<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:59</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:59</urn><passage>ဘုရားသခင်နှင့်အရှင်ယေရှုခရစ် ၏ ကျွန် ငါယာကုပ်သည် ၊ အရပ်ရပ်တို့ ၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ ၏ ။ ငါ့ညီအစ်ကိုတို့ ၊ သင်တို့ ၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက် ၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့ ။ သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း ၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ ။ သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင် ၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ ၊ တောင်းလျှင် ရလိမ့်မည် ။ သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည် ။ တွေးတောခြင်းရှိသော သူသည် ကား ၊ လေခတ် ၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ ၏ ။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ ၊ ပြုလေသမျှတို့ ၌ မတည်ကြည်သောသူဖြစ် ၍ ၊ ထာဝရ ဘုရား ၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင်မမှတ်စေနှင့် ။ အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ ၌ ဝါကြွားဝမ်းမြောက်စေ ။ ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ ၌ ဝါကြွားဝမ်းမြောက်စေ ။ အကြောင်းမူ ကား ၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ ၏ ။ နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက် ၍ အပွင့်လည်း ကြွေတတ် ၏ ။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ် ၏ ။ ထိုနည်းတူ ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့ ၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ရောက်တတ် ၏ ။ စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည် ။ အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား ၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့် ။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ ။ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား ၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ် ၏ ။ တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ ၍ ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ် ၏ ။ ငါချစ်သောညီအစ်ကိုတို့ ၊ အလွဲမယူကြနှင့် ။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့ ၏ အဘထံတော်က သက်ရောက်သည်ဖြစ် ၍ ၊ အထက်အရပ်မှ လာကြ ၏ ။ ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ ၏ ။ နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ ၏ ။ သို့ဖြစ် ၍ ၊ ငါချစ်သော ညီအစ်ကိုတို့ ၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ ။ စကား ပြောခြင်းငှါ ၎ င်း ၊ အမျက်ထွက်ခြင်းငှါ ၎ င်း နှေးကြစေ ။ လူ ၏ ဒေါသအမျက်သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ် ။ ထိုကြောင့် ၊ ခပ်သိမ်းသောညစ်ညူးခြင်း ၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော ၊ အထဲ ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့ ။ ကိုယ်ကိုကိုယ်လှည့်ဖြား ၍ ၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ် ၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့ ။ တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား ၊ မှန် ၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ ၏ ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ ၊ အခြားသို့သွား ၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ် ၏ ။ လွှတ်ခြင်းနှင့် စပ်ဆိုင် ၍ စုံလင်သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား ၊ တရားနာ ၍ မေ့လျော့သောသူမဟုတ် ၊ အကျင့်ကျင့်သောသူဖြစ်သဖြင့် ၊ မိမိကျင့်သောအကျင့် ၌ မင်္ဂလာရှိသောသူဖြစ် ၏ ။ သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း ၊ မိမိနှုတ်ကို မချုပ်တည်း ၊ မိမိနှလုံးကို လှည့်ဖြား ၏ ။ ထိုသူ ၏ သီလသည် အချည်းနှီးသက်သက်ဖြစ် ၏ ။ ခမည်းတော်ဘုရားသခင့်ရှေ့ ၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား ၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း ၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း ။ ငါ့ညီအစ်ကိုတို့ ၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့် ။ ရွှေလက်စွပ်နှင့်တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ ၊ ညစ်သောအဝတ်ကိုဝတ် ၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့ ၏ တရားစရပ်ထဲသို့ ဝင်သောအခါ ၊ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့် ၍ ၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါဟူ ၍ ၎ င်း ၊ ဆင်းရဲသောသူကို ၊ ဟိုမှာနေလော့ ၊ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင်ခုံအောက် ၌ ထိုင်လော့ဟူ ၍ ၎ င်း ၊ သင်တို့သည် ပြောဆိုလျှင် ၊ တဘက် ၌ ငဲ့ကွက်သောစိတ်ရှိ ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ် လော ။ ငါချစ်သောညီအစ်ကိုတို့ ၊ နားထောင်ကြလော့ ။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ ၎ င်း ၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော် ၏ အမွေခံဖြစ်စေခြင်းငှါ ၎ င်း ၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော ။ သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင်ပြုကြသည်တကား ။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည်မဟုတ်လော ။ တရားပလ္လင် ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော ။ သင်တို့ကို သမုတ်သော နာမတော်မြတ်ကို သူတို့သည်ကဲ့ရဲ့ကြသည်မဟုတ်လော ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ ၌ ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင် ၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ ၏ ။ သို့မဟုတ်လူမျက်နှာကိုထောက်လျှင် ၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ ၏ ။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု ၌ မှားမိလျှင် ၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ ၏ ။ သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက ၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူ သေး ၏ ။ သို့ဖြစ် ၍ သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း ၊ သူအသက်ကိုသတ်လျှင် ၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ် ၏ ။ လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတံ့သောသူကဲ့သို့ ၊ စကားပြောခြင်း ၊ အမှုပြုခြင်းကို စီရင်ကြ လော့ ။ ကရုဏာမရှိသောသူသည် ၊ ကရုဏာကိုမရဘဲ ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည် ။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင် ၍ ဝါကြွားတတ် ၏ ။ ငါ့ညီအစ်ကိုတို့ ၊ တစုံတယောက်သောသူက ၊ ငါသည်ယုံကြည်ခြင်းရှိ ၏ ဟုပြောလျက် ၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း ။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော ။ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ ၍ ၊ နေ့တိုင်းစားရသောအစာမရှိသောအခါ ၊ သင်တို့တွင် တစုံတယောက်သောသူက ၊ ငြိမ်ဝပ်စွာသွားကြလော့ ။ နွေးကြလော့ ။ ဝကြလော့ဟု ပြောလျက် ၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း ။ ထိုနည်းတူ ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ် ၏ ။ တနည်းကား ၊ သင်သည်ယုံကြည်ခြင်းရှိ ၏ ။ ငါသည်အကျင့်ရှိ ၏ ။ သို့ဖြစ် ၍ သင်သည်အကျင့်မရှိဘဲ သင် ၏ ယုံကြည်ခြင်းကို ပြလော့ ။ ငါမူကား ၊ အကျင့်အားဖြင့် ငါ ၏ ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ ၏ ။ ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ ၏ ။ ကောင်းပေ ၏ ။ နတ်ဆိုးတို့သည် ယုံ ၍ ကြောက်ရွံ့ တုန်လှုပ်ကြ ၏ ။ လျှပ်ပေါ်သောလူ ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော ။ ငါတို့အဘအာဗြဟံသည် ၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သောအခါ ၊ အကျင့်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော ။ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင် ၍ ၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ ၏ ။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ဟူသော ကျမ်းစကားပြည့်စုံလေ ၏ ။ အာဗြဟံသည်လည်း ၊ ဘုရားသခင် ၏ အဆွေဟူ ၍ ခေါ် ဝေါ်ခြင်းကိုခံရ ၏ ။ လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ် ။ အကျင့်အားဖြင့် ရောက် သည်ကို သင်တို့သိမြင်ရကြ ၏ ။ ထိုနည်းတူ ၊ ပြည်တန်ဆာရာခပ်သည် ၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက် ၍ ၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော ။ ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ် ၏ ။ ငါ့ညီအစ်ကိုတို့ ၊ ငါတို့သည်သာ ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ ၍ အများသောဆရာမဖြစ်ကြနှင့် ။ ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ ၏ ။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား ၊ စုံလင်သောသူဖြစ် ၏ ။ မိမိကိုယ်ကို တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ် ၏ ။ မြင်းကိုနိုင်ခြင်းငှါ ပစပ်ကိုဇက်ခွံ့တတ် ၏ ။ သို့ပြု ၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ် ၏ ။ ထိုမှတပါး ၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသော လေဟုန်နှင့်လွင့်သွားသော်လည်း ၊ တက်မ ကိုင်အလိုရှိသည်အတိုင်း ၊ ငယ်သောတက်မဖြင့် လှည့်တတ် ၏ ။ ထိုနည်းတူ ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ် ၏ ။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သာ မီးသည်ညှိနိုင်သည်ကို ကြည့်ပါလော့ ။ လျှာသည် မီးဖြစ် ၏ ။ ဒုစရိုက် ၏ လောကဓာတ်လည်းဖြစ် ၏ ။ ထိုသို့နှင့်အညီ ၊ လျှာသည်ငါတို့ ၏ အင်္ဂါတို့တွင်တည် ၍ တကိုယ်လုံးကို ညစ်ညူးစေ ၏ ။ ဇာတိစက်ကိုလည်းရှို့တတ် ၏ ။ မိမိသည်လည်း ငရဲမီးရှို့ ခြင်းကိုခံလျက်ရှိ ၏ ။ သားရဲမျိုး ၊ ငှက်မျိုး ၊ တွားတတ်သောတိရစ္ဆာန်မျိုး ၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ ။ လျှာကိုကား ၊ အဘယ်လူမဆိုမအောင်နိုင် ၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ် ၏ ။ သေစေတတ်သော အဆိပ်အတောက်နှင့်ပြည့်စုံ ၏ ။ ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ ၏ ။ ဘုရားသခင် ၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ ၏ ။ နှုတ်တပါးတည်းအထဲက ၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား ၊ ငါ့ညီအစ်ကိုတို့ ၊ ထိုသို့မဖြစ်ကောင်းရာ ။ စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့် ခါးသောရေထွက်တတ်သလော ။ ငါ့ညီအစ်ကိုတို့ ၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော ။ စပျစ်ပင်သည် သင်္ဘော သဖန်းသီးကို သီးနိုင်သလော ။ ထိုအတူ ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင် ။ သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင် ၊ ထိုသူသည် ပညာ ၏ နှုးညံ့သိမ်မွေ့ခြင်းနှင့်တကွ ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ ။ သို့မဟုတ်သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း ၊ ရန်တွေ့ခြင်းမရှိလျှင် ၊ သမ္မာတရားကို မုသာဖြင့် ဆန် ၍ မဝါကြွားကြနှင့် ။ ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ် ။ မြေကြီးပညာ ၊ ဇာတိပကတိပညာ ၊ နတ်ဆိုးပညာဖြစ် ၏ ။ အကြောင်းမူကား ၊ ဂုဏ်ပြိုင်ခြင်း ၊ ရန်တွေ့ခြင်းရှိလျှင် ၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း ၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ် ၏ ။ အထက်မှ သက်ရောက်သောပညာမူကား ၊ ရှေ့ဦးစွာစင်ကြယ် ၏ ။ ထိုမှတပါး ၊ အသင့်အတင့်နေ တတ်ကြ ၏ ။ ဖြည်းညှင်းသောသဘောရှိ ၏ ။ သွေးဆောင်လွယ် ၏ ။ ကရုဏာနှင့် ၎ င်း ၊ ကောင်းကျိုးနှင့် ၎ င်း ပြည့်စုံ ၏ ။ လျစ်လျူသောစိတ်ရှိ ၏ ။ လျှို့ဝှက်ခြင်းနှင့်ကင်းစင် ၏ ။ အသင့်အတင့်နေခြင်းငှါပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား ၏ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ ၏ ။ သင်တို့တွင် စစ်တိုက်ခြင်း ၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း ။ သင်တို့အင်္ဂါ များ ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော ။ သင်တို့သည် တပ်မက် ၍ မရကြ ။ လူအသက်ကို သတ် ၍ ၎ င်း ၊ အလွန်လိုချင်သောလောဘစိတ်ရှိ ၍ ၎ င်း ၊ အလိုမပြည့်စုံနိုင်ကြ ။ ရန်တွေ့ခြင်း ၊ စစ်တိုက်ခြင်းကိုလည်း ပြု ၍ မရကြ ။ အကြောင်းမူကား ၊ ဆုမတောင်းဘဲ နေကြ ၏ ။ ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ ၊ အလွဲတောင်းသောကြောင့်မရကြ ။ မတရားသောမေထုန် ၌ မှီဝဲသော ယောက်ျားမိန်းမတို့ ၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော ။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင် ၏ ရန်သူဖြစ် ၏ ။ ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ ၍ ၎ င်း ၊ ငါတို့ ၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည်ဟူ ၍ ၎ င်း ၊ ထင်ကြသလော ။ ထိုဝိညာဉ်တော်သည် သာ ၍ များသော ကျေးဇူးကိုပြုတော်မူ ၏ ။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား ၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ ၏ ။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ ၏ ဟုလာသတည်း ။ ထိုကြောင့် ၊ ဘုရားသခင် ၏ အလိုတော်သို့ လိုက်ကြလော့ ။ မာရ်နတ်ကို ဆီးတားကြလော့ ။ သို့ပြုလျှင် ၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည် ။ ဘုရားသခင် ၌ ချဉ်းကပ်ကြလော့ ။ သို့ပြုလျှင် ၊ သင်တို့ ၌ ချဉ်းကပ်တော်မူလိမ့်မည် ။ အပြစ်ရှိသောသူတို့ ၊ သင်တို့လက်ကို စင်ကြယ်စေကြလော့ ။ စိတ်နှစ်ခွရှိသာသူတို့ ၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့ ။ ဆင်းရဲငြိုငြင်ခြင်း ၊ စိတ်မသာညည်းတွားခြင်း ၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့ ။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း ၊ ဖြစ်စေကြလော့ ။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့ ။ ဘုရားသခင့်ရှေ့တော် ၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့ ။ သို့ပြုလျှင် ၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည် ။ ညီအစ်ကိုတို့ ၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့် ။ ညီအစ်ကိုချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌ အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့ ၏ ။ တရား ၌ အပြစ်ရှိသည်ဟုစီရင် ၏ ။ ထိုသို့ပြုလျှင် ၊ သင်သည်တရားကို ကျင့်သောသူမဟုတ် ၊ တရားကို စစ်ကြောစီရင်သောသူဖြစ် ၏ ။ ပညတ်တရားကို ထားပိုင်သောသူ ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်းရှိတော်မူ ၏ ။ ထိုသူသည် ကယ်တင်ခြင်းငှါ ၎ င်း ၊ ဖျက်ဆီးခြင်းငှါ ၎ င်း ၊ တတ်နိုင်တော်မူ ၏ ။ သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း ။ ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့ ။ ထိုမြို့ ၌ တနှစ်ပတ်လုံးနေ ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့ ၊ နားထောင်ကြလော့ ။ နက်ဖြန်နေ့ ၌ အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း ။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ် ၏ ။ ထဝရဘုရားသည် အလိုတော်ရှိ ၍ ၊ ငါတို့သည်လည်းအသက်ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့ ၊ ထိုသို့ပြုကြ ကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ် ၏ ။ ယခုသင်တို့သည် မိမိထောင်လွှားခြင်း ၌ ဝါကြွားကြသေး ၏ ။ ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ် ၏ ။ ထိုကြောင့် ၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ ၏ ။ အချင်းသူဌေး ၊ သူကြွယ်တို့ ၊ ယခုလာကြ ၊ သင်တို့အပေါ် ၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ ။ သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ ၏ ။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ ။ ရွှေငွေလည်းအချေးတက် ၍ ပျက်ကုန်ပြီ ။ ထိုအချေးသည် သင်တို့တဘက် ၌ သက်သေဖြစ် ၍ ၊ မီးကဲ့သို့ သင်တို့အသားကိုစားလိမ့်မည် ။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ဘဏ္ဍာကို ဆည်းဖူးကြပြီတကား ၊ နားထောင်ကြ ၊ သင်တို့လယ်ကွက် ၌ ရိတ်သောသူတို့ကို လှည့်စား ၍ ၊ အခမပေးဘဲနေသောကြောင့် ၊ ထိုအခသည် ကြွေးကြော်လေ ၏ ။ ရိတ်သောသူတို့ ၏ အော်ဟစ်ခြင်းအသံသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နားတော်ထဲသို့ဝင်လေပြီ ။ သင်တို့သည်မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား ၍ အလွန်ပျော်မွေ့ကြပြီ ။ သတ်ရသောနေ့ ၌ ကဲ့သို့ ၊ မိမိတို့ နှလုံးကို မွေးမြူကြပြီ ။ ဖြောင့်မတ်သောသူကို အပြစ်စီရင် ၍ ကွပ်မျက်ကြပြီ ။ သူသည်လည်း သင်တို့ကို မဆီးတား ။ ထိုကြောင့် ၊ ညီအစ်ကိုတို့ ၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြ လော့ ။ အကယ် ၍ လယ်လုပ်သော သူသည်အရင်မိုဃ်း ၊ နောက်မိုဃ်းကိုရသည်တိုင်အောင် ၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ ၍ မြော်လင့်တတ် ၏ ။ သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့ ။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့ ။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ ။ ညီအစ်ကိုတို့ ၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ အချင်းချင်းငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့် ။ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ ၏ ။ ငါ့ညီအစ်ကိုတို့ ၊ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း ၊ သည်းခံခြင်း ၏ ပုံသက်သေကို ပြကြပြီဟုမှတ်ကြလော့ ။ သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ ၍ ငါတို့သည် ခေါ်ကြ ၏ ။ ယောဘသည် သည်းခံ ကြောင်းကို သင်တို့ကြားရကြပြီ ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ ။ ငါ့ညီအစ်ကိုတို့ ၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ ၍ ရှောင်ကြလော့ ။ ကောင်းကင်ဘုံကို တိုင်တည် ၍ မကျိန်ကြနှင့် ။ မြေကြီးကိုတိုင်တည် ၍ မကျိန်ကြနှင့် ။ ထိုမှတပါး ၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့် ။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ သင်တို့စကားမှာ ၊ ဟုတ်သည်ကို အဟုတ် ၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့ ။ သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်း ကိုဆိုစေ ။ နာသောသူရှိလျှင် ၊ သင်းအုပ်ကိုခေါ် ၍ သူတို့ သည် သခင်ဘုရား ၏ နာမတော်ကို အမှီပြုလျက် ၊ လူနာကိုဆီနှင့်လူး ၍ သူ့အပေါ်မှာ ဆုတောင်းကြစေ ။ ထိုသို့ပြုလျှင် ၊ ယုံကြည်ခြင်း ၏ ပဌနာသည် လူနာကို ကယ်ဆယ် ၍ ၊ သခင်ဘုရားသည် သူ့ကိုထ မြောက်စေတော်မူမည် ။ သူသည်အပြစ် ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည် ။ အချင်းချင်းတယောက်နှင့်တယောက် ၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့ ။ ချမ်းသာရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့ ။ သူတော်ကောင်းဆုတောင်း ၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ ၏ ။ ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား ၌ ကျင်လည်သောသူဖြစ်သော်လည်း ၊ မိုဃ်းမရွာမည် အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံးမြေပေါ်သို့ မိုဃ်းမရွာဘဲနေ ၏ ။ တဖန်ဆုတောင်းသောအခါ ၊ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ ၏ ။ မြေကြီးသည်လည်း မိမိအသီး ကိုသီးလေ ၏ ။ ညီအစ်ကိုတို့ ၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား ၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား ၊ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည် ၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင် ၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ် သည်ဟု ထိုသူသည် သိမှတ်စေ ။ </passage></reply></GetPassage>