တို့သည် ယုံကြည်ခြင်း ၊ တရာဟောခြင်း ၊ ဥာဏ်ရှိခြင်း ၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း ၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ် ၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း ။ ထိုသို့ဆိုသော် ၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ် ။ အခြားသောသူတို့ ၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု ၍ ၊ သင်တို့ ၏ မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့်ဆိုသတည်း ။ အကြောင်းမူကား ၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ ၏ ။ ဤအမှု ၌ ငါသည် ကိုယ်သဘောကိုပြ ၏ ။ မနှစ်ကပင်အဦးပြုသည်သာမက ၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ ၍ ကောင်းလိမ့်မည် ။ သို့ဖြစ် ၍ ၊ အထက်ကစေတနာရှိသည်နှင့်အညီ ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု ၍ ဤအမှုကို ပြီးစီးစေကြလော့ ။ အကြောင်းမူကား ၊ စေတနာစိတ်သည် အသင့်ရှိလျှင် ၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ ၊ တတ်နိုင်သောအမှုကိုထောက် ၍ နှစ်သက်တော်မူဘွယ်ဖြစ် ၏ ။ ဤအမူရာ ၌ အခြားသောသူတို့သည် ချမ်းသာရ ၍ သင်တို့သည်ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည် မဟုတ် ။ များများရသောသူမပို ။ နည်းနည်းရသော သူမလိုဟူသောကျမ်း စကားနှင့်အညီ ၊ မျှခြင်းတရားကိုထောက် ၍ ၊ ယခု ၌ သင်တို့ ၏ စည်းစိမ်သည် သူတို့ ၏ ဆင်းရဲကို မစသဖြင့် ၎ င်း ၊ နောင် ၌ သူတို့ ၏ စည်းစိမ်သည် သင်တို့ ၏ ဆင်းရဲကို မစသဖြင့် ၎ င်း ၊ အညီအမျှဖြစ်စေခြင်းငှါ ငါအကြံရှိ ၏ ။ ထိုသို့သင်တို့ ၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော်ကြီးလှပေ ၏ ။ ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက ၊ အလွန်စေတနာစိတ် အားကြီး ၍ သင်တို့ဆီသို့ အလိုအလျောက်သွား ၏ ။ ဧဝံဂေလိတရားကိုဟောပြော ၍ အသင်းတော်အပေါင်းတို့ ၌ ချီးမွမ်းခြင်းကိုခံရသောညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ ၏ ။ ထိုညီမူကား ၊ သခင်ဘုရား ၏ ဂုဏ်အသရေတော်ကို ၎ င်း ၊ ကိုယ်စေတနာစိတ်ကို ၎ င်း ၊ ငါတို့သည် ထင်ရှားစေ ၍ ၊ အသင်းတော်များ ၏ အလှူကျေးဇူးကို ပြုစုသည့်အမှုမှာ ငါတို့နှင့်အတူသွားစေခြင်းငှါ ၊ အသင်းတော်တို့သည် ရွေးကောက် ၍ ခန့်ထားသောသူ ဖြစ်သတည်း ။ ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှါ သတိပြုကြ ၏ ။ သခင်ရှေ့တော် ၌ သာမက ၊ လူတို့ရှေ့ ၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကိုကြံစည်ကြ ၏ ။ ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ ၏ ။ ထိုညီမူကား ၊ ငါတို့သည်အရာရာ ၌ အဖန်ဖန်စုံစမ်း ၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ် ၏ ။ ယခု ၌ သင်တို့ကိုအလွန်ယုံသောကြောင့် သာ ၍ လုံ့လပြု ၏ ။ တိတုသည်အဘယ်သို့သောသူနည်းဟု တစုံတယောက်မေးလျှင်ငါ ၏ အပေါင်းအဘော်ဖြစ် ၏ ။ သင်တို့ အမှုကိုငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ် ၏ ။ အခြားသော ညီအစ်ကိုတို့မူကား ၊ အဘယ်သို့သောသူ နည်းဟုမေးလျှင် ၊ အသင်းတော်များ ၏ တမန်ဖြစ်ကြ ၏ ။ ခရစ်တော် ၏ ဘုန်းအသရေလည်း ဖြစ်ကြ ၏ ။ ထိုကြောင့် ၊ သင်တို့ ၏ ချစ်ခြင်းမေတ္တာကို ၎ င်း ၊ ငါတို့သည်သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကို ၎ င်း ၊ အသင်းတော်များမျက်မှောက် ၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့ ။ သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင် ၏ အမူအရာများကို သင်တို့အား ငါရေး ၍ ကြားလိုက်သော် အကျိုးမရှိ ။ အကြောင်းမူကား ၊ သင်တို့ ၏ စေတနာစိတ်ကိုငါသိ ၏ ။ သင်တို့ ၌ ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား ၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ် ၏ ။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ ။ သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု ၌ အချည်းနှီး မဖြစ်စေဘဲ ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့် ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ် ၏ ။ သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူ လာ ၍ သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင် ၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည် ။ ထိုကြောင့် အထက်က ကြားပြောသော သင်တို့ ၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ် ။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ ၏ ။ အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည် ။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့ ။ လူတိုင်း ကိုယ်အလိုအလျှောက်လှူရ ၏ ။ နှမြောသောစိတ်နှင့် မလှူရ ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ ၊ အကြောင်းမူကား ၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ ၏ ။ ကျမ်းစာလာသည်ကား ၊ သူသည်စွန့်ကြဲပြီ ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ ။ သူ ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ် ၏ ဟုလာသည်နှင့်အညီ ၊ သင်တို့သည်အရာရာ ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ ၍ ၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း ၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ ၏ ။ မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို ၎ င်း ၊ အစာအဟာရကို ၎ င်း ၊ ပေးတော်မူသောသူသည် ၊ သင်တို့အား မျိုးစေ့ကို ပေး ၍ ပွါးများစေတော်မူမည် ။ သင်တို့ ၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည် ။ ထိုသို့သင်တိုသည် စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ ၌ ကြွယ်ဝခြင်း ရှိသည်ဖြစ် ၍ ၊ ငါတို့အားဖြင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းရှိလိမ့်မည် ။ အဘယ်သို့နည်းဟူမူကား ၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့ ၏ ဆင်းရဲခြင်းကို မစသည် သာမက ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ ၏ ။ သင်တို့သည်ခရစ်တော် ၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအလိုကို ၎ င်း ၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန်ကြဲပေးကမ်းခြင်းအရာကို ၎ င်း ၊ သူတို့သည် အောက်မေ့သောအခါ ၊ ဤလုပ်ကျွေးခြင်းအမှု ၏ လက္ခဏာ သက်သေကိုထောက် ၍ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ ၏ ။ သင်တို့ ၌ ထူးမြတ်သောဘုရားသခင် ၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင် ၊ သင်တို့အဘို့ အလိုငှါဆုတောင်း ၍ ၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ ၏ ။ ပြော ၍ မကုန်နိုင်သော ဘုရားသခင် ၏ ဆုကျေးဇူးတော်ကို အောက်မေ့ ၍ ချီးမွမ်းခြင်းရှိစေသတည်း ။ သင်တို့ ၏ မျက်မှောက် ၌ နှိမ့်ချခြင်း ၊ မျက်ကွယ် ၌ သင်တို့ အမှုကိုစီရင် ၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည် ၊ ခရစ်တော် ၏ နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ ၍ သင်တို့ကိုတောင်းပန်ပါ ၏ ။ ငါတို့သည်ဇာတိပကတိအလိုသို့လိုက် ၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား ၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့သည် လူဇာတိ ၌ ကျင်လည်သော်လည်း ၊ ဇာတိပကတိအလိုသို့ လိုက် ၍ စစ်တိုက်ကြသည်မဟုတ် ။ ငါတို့စစ်တိုက် ၍ သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ် ။ ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ် ၏ ။ ထိုလက်နက်အားဖြင့် လူတို့ ၏ အကြံအစည်တို့ကို ၎ င်း ၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို ၎ င်း ၊ နှိမ့်ချမှောက်လှန် ၍ ၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက် ၊ ခရစ်တော် ၏ စကားကို နားထောင်စေကြ ၏ ။ သင်တို့ ၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ ၏ ။ မျက်နှာကိုသာ ကြည့်မှတ်ကြသလော့ ။ အကြင်သူက ၊ ငါသည်ခရစ်တော် ၏ လူဖြစ်သည်ဟု မိမိ ၌ စွဲလမ်း ခြင်းရှိ ၏ ၊ ထိုသူသည် ခရစ်တော် ၏ လူဖြစ်သကဲ့သို့ ၊ ငါတို့ သည်လည်း ခရစ်တော် ၏ လူဖြစ်ကြောင်းကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ ။ သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ် ။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့ ၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ ၍ ဝါကြွားသော်လည်း ၊ ရှက်ကြောက်စရာအကြောင်းမရှိ ၊ ငါရေး ၍ ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို ။ အကြောင်းမူကား ၊ ထိုသူ ၏ စာသည် လေးလံသောစာ ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ် ၏ ။ ကိုယ်တိုင် ရှိလျှင်မူကား ၊ သတ္တိမရှိသောသူ ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ ၏ ။ ငါတို့သည်ကိုယ်တိုင်မရှိ ၍ စာ ၌ ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့ ၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ ။ ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို ၎ င်း ၊ ပြိုင်နှိုင်းခြင်းကို ၎ င်း ၊ ငါတို့မပြုဝံ့ ။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း ၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု ၍ ပညာမဲ့ဖြစ်ကြ ၏ ။ ထိုမှတပါး ၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး ၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့ ၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ ၏ အတိုင်းအရှည် အတွင်းတွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့ ၏ ။ ထိုအတိုင်းအရှည်သည် သင်သို့တိုင်အောင်ပင်မှီ သတည်း ။ သင်တို့တိုင်အောင်မမှီလျှင် ၊ ငါတို့သည် လွန်ကျူး ၍ ပြုကြသည်မဟုတ် ။ အကြောင်းမူကား ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကိုဟောပြော ၍ ၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ ။ ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး ၍ ၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ် ။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ ၊ သင် တို့ ပြည်တဘက်သို့ကူး ၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ ၊ ငါတို့ ၏ အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ ၏ ။ သို့ဖြစ် ၍ ဝါကြွားသောသူမည်သည်ကား ၊ သခင်ဘုရား ၌ သာ ဝါကြွားစေ ။ အကြောင်းမူကား ၊ ကိုယ်ကို ကိုယ်ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ် ။ သခင် ဘုရားချီးမွမ်းတော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း ။ ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ ၏ ။ ခဏသည်းခံကြပါလော့ ။ အကြောင်းမူကား ၊ ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ ၏ ။ မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့ ၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း ၍ ၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ ၏ ။ သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော် ၎ င်း ၊ သင်တို့သည်မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော် ၎ င်း ၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကိုနားထောင်သော် ၎ င်း ၊ ထိုသူကို သည်းခံကောင်း ၏ ။ ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ ၏ ။ စကားအားဖြင့်လူရိုင်းဟုတ်သော်လည်း ၊ ပညာအားဖြင့် လူရိုင်းမဟုတ် ။ သင်တို့တွင် အရာရာ ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ ။ သင်တို့ကိုချီးမြှောက်ခြင်းငှါ ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက် ၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ ၊ သင်တို့အား ဘုရား သခင် ၏ ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော ။ သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း ၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ ၍ ၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား ။ သင်တို့နှင့်အတူရှိနေ ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက် ။ အကြောင်းမူကား ၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ ၏ ။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ ။ နောင် ၌ လည်း သတိနှင့်နေဦးမည် ။ ခရစ်တော် ၏ သစ္စာတရားသည် ငါ ၌ ရှိသည် ဖြစ် ၍ ၊ အခါယပြည်များတို့ ၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ ။ အဘယ်ကြောင့်နည်း ၊ သင်တို့ကိုငါမချစ်သလော ။ ဘုရားသခင် သိတော်မူ ၏ ။ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ ၎ င်း ၊ ဝါကြွားခြင်းအရာ ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ ၎ င်း ၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည် ။ အကြောင်းမူကား ၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ ၏ ။ ခရစ်တော် ၏ တမန်ဖြစ်ယောင်ဆောင် ၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ ၏ ။ ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ် ။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ် ၏ ။ သို့ဖြစ် ၍ သူ ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင် ၊ အဘယ်ဆိုဘွယ်ရှိသနည်း ။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး ၌ အကျိုးအပြစ်ကို ခံရကြ လတံ့ ။ တဖန်ငါဆိုသည်ကား ၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့် ။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ် ၍ သည်းခံကြလော့ ။ ဤသို့ငါပြောသောစကားမှာ သခင်ဘုရား ၏ နည်းတူငါပြောသည်မဟုတ် ။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို ၏ ။ လူများတို့သည် လောကီအခြင်းအရာ ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ ၏ ။ သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့် ၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ ၏ ။ သူတပါးသည်သင်တို့ကို ကျွန်ခံစေခြင်း ၊ ရောင်း ၍ စားခြင်း ၊ ဥစ္စာကိုလုယူခြင်း ၊ ရန်တွေ့ခြင်း ၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ ၏ ။ ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု ၍ ငါပြော ၏ ။ အကြင်အရာကို သူတပါး မှီဝဲ ၍ ရဲရင့် ၏ ။ ထိုအရာကိုငါမှီဝဲ ၍ ရဲရင့်ခြင်းရှိ ၏ ဟု သူရူးကဲ့သို့ငါဆို ၏ ။ သူတို့သည် ဟေဗြဲလူဖြစ်ကြသလော ။ ငါသည်လည်းဖြစ် ၏ ။ သူတို့သည် ဣသရေလလူဖြစ်ကြသလော ။ ငါသည်လည်းဖြစ် ၏ ။ သူတို့သည်အာဗြဲဟံ အမျိုးဖြစ်ကြသလော ။ ငါသည်လည်းဖြစ် ၏ ။ သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာဖြစ်ကြသလော ။ ငါသည် အထူးသဖြင့်ဖြစ် ၏ ဟု သူရူးကဲ့သို့ဆိုရ ၏ ။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ ၊ ရိုက်ပုတ်ခြင်း ၊ ထောင်ထဲ ၌ လှောင်ထားခြင်းကို အထူး သဖြင့် ခံရသောသူ ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ် ၏ ။ ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တခု ယုတ်ငါခံခဲ့ရပြီ ။ သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို ၎ င်း ၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို ၎ င်း ငါခံရပြီ ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ ။ အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီး ။ မြစ်ကို ကူးသောဘေး ၊ ထားပြတိုက်သောဘေး ၊ အမျိုးသားချင်း ပြုသောဘေး ၊ တပါးအမျိုးသားပြုသောဘေး ၊ မြို့ရွာ ၌ ရောက်သောဘေး ၊ တော ၌ ရောက်သောဘေး ၊ ပင်လယ် ဘေး ၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး ၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ ။ ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း ၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း ၊ မွတ်သိပ်ခြင်း ၊ ရေငတ်ခြင်း ၊ အကြိမ်ကြိမ်အစာရှောင်ခြင်း ၊ အချမ်းအအေးခံရခြင်း ၊ အဝတ်အချည်းစည်းရှိခြင်း ၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ ။ ထိုအပမှုမှတပါး ၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု ၍ နေ့တိုင်းအစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ ၏ ။ ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း ။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း ။ ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင် ၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု ၍ ဝါကြွားမည် ။ ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော် ဘုရားသခင်သိတော်မူ ၏ ။ ဒမာသက်မြို့ ၌ အရေတ မင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကို ဘမ်းဆီးခြင်းငှါအလိုရှိ ၍ ၊ ဒမာသက် မြို့ကိုစောင့်စဉ်တွင် ၊ တပည့်တော်တို့သည် ငါ့ကိုတောင်း ၌ ထည့်ပြီးလျှင် ၊ ပြတင်းပေါက်မှထုတ် ၍ မြို့ရိုးပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး ၍ လွတ်ရ ၏ ။ ငါသည်ဝါကြွားခြင်းကိုမပြုသင့်လျှင် ၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည် ။ တဆယ်လေးနှစ်အထက်က ၊ ခရစ်တော် ၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်း ကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ ၏ ။ ထိုအခါသူ ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမသိ ။ ဘုရားသခင်သိတော်မူ ၏ ။ ထိုသူသည်ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ ၍ ၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည့် အကြောင်းကိုငါသိ ၏ ။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ ၊ ဘုရားသခင်သိတော်မူ ၏ ။ ထိုသို့သောသူကို ဝါကြွားမည် ။ နွမ်းရိအားနည်းခြင်းမှ တပါး ကိုယ်ဂုဏ်ကို မဝါကြွား ။ ဝါကြွားခြင်းငှါအလိုရှိလျှင်လည်း ၊ သူရူးဖြစ်သည်မဟုတ် ။ အကြောင်းမူကား ၊ ငါသည်ဟုတ်မှန်စွာ ပြော တတ် ၏ ။ တစုံတယောက်သောသူသည် ငါ့ကိုမြင်သည်ထက် ၊ ငါ့သတင်းကိုကြားသည်ထက် ၊ ငါ့ကို သာ ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ ၏ ။ ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ် ၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ ၊ ငါ့ကို ဒဏ် ခတ်သော စာတန် ၏ တမန်တည်းဟူသော ငါ့ကိုယ် ၌ စူးသောဆူးကို ပေးတော်မူ ၏ ။ ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကိုငါဆုတောင်း ၍ အသနားတော်ခံပြီးလျှင် ၊ ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ ၏ ။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ် ၌ စုံလင်တတ်သည် ဟု မိန့်တော်မူ ၏ ။ ထိုကြောင့် ခရစ်တော် ၏ တန်ခိုးသည် ငါ့အပေါ် ၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ် ၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ ၍ ငါအလိုရှိ ၏ ။ သို့ဖြစ် ၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း ၊ ကဲ့ရဲ့ခြင်း ၊ ဆင်းရဲခြင်း ၊ ညှဉ်းဆဲနှိပ်စက်ခြင်း ၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက် ၏ ။ အကြောင်းမူကား ၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ ၏ ။ ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော ။ ထိုသို့ဖြစ်လျှင် ၊ သင်တို့သည် ငါ့ကိုအနိုင်အထက်ဖြစ်စေကြပြီ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့် ၏ ။ ငါသည် ဘာမျှမဟုတ်သော်လည်း ၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့ ။ အကယ်စင်စစ်သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာအံဘွယ်သောအမှု ၊ ထူးဆန်းသော တန်ခိုးများ အားဖြင့် တမန်တော် ၏ လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ ။ ငါသည်သင်တို့ကို မနှောက်ရှက်သော အရာ တခုကို ထားလျှင် ၊ သင်တို့သည် အခြားသော အသင်း တော်ထက် အဘယ်သို့ယုတ်ညံ့သနည်း ။ ထိုသို့ ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့ ။ ဤတတိယအကြိမ်သင်တို့ဆီသို့သွားခြင်းငှါ ငါသည်အသင့်ရှိ ၏ ။ သင်တို့ကိုနှောင့်ရှက်မည်ဟု အကြံ မရှိ ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ် ။ သင်တို့ကိုသာ ရှာ ၏ ။ သားသမီးတို့သည် မိဘအတွက်ဥစ္စာကို ဆည်းပူး ရသည်မဟုတ် ။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းပူးရ ၏ ။ ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာ စိတ်တိုးပွါးသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်း မေတ္တာစိတ် ဆုတ်ယုတ်သော်လည်း ၊ သင်တို့ စိတ်ဝိညာဉ် ၏ အကျိုး အလိုငှါ ငါသည်ကိုယ်ဥစ္စာကို ၎ င်း ၊ ကိုယ်ကို ၎ င်း ၊ ကုန်စေ ခြင်းငှါ အလွန်စေတနာရှိ ၏ ။ သင်တို့ကိုငါမနှောက်ယှက်သည် မှန်စေတော့ ။ သို့သော်လည်း ၊ လိမ္မာသောသူဖြစ် ၍ ပရိယာယ်အားဖြင့် သင်တို့ကိုဘမ်းစီးပြီဟုဆိုလျှင် ၊ တစုံတယောက်သောသူကို သင်တို့ဆီသို့ စေလွှတ် ၍ ၊ သင်တို့ ၏ ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော ။ တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန် ၍ ၊ သူနှင့်တကွအခြားသော ညီတယောက်ကို စေလွှတ် ၏ ။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့ ၏ ဥစ္စာကိုယူသလော ။ ငါတို့သည် စိတ်သဘောချင်းတူ ၍ ကျင့်ကြသည် မဟုတ်လော ။ တလမ်းတည်း လိုက်ကြသည် မဟုတ်လော ။ တဖန်တုံး ၊ ငါတို့သည်သင်တို့ရှေ့ ၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟုထင်ကြသလော ။ ခရစ်တော်ကိုထောက် ၍ ဘုရားသခင်ရှေ့ ၌ ငါတို့ ပြောကြ ၏ ။ ချစ်သူတို့ ၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ ၏ ။ ငါရောက်လာသောအခါ ၊ သင်တို့သည် ငါ နှစ်သက်သောသူမဖြစ် ၊ ငါသည်လည်း သင်တို့ မနှစ်သက် သောသူ ဖြစ်မည်ဟူ ၍ ၎ င်း ၊ သင်တို့ ၌ ရန်တွေ့ခြင်း ၊ ဂုဏ်ပြိုင်ခြင်း ၊ အမျက်ထွက်ခြင်း ၊ ငြင်းခုံခြင်း ၊ သူ့အသရေကိုရှုတ်ချခြင်း ၊ ချောစားခြင်း ၊ မာနထောင်လွှားခြင်း ၊ အချင်းချင်းအမှုလုပ်ခြင်းဖြစ်မည်ဟူ ၎ င်း ၊ အထက်ကပြစ်မှား ၍ ညစ်ညူးစွာကျင့်ခြင်း ၊ မတရားသောမေထုန် ၌ မှီဝဲခြင်း ၊ ကိလေသာ လွန်ကျူး ခြင်းအမှုတို့ကို ပြုမိ ၍ ၊ ယခုတိုင်အောင် နောင်တမရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့် ၊ သင်တို့ရှေ့ ၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ ၍ ၎ င်း စိုးရိမ်ခြင်းရှိ ၏ ။ ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ် ၍ ၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည် ။ တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ ၍ ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက ၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း ၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့် ၏ ။ သင်တို့တွင်အားနည်းတော်မမူ ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ ၌ ဗျာဒိဏ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့် ၊ ငါရောက် လာသောအခါ မသနားရ ။ အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း ၊ ဘုရားသခင် ၏ တန်ခိုးတော်နှင့် အသက်ရှင်တော်မူ ၏ ။ ငါတို့သည်လည်း ခရစ်တော် ၏ နည်းတူ အားနည်း သော်လည်း ၊ သင်တို့တွင်ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည် ။ သင်တို့သည်ယုံကြည်ခြင်း ၌ တည်သလော ၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့ ။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့ ။ အစစ်မခံနိုင်သော သူမမှန်လျှင် ၊ ယေရှုခရစ်သည် သင်တို့ ၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော ။ ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ ၏ ။ ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ် ။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း ၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း ၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု ၏ ။ ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ ။ သမ္မာတရားဘက် ၌ နေ ၍ သာ တတ်နိုင်ကြ ၏ ။ ငါတို့သည်အားနည်း ၍ သင်တို့သည်အားကြီးသောအခါ ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ ၏ ။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ ၏ ။ ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ် ၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို ၍ ၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက် ၏ ။ ကြွင်းသေးသောစကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သင်တို့ ၌ မင်္ဂလာရှိပါစေသော ။ စုံလင်ခြင်း ၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့ ။ စိတ်တညီတညွတ်တည်း ဖြစ် ၍ ၊ အချင်းချင်းအသင့်အတင့်နေကြလော့ ။ သို့ဖြစ် ၍ မေတ္တာကို ၎ င်း ၊ အသင့်အတင့်နေခြင်း ချမ်းသာကို ၎ င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့ ။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။ သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ သခင်ယေရှုခရစ် ၏ ကျေးဇူးတော် ၎ င်း ၊ ဘုရားသခင် ၏ မေတ္တာတော် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော် ၏ မိဿဟာယတော် ၎ င်း ၊ သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>